Healthy Life Ad
Health Tips

တောင်တက်သမားတို့ သန်စွမ်းကျန်းမာနေအောင် ဘာကိုစားသင့်သလဲ

၊ ငွေကြယ်စင်ယံ ၊

တောင်တက်တာကြောင့် ကယ်လိုရီများစွာ ကုန်ဆုံးတတ်ပါတယ်။ တောင်တက်ရင်းကုန်ဆုံးသွားတဲ့ ကယ်လိုရီတွေနေရာမှာ ပြန်လည်အစားထိုးဖြည့်တင်းနိုင်ဖို့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကိုစားပေးရပါမယ်။ တောင်တက်တဲ့အခါ သင့်ကျောပိုးအိတ်ထဲမှာ ဟမ်ဘာဂါမုန့်တွေနဲ့ အာလူးချောင်းကြော်တွေအပြည့်ထည့် သွားရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ တကယ်စွမ်းအင်ပေးနိုင်ပြီး အာဟာရတန်ဖိုးပြည့်ဝတဲ့ အစာတွေကိုသယ်ဆောင်ပြီး လမ်းခရီးမှာစားပေးရမှာပါ။

– ကာဗိုဟိုက်ဒရိတ်

စွမ်းအင်အမြင့်မားဆုံးပေးနိုင်တဲ့ အရေးကြီးအစာအမျိုးအစားက ကာဗိုဟိုက်ဒရိတ်ပါတဲ့အစာပါ။ ဥပမာပြောရရင် ကောက်နှံတစ်ခုလုံးနဲ့လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့်နဲ့ ခရက်ကာမုန့် တွေစားသင့်ပြီး သစ်သီးခြောက်၊ လတ်ဆတ်တဲ့သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကိုတွဲစားရပါမယ်။ ဒီအစာတွေက စွမ်းအင်ပေးနိုင်ရုံသာမက အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာခြေစနစ်ကိုကျန်းမာစေပါတယ်။

– ပရိုတင်း

စွမ်းအင်အပြည့်အဝပေးနိုင်တဲ့ နောက်အစာတစ်မျိုးက ပရိုတင်းဓာတ်ပါတဲ့အစာပါ။ ပရိုတင်းဓာတ်က ကာဗိုဟိုက်ဒရိတ်ထက် အစာကြေဖို့ပိုကြာတာကြောင့် သင့်ကိုအချိန်ကြာကြာ ဗိုက်ပြည့်နေစေပြီး စွမ်းအင်ကြာကြာရှိစေပါတယ်။ အလွယ်သယ်သွားနိုင်တဲ့ ပရိုတင်းပါတဲ့အစာတွေက ဒိန်ခဲ၊ မြေပဲထောပတ်၊ အခွံမာတဲ့အစေ့အဆန်၊ အသားခြောက်တို့ ဖြစ်ကြပါတယ်။

– ဗီတာမင် စီ

ဗီတာမင်စီဟာ တောင်တက်သမားတွေမှာ အဖြစ်များတဲ့ ညောင်းညာပင်ပန်းတာနဲ့ နာမကျန်းတာတွေကို တွန်းလှန်ပေးနိုင်သလို ခန္ဓာကိုယ်ကိုလန်းဆန်းစေပါတယ်။ တောင်တက်ရာမှာ သယ်နိုင်တဲ့ဗီတာမင်စီပါ အစာတွေက ချဉ်တဲ့သစ်သီးငယ်တွေ၊ စပျစ်သီး၊ ခရမ်းချဉ်သီးနဲ့ ပန်းဂေါ်ဖီစိမ်းတို့ဖြစ်ပါတယ်။

– ရေ

ရေက စွမ်းအင်မြင့်မားတဲ့ အစာမဟုတ်ပေမယ့် တောင်တက်ခရီးစဉ်မှာ မဖြစ်မနေယူဆောင်သွား သင့်တဲ့အရာပါ။ ရေကို ဖြည်းဖြည်းနဲ့ မှန်မှန်သောက်ပေးမှ ရေဓာတ်ခမ်းခြောက်မှုမဖြစ်အောင် ကာကွယ်ပေးမှာဖြစ်ပြီး ရေဓာတ်ခမ်းခြောက်ရင်ဖြစ်တတ်တဲ့ နုံးတာ၊ အားအင်ကုန်ခမ်းတာ၊ ကြွက်သားတွေ နာကျင်တာနဲ့ ခေါင်းကိုက်တာတို့ကို လျော့ပါးစေမှာပါ။ တောင် တက်ခရီးစဉ်တစ်လျှောက်လုံး ရေကို အလုံအလောက် ယူသွားပါ။

– နွားနို့

နွားနို့နဲ့ သစ်သီးဖျော်ရည်တွေက စိတ်ကိုလန်းဆန်းအားပြည့်စေပါတယ်။ လေ့လာမှုတစ်ရပ်အရ အစာမစားဘဲရက်အနည်းငယ်အထိ အသက်ရှင်နိုင်ပေမယ့် ရေမသောက်ရင် နာရီပိုင်းလောက်ပဲ အသက်ရှင်နိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် တောင်တက်ခရီးစဉ်အတွက် ရေနဲ့အရည်ကိုများများ သယ်ဆောင်ပြီး အစာနည်းနည်းကိုပဲသယ်ယူပါ။

သတိပြုရန်

– အမြင့်တက်ရချိန်မှာ အဆီအအိမ့်များတဲ့ အစာတွေကို မသယ်သွားပါနဲ့။ ဒီအစာတွေက အစာကြေညက်ဖို့ အောက်ဆီဂျင်ပိုမို လိုအပ်နေတတ်လို့ပါ။
– ဟင်းသီးဟင်းရွက်အစိမ်းတွေ၊ ပဲလှော်တွေ၊ ပြောင်းဖူးပေါက်ပေါက်တွေကို အများကြီးမစားပါနဲ့။ အူလှုပ်ရှားမှုကို လှုံ့ဆော်နိုင်လို့ဝမ်းလျှောတာမျိုးဖြစ်တတ်လို့ပါ။
– လေထစေတဲ့ အစာတွေဖြစ်တဲ့ ဂေါ်ဖီထုပ်လိုအစာနဲ့ ပဲအခြောက်အခြမ်းတွေကို ချက်စားတာမျိုးရှောင်ပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top