Healthy Life Ad
Life Style

ကျောက်ကပ်ဝေဒနာရှင်များနှင့် အာဟာရ (၃)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ဆိုဒီယမ်(ဆား)အကန့်အသတ်

– ဆားကို အတတ်နိုင်ဆုံး လျှော့စေချင်ပါ တယ်။ ဆားများလွန်းရင် ရေငတ်လာပါလိမ့်မယ်။

– ရေငတ်လာရင် ခွင့်ပြုထားတဲ့ အရည်အ တိုင်းအတာကို ထိန်းရမယ်။

– ခန္ဓာကိုယ်ထဲ အရည်အတိုင်းအဆ များလာ ရင် ရောင်ရမ်းတာ၊ သွေးတိုးတာ စတာတွေ ဖြစ်လာပါမယ်။

– ဆားက လက်ဖက်ရည်ဇွန်းတစ်ဇွန်းမှာ ဆို ဒီယမ် ၂ ဂရမ်ပါတယ်။ ကျောက်ကပ်ရောဂါ ရှိသူတွေဆိုရင် ပုံမှန်အားဖြင့် တစ်နေ့တာလုံးမှာ လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံလောက်ပဲ သုံးချင်ပါတယ်။ ဒါက လက်တွေ့ဘဝမှာ သိပ်တော့ အဆင်မပြေပါဘူး။ ဒါပေမဲ့ ခပ်ပေါ့ပေါ့စားရင်း နောက်တော့ အကျင့်ပါသွားမှာပါ။

– ပုံမှန် ကောင်းနေတဲ့ လူတိုင်းလူတိုင်းက တစ်ရက်ကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ပဲ စားသင့်ပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှုများတဲ့ သူတွေက ချွေးထွက်တဲ့အတွက် ဆိုဒီယမ်တွေ ဆုံးရှုံးသွားပါတယ်။ အလုပ်များများလုပ်တဲ့ သူတွေက ဆားပိုပြီး လိုအပ်ပါတယ်။ ကွန်ပျူတာရှေ့ထိုင်ပြီး နေရတဲ့သူ တွေကတော့ ဆားပိုမလိုပါဘူး။စားတဲ့ အစားအသောက်မှာ ဆားပမာဏက လိုအပ်တာထက် ပိုများရင် ကိုယ်လက်လှုပ်ရှားမှုကို ပိုလုပ်ပေးသင့်ပါတယ်။ ဒါကြောင့် အစာစားပြီးရင် လမ်းလျှောက်ပါလို့ ပြောရတာဖြစ်ပါတယ်။

– တစ်နေ့မှာ ဆိုဒီယမ် ၇၅၀-၁၀ဝ၀ မီလီဂရမ် ပဲ စားသင့်ပေမယ့် ပေါင်မုန့် တစ်ချပ်မှာ ဆား(ဆိုဒီယမ်) ၁၄၁ မီလီဂရမ်ပါတယ်၊ အာလူးပြုတ်တစ်လုံး ဆိုဒီယမ် ၈ မီလီဂရမ်၊ ခရမ်းချဉ်သီးအနှစ်မှာ ဆိုဒီ ယမ် ၂၁၀ မီလီဂရမ်၊ နို့တစ်ခွက်မှာ ဆိုဒီယမ် ၇၂ မီ လီဂရမ်နဲ့ အသား ၁၀ဝ ဂရမ်မှာ ဆိုဒီယမ် ၆၀ မီလီ ဂရမ် ပါဝင်ပါတယ်။

ဆိုဒီယမ် ပါဝင်မှုမြင့်မားသော အစာများ

– ခေါက်ဆွဲခြောက်ထုပ်၊

– ဆီးချိုသီး၊ ဆီးသီး၊

– ဝက်ပေါင်ခြောက်

ဆိုဒီယမ် ပါဝင်မှုနည်းပါးသော အစာများ

– ဆားမပါတဲ့ ထောပတ်၊

– ပဲနို့၊

– ထမင်း

ဆားစားသုံးမှု လျှော့ချနည်း

(၁) ချက်ပြုတ်တဲ့အခါ ဆားနဲ့ ပဲငံပြာရည်အနည်း ဆုံးသာ ထည့်သုံးပါ။

(၂) ထမင်းစားနေစဉ် ဆားနဲ့ပဲငံပြာရည်ထပ်မသုံးပါနဲ့။

(၃) ချက်ပြုတ်တဲ့အခါ အချိုမှုန့် မသုံးရပါဘူး။

(၄) ဆိုင်မှာ ဝယ်စားရင် ဆားမထည့်ဖို့ ပြောပါ။

(၅) ဆားအစား တခြား အရသာရှိတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ဟင်းခတ်အမွှေးအကြိုင်၊ သံပရာ၊ သံပရိုသီး၊ ဂျင်း(ချင်း) စတာတွေ သုံးပါ။

(၆) အငန်အရသာကဲတဲ့ ငန်တဲ့ အစားအစာတွေ ဖြစ်တဲ့ ငါးဆားနယ်၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ဆားပါတဲ့ အာလူးကြော်၊ သစ်သီးဆံ၊ ဆားပါတဲ့ ဘီစကွတ်မုန့်တွေနဲ့ ဆားရည်စိမ်ဟင်းသီးဟင်းရွက်တွေကို ရှောင်ရပါမယ်။

(၇) စည်သွပ်ဘူးထဲက အစာ၊ ကျပ်တင်ထားတဲ့ အစာ၊ ကြော်ထားတဲ့အစာ၊ ဆားနယ်ထားတဲ့ အစာတွေမှာ ဆားပါဝင်မှုများတဲ့အတွက် လတ်ဆတ်တဲ့ အစားအစာကို ရွေးစားပါ။ ဝက်အူချောင်း၊ ဝက်ဆားနယ်ခြောက်၊ ဝက်ပေါင်ခြောက်၊ ဒိန်ခဲ စတာတွေမှာ ဆားကဲတဲ့ အစားအစာတွေ ဖြစ်လို့ ရှောင်ပါ။

အရည် ကန့်သတ်ချက်

– ကျောက်ကပ်ဝေဒနာရှင်တွေက သောက်ဖို့ ခွင့်ပြု ထားတဲ့ အရည်အတိုင်းအဆအတိုင်း သောက်ဖို့ အရေးကြီးပါတယ်။

– ပိုသောက်လိုက်ရင် ပိုတဲ့ အရည်တွေက သင့်ခန္ဓာကိုယ်ထဲ အများအပြားစုမိနေပြီး အသက်ရှူရခက်တာ၊ ရောင်ရမ်းတာ၊ သွေးတိုးတာနဲ့ အရည်အလေးချိန် တိုးမြင့်လာတာတွေက ကျောက်ကပ်ဆေးနေတဲ့ ကြားကာလမှာ ဖြစ်ပေါ်လာပါမယ်။ ကျောက်ကပ်ဆေးနေတဲ့ ကြားကာလရက်တွေမှာ အရည်အလေးချိန် နှစ်ကီလိုဂရမ်ထက် မပိုသင့်ပါဘူး။

ပုံမှန်ကောင်းနေတဲ့ လူတိုင်းလူတိုင်းက တစ်ရက်ကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက်ပဲ စားသင့်ပါတယ်။ ဒါပေမဲ့ လှုပ်ရှားမှုများတဲ့သူတွေက ချွေးထွက်တဲ့ အတွက် ဆိုဒီယမ်တွေ ဆုံးရှုံးသွားပါတယ်။ အလုပ်များများလုပ်တဲ့ သူတွေက ဆားပိုပြီး လိုအပ်ပါတယ်။ ကွန်ပျူတာရှေ့ထိုင်ပြီး နေရတဲ့သူတွေကတော့ ဆားပိုမလိုပါဘူး။

တစ်နေ့တာ သောက်သုံးမယ့် အရည်ကို ဘယ်လို ကန့်သတ်မလဲ

(၁) မနက်တိုင်း သောက်သုံးမယ့် အရည်တွေကို ကြိုတိုင်းထားရပါမယ်။

(၂) တစ်နေ့တာ သောက်ခွင့်ပြုထားတဲ့ အရည်ကို အညီအမျှခွဲထားပါ။ (ခွက်ငယ်တွေကို အသုံးပြု ပြီးခွဲထားပါ)။ အဲဒီခွက်ငယ်ရဲ့ အရည်ဆံ့မှုကို တိုင်းထားပါ။

(၃) ဆားလျှော့စားပါ။ ဒါမှ ရေငတ်တာ လျော့ပါးပါလိမ့်မယ်။

(၄) စွပ်ပြုတ်၊ ယာဂုနဲ့ ဟင်းရည် စတာတွေရဲ့ အရည် ပါဝင်မှုကိုလည်း ထည့်တွက်ရပါမယ်။

(၅) တစ်နေ့တာ ခွင့်ပြုထားတဲ့ အရည်ထက် ပိုသွားရင် သံပရာအနံ့အရသာပါတဲ့ ချိုချဉ်ကို ငုံပြီး ပါးစပ်ထဲမှာ တံတွေးထွက်အောင် နှိုးဆွပေးပါ။

(၆) ပါးစပ်ကို ရေနဲ့ ပလုတ်ကျင်းပေးပါ။ ရေကို မျိုမချပါနဲ့။

(၇) ရေခဲတုံးငယ်လေးတွေ လုပ်ထားပြီး ရေဆာတိုင်း ငုံပေးပါ၊ ရေငတ်ပြေစေပါတယ်။

(၈) ဆေးသောက်ရင် ရေများများ မသောက်ပါနဲ့၊ အစာစားပြီးမှ သောက်ဖို့ အကြံပြုထားရင် အစာနဲ့အတူ ဆေးသောက်ပါ။ ဒါဆို ရေနဲ့ သောက်စရာမလိုတော့ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top