Healthy Life Ad
Life Style

မြန်မာလူမျိုးတို့ အဖြစ်များနေသည့် သွေးတွင်း အဆီများခြင်း

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. လူတစ်ယောက်က သွေးတွင်း အဆီများနေသလားဆိုတာ ဘယ်လိုသိနိုင်မလဲ ဆရာ။

ဖြေ. သွေးတွင်းအဆီများတာကို သိဖို့က သွေးဖောက်စစ်ကြည့်မှ သိနိုင်ပါတယ်။ သွေးဖောက်စစ်တဲ့နေရာမှာ Fasting ကို စစ်မှရပါတယ်။ Fasting ဆိုတာ ည ၁၀ နာရီ နောက်ပိုင်း ဘာမှမစားရပါဘူး။ ဗိုက်ဆာရင် ရေသောက်လို့ရပါတယ်။ အဲဒီလိုနေပြီး မနက် ၆ နာရီ-၇နာရီလောက်မှာ သွေးဖောက်စစ်ပါတယ်။ သွေးဖောက်စစ်လိုက်တဲ့အခါမှာ Fasting Lipid Profile ဆိုတဲ့ရလဒ် ထွက်လာပါတယ်။ အဲဒီထဲမှာ မကောင်းတဲ့ ကိုလက်စထရော LDL ဆိုတာပါတယ်။ ကောင်းတဲ့ ကိုလက်စထရော HDL ဆိုတာပါတယ်၊ Total Cholesterol ဆိုတာပါတယ်၊ TG (Triglyceride) ဆိုတဲ့ ထရိုင်ဂလစ်စရိုက်ဆိုတာလည်းပါတယ်။ ဒီထဲမှာ HDL က ကောင်းတဲ့ ကိုလက်စထရောပါ၊ ကျန်တဲ့သုံးမျိုးကတော့ မကောင်းတဲ့ ကိုလက်စထရောတွေ ဖြစ်ပါတယ်။

မေး. ပုံမှန်ကျန်းမာတယ်ဆိုရင် ဘယ်လောက်ပမာဏတွေ ရှိသင့်ပါသလဲ ဆရာ။

ဖြေ. အကြမ်းအားဖြင့်တော့ ကျန်းမာဖို့အတွက် ကောင်းတဲ့ကိုလက်စထရော HDLက ၅၀ ကျော်နေရပါမယ်။ မကောင်းတဲ့ ကိုလက်စထရောတွေဖြစ်တဲ့ LDL က ၁၀ဝ အောက်ဖြစ်ရပါမယ်၊ TG က ၁၅၀ အောက် ဖြစ်ရပါမယ်၊ Total ကိုလက်စထရောက ၂၀ဝ အောက် ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီလို မဟုတ်ဘဲ မကောင်းတဲ့ အဆီတွေများနေရင် သွေးတွင်းအဆီများတယ်လို့ သတ်မှတ်ပါတယ်။

မေး. မကောင်းတဲ့ အဆီများတာက ကျန်းမာရေး ပြဿနာရှိပါသလား ဆရာ။

ဖြေ. တကယ်တော့ မကောင်းတဲ့ ကိုလက်စထရော များနေတာကိုလည်း ရောဂါလို့ သတ်မှတ်သလို ကောင်းတဲ့ကိုလက်စထရော နည်းနေတာကိုလည်း ရောဂါလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် သွေးတွင်းအဆီဓာတ်ကို ဖောက်စစ်တော့မယ်ဆိုရင်တော့ Fasting Lipid Profile က အကောင်းဆုံးလို့ ပြောချင်ပါတယ်။ Total ကိုလက်စထရော တစ်ခုတည်းကိုပဲစစ်မယ်ဆိုရင် HDL ကျနေလား၊ တက်နေလား၊ LDL, TG ကျနေလား၊ တက်နေလားဆိုတာတွေ မသိနိုင်တော့ပါဘူး။ သွေးတွင်းအဆီကို ဖောက်စစ်ပြီး ခုနက သတ်မှတ်ထားတာတွေထက် နည်းနေတာ၊ များနေတာဆိုရင် သွေးတွင်းအဆီများတဲ့ ရောဂါလို့ သတ်မှတ်ပါတယ်။

မေး. သွေးတွင်း အဆီမများအောင် ဘယ်လို အစားအသောက်တွေကို ရှောင်သင့်ပါသလဲ ဆရာ။

ဖြေ. သွေးတွင်း အဆီဓာတ်မများဖို့အတွက် ရှောင်ရမယ့်အစားအသောက်မှာတော့ အဓိက ဝက်ဆီ၊ အမဲဆီ၊ စားအုန်းဆီကို ရှောင်ရပါမယ်။ တခြားအဆီ အအိမ့်များတဲ့ အစားအစာ (Saturated Fat) တွေကိုလည်း ရှောင်သင့်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ အခန်းအပူချိန်မှာ ခဲသွားတဲ့အဆီကို မကောင်းတဲ့အဆီလို့ သတ်မှတ်ပါတယ်။ ချိစ် (Cheese) တို့၊ ထောပတ်တို့ကိုလည်း လျှော့စားရပါမယ်။

မေး. သွေးတွင်းအဆီများတာက နေထိုင်မှုပုံစံနဲ့ကော ဆက်စပ်မှုရှိပါသလား ဆရာ။

ဖြေ. နေထိုင်မူပုံစံကတော့ ချိုလွန်း၊ ငန်လွန်း၊ စိမ့်လွန်း၊ အဆီများလွန်းတဲ့ အစားအစာတွေကို စားသောက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းနည်းပါးတာတွေကြောင့် သွေးတွင်းအဆီများစေပါတယ်။ သွေးတွင်းအဆီများတာကို ကာကွယ်နိုင်ဖို့ ကျန်းမာစေတဲ့ နေထိုင်မှုပုံစံ (Healthy Lifestyle) နဲ့ ကာကွယ်လို့ ရပါတယ်။

– အပေါ်ကပြောခဲ့တဲ့ အစားအသောက် ဆင်ခြင်တာနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေနဲ့ ကာကွယ်လို့ ရပါတယ်။

– နောက်တစ်ခုကတော့ ထပ်ပြန်ကြော်ဆီတွေကို ရှောင်ပါ။ ထပ်ပြန်ကြော်ဆီဆိုတာ ဥပမာ-အကြော်ကြော်ဖို့ ဆီတွေအများကြီး ထည့်ပြီး ကြော်တယ်။ ပြီးတော့ အဲဒီဆီတွေနဲ့ပဲ ထပ်ခါတလဲလဲကြော်နေရင်းနဲ့ ဓာတ်တွေကထပ်တိုးသွားပြီး မကောင်းတဲ့ဆီတွေ ဖြစ်သွားတာကို ဆိုလိုတာပါ။ အဲဒီ မကောင်းတဲ့ဆီကိုတော့ တတ်နိုင်သမျှရှောင်ပါ။

– နောက်ပြီးတော့ လေ့ကျင့်ခန်းကို တစ်နေ့ နာရီ ဝက်လောက် လုပ်သင့်ပါတယ်။

– ကိုယ်ခန္ဓာကို အဝမလွန်အောင်နဲ့ ခါးမတုတ်အောင် ဂရုစိုက်ပါ။ အစားအသောက် ရှောင်ရုံတစ်ခုနဲ့တင် မလုံလောက်ပါဘူး။ လေ့ကျင့်ခန်း မလုပ်ရင် နှလုံးသွေးကြောကျဉ်းနိုင်ခြေ များပါတယ်။ အသက်ကြီး လာတာနဲ့အမျှ သွေးတွင်းအဆီဓာတ်က များလာလေ့ရှိပါတယ်။ အဲဒီလိုများလာတဲ့အတွက်ကြောင့် သက်ကြီးရွယ်အိုတွေလည်း အဝမလွန်အောင်နဲ့ သွေးတွင်း အဆီအများအောင်ထိန်းသိမ်းကြပါ။ စိတ်ဖိစီးမှုကိုလျှော့ချပြီး သွက်လက်တက်ကြွတဲ့ လူနေမှုဘဝပုံစံနဲ့ နေထိုင်ပါ၊ ရေများများသောက်ပါ၊ ဟင်းသီးဟင်းရွက် များများစားပါ။ နောက်တစ်ခုကတော့ သွက်လက်လှုပ်ရှားတဲ့ လူနေမှုပုံစံဖြစ်အောင်နေထိုင်ပါ။ ပြုံးပြုံးလေးနေပါ။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါလို့ အကြံပြုချင်ပါတယ်။

မေး. သွေးတွင်း အဆီများတာမဖြစ်အောင်နဲ့ အဆီများတာ လျော့ကျအောင် ဆေးသောက်လို့ ရပါသလား ဆရာ။

ဖြေ. အဆီကျဆေးနဲ့ ပိန်ဆေးက မတူပါဘူး။ ပိန်ချင်လို့ဆိုပြီး အဆီကျဆေး သောက်တာက မှားပါတယ်။ အဆီကျဆေးသောက်တဲ့ နေရာမှာလည်း Primary Preventationဆိုတဲ့ ဘာရောဂါမှမရှိခင် ကတည်းက ဆေးကို ကြိုသောက်တဲ့ နည်းအနေနဲ့ ဖြစ်နိုင်ခြေဘာမှမရှိဘဲနဲ့ အဆီကျဆေးကို သောက်မယ်ဆိုရင်တော့ ဆရာတို့က ခွင့်မပြုပါဘူး။ သုတေတနစာတမ်းတချို့အရ ဖြစ်နိုင်ခြေ ဘာမှမရှိဘဲနဲ့ အဆီကျဆေးကို သောက်လိုက်မယ်ဆိုရင် ဆီးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်လို့ စာတမ်းထွက်လာပါတယ်။ ဒါ့အပြင် အဆီကျဆေးကိုယ်တိုင်ရဲ့ ဘေးထွက်ဆိုးကျိုးကတော့ အသည်းကို တစ်ခါတစ်ရံ ထိခိုက်စေနိုင်ပါတယ်။ ပြီးတော့ ခြေသလုံးကြွက်သားတွေနာတာ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဘာမှမဖြစ်ဘဲနဲ့ အဆီကျဆေးကို ပိန်ဆေးဆိုပြီး သောက်တာကို ခွင့်မပြုပါဘူး။

ကိုယ်တွင်းအဆီများ၊ မများဆိုတာကို ဘယ်လိုသိနိုင်သလဲဆိုရင် ခါးတုတ်တာနဲ့သိနိုင်ပါတယ်။ ဗိုက်ပူပြီး ဝတာထက် ခါးတုတ်တာက ပိုဆိုးပါတယ်။ ခါးကိုတိုင်းမယ်ဆိုရင် နံရိုးနဲ့တင်ပဆုံရိုးနှစ်ခုရဲ့ အလယ်တည့်တည့်ကို တိုင်းရပါတယ်။ ပေကြိုးနဲ့ တိုင်းလိုက်လို့ အမျိုးသားက ခါး ၃၆ လက်မ၊ အမျိုးသမီးက ခါး ၃၂ လက်မထက် မကျော်ရပါဘူး။ ကျော်တယ်ဆိုရင် ဗိုက်ပူတယ်၊ ကိုယ်တွင်း အဆီများတယ်လို့ သတ်မှတ်ပါတယ် . . .

မေး. တကယ်အဆီများနေရင် အဆီကျဆေးကို သောက်လို့ ရပါသလားဆရာ။

ဖြေ. တကယ်အဆီတက်နေပြီဆိုရင်တော့ အဆီကျဆေးကို သောက်ရပါလိမ့်မယ်။ ဒီနေရာမှာ ပြောလိုတာက အဆီက နှစ်မျိုးရှိပါတယ်။ ကိုယ်တွင်းအဆီ (Viseral Fat)နဲ့ ပြင်ပအဆီဆိုပြီးရှိပါတယ်။ ဝတိုင်းလည်း ကိုယ်တွင်းအဆီ များချင်မှ များပါလိမ့်မယ်။ ပိန်သော်လည်း ကိုယ်တွင်းအဆီ များချင်များနေနိုင်ပါတယ်။

ကိုယ်တွင်း အဆီများ၊ မများဆိုတာကို ဘယ်လို သိနိုင်သလဲဆိုရင် ခါးတုတ်တာနဲ့ သိနိုင်ပါတယ်။ ဗိုက်ပူပြီး ဝတာထက် ခါးတုတ်တာက ပိုဆိုးပါတယ်။ ခါးကိုတိုင်းမယ်ဆိုရင် နံရိုးနဲ့ တင်ပဆုံရိုးနှစ်ခုရဲ့ အလယ်တည့်တည့်ကို တိုင်းရပါတယ်။ ပေကြိုးနဲ့ တိုင်းလိုက်လို့ အမျိုးသားက ခါး ၃၆ လက်မ၊ အမျိုးသမီးက ခါး ၃၂ လက်မထက် မကျော်ရပါဘူး။ ကျော်တယ်ဆိုရင် ဗိုက်ပူတယ်၊ ကိုယ်တွင်း အဆီများတယ်လို့ သတ်မှတ်ပါတယ်။ ဒါကို Metabolic Syndrome လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်ပြီဆိုရင် ဆီးချိုသွေးချိုရောဂါ၊ အဆီများတာ၊ နှလုံးသွေးကြောကျဉ်းရောဂါ စတာတွေ အကုန်ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အခု နောက်ပိုင်းမှာ ဆရာတို့က မဝစေနဲ့လို့ မှာတာထက် ခါးမတုတ်စေနဲ့လို့မှာတာ ပိုများပါတယ်။

မေး. အဆီများတာ သေချာပြီဆိုရင် ဘယ်လို ဆေးဝါးတွေကို ပေးလေ့ရှိပါသလဲ ဆရာ။

ဖြေ. အဆီများ၊ မများကို သေချာသိချင်ရင် အာထရာဆောင်း ရိုက်ကြည့်လို့ရပါတယ်။ အာထရာဆောင်း ရိုက်ကြည့်လိုက်ရင် အသည်းအဆီဖုံးနေတာကိုတွေ့ရရင် သွေးတွင်းအဆီများနေတယ်လို့ သိနိုင်ပါတယ်။ နောက်ထပ် ပိုပြီး တိကျချင်ရင် CT Scan ရိုက်လို့လည်း ရပါတယ်။ ဒါပေမဲ့ သွေးတွင်း အဆီများတာကို သိချင်လို့ CT Scan ရိုက်တယ် ဆိုတာတော့ သိပ်မရှိပါဘူး။

တကယ် အဆီများနေပြီဆိုရင်တော့ ဆေးသောက်ရပါလိမ့်မယ်။ ဆေးတွေကလည်း မျိုးစုံတော့ရှိပါတယ်။ Atovastin ကို Statin အုပ်စုလို့ခေါ်ပါတယ်။ အဲဒါကတော့ သွေးတွင်းအဆီများနေသူတွေ အဓိက သောက်ရမယ့်ဆေးပါပဲ။ Atovastin ကို အကြာကြီး စွဲသောက်ရင် အဆီကျရုံတင်မကပါဘူး။ သွေးခဲတာကိုလည်း ကာကွယ်ပေးပါတယ်၊ နှလုံးသွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်၊ သွေးကြောနံရံတွေမှာရှိတဲ့ အဆီပြင်တွေကိုလည်း ပါးစေပါတယ်။ အသက်လည်း ရှည်စေပါတယ်။ ဒီဆေးကိုသောက်ရပြီဆိုရင်တော့ နှစ်ရှည်စွဲသောက်သင့်ပါတယ်။ အဆီများနေရင်၊ လေဖြတ်နေရင်၊ နှလုံးသွေးကြောကျဉ်းနေရင် သောက်ရပါမယ်။ ဆီးချိုသွေးချိုသမားတွေကိုလည်း အဆီကျဆေး အမြဲတွဲပေးပါတယ်။

ဆေးတွေနဲ့ ပတ်သက်ပြီး ပြောလိုတာက Risk ရှိရင်တိုက်မယ်၊ မရှိရင်တော့ မတိုက်ပါဘူး။ ဆေးကို သောက်လိုက်၊ မသောက်လိုက်တော့ လုပ်လို့ မရပါဘူး။ သောက်ရပြီဆိုရင်တော့ နှစ်ရှည်စွဲသောက်တာ ပိုကောင်းပါတယ်။

မေး. သွေးတွင်း အဆီများတာကို မကုသဘဲထားရင် နောက်ဆက်တွဲအနေနဲ့ ဘာရောဂါတွေ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. သွေးတွင်း အဆီများနေပြီဆိုရင် လေဖြတ်တာနဲ့ နှလုံးသွေးကြောပိတ်တာတို့ အဓိကဖြစ်တတ်ပါတယ်။ ဒါတွေဖြစ်မှာ ကြောက်ရပါတယ်။ တကယ်လို့ Risk မရှိဘဲနဲ့ အဲဒီဆေးတွေကို သောက်မယ်ဆိုရင် ဆိုးကျိုးတွေဖြစ်တဲ့ ခြေသလုံးကြွက်သားနာတာ (Muscle Pain)၊တစ်ခါတစ်ရံ အသည်းကို ထိခိုက်စေတာတို့ ဖြစ်တတ်ပါတယ်။ အသည်းကိုထိခိုက်နိုင်တယ်ဆိုပေမယ့် အမြဲမဟုတ်ပါဘူး။ လူတစ်သောင်းလောက်မှာမှ တစ်ယောက်လောက်ပဲ ဖြစ်နိုင်တာမျိုးပါ။

မေး. ထရိုင်ဂလစ်စရိုက်အဆီ (TG) တက်နေရင်ကော ဘယ်လိုကုသမှု ပေးလေ့ရှိပါသလဲ ဆရာ။

ဖြေ. အဆီကိုစစ်လိုက်လို့ TG က ၄၀ဝ ကျော်နေခဲ့ရင် ပန်ကရိယရောင်တတ်ပါတယ်။ အဲဒီ TG များနေတာက အစားအသောက်နဲ့ ဆိုင်ပါတယ်။ ဆီးချိုရောဂါနဲ့လည်း ဆိုင်ပါတယ်။ TG က တက်နေပြီဆိုရင် အစားအသောက်ကို ဆင်ခြင်ခိုင်းလိုက်ရုံ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းလိုက်တယ်ဆိုတာနဲ့ ပြန်ကျသွားပါတယ်။ အဲဒီလိုလုပ်လို့မှ မရဘူး၊ တက်နေတုန်းပဲဆိုရင် Fenofibrate ဆိုတဲ့ဆေးကို ပေးရပါတယ်။ တကယ်လို့ မကောင်းတဲ့ ကိုလက်စထ ရော LDL ရော၊ TG ပါ တက်နေရင်တော့ Statin ဆေးနဲ့ Fenofibrate ဆိုတဲ့ ဆေးနှစ်မျိုးပေါင်းပြီး ပေးရပါတယ်။

မေး. သွေးတွင်း အဆီများတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံရှင်းပြလိုတာရှိရင် သိပါရစေဆရာ။

ဖြေ. သွေးတွင်း အဆီများနေလို့ အဆီကျဆေးကို သောက်တယ်။ သုံးလလောက်နေလို့ ပြန်စစ်တဲ့အချိန်မှာ အဆီက ပုံမှန်ဖြစ်သွားတယ်ဆိုတာနဲ့ အဆီကျဆေးကို ရပ်ပစ်လိုက်လို့မရပါဘူး။ အဆီကျဆေးကိုပေးတာက အဆီကျရုံတင်မကဘဲ သွေးခဲတာကိုလည်း ကာကွယ်ပေးပါတယ်၊ နှလုံးသွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်၊ သွေးကြောနံရံတွေမှာရှိတဲ့ အဆီပြင်တွေကိုလည်း ပါးစေတဲ့အတွက်ကြောင့် နှစ်နဲ့ချီပြီး ပုံမှန်သောက်ရပါမယ်။ ဒါကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ ကိုယ့်သဘောနဲ့ ကိုယ်အဆီကျဆေးတွေကို ရပ်မပစ်သင့်ပါဘူး။ Statin ဆေးက အဆီကိုကျစေပြီး အသက်ရှည်စေပါတယ်။ မကောင်းတဲ့ ကိုလက်စထရော LDL နဲ့ Total ကိုလက်စထရောကို ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top