Healthy Life Ad
Life Style

လူနာရှင်၏ ဆုံးဖြတ်ချက် သို့မဟုတ် ဆရာဝန်၏ ဆုံးဖြတ်ချက်(၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

လူနာ (၃)။ ။ ဒေါ်သန်းသန်း၊ အသက်က ၅၈ နှစ်ပါ။ အမောဖောက်ပြီး အဖျားလည်းဝင်လာလို့ သူ့ ကို ဆေးရုံတင်ရတာပါ။ လေဖြတ်ဖူးတော့ ရေသောက် ရင်၊ အစာစားရင် မကြာခဏ သီးတတ်ပါတယ်။ သီး ရင်လည်း အဖျားဝင်၊ အမောဖောက်တာ ရှိတတ်ပါ တယ်။ မောပြီး သွေးတွင်း အောက်ဆီဂျင်တွေ လျော့ ကျသွားလို့ အထူးကြပ်မတ်ခန်းကို ပြောင်းပြီး ကုပေး ခဲ့ရပါတယ်။ သူ့သမီးကတော့ အမေကြီးအတွက် အ ဓိကထောက်ပံ့သူ၊ ဆုံးဖြတ်ပေးရသူ ဖြစ်ပါတယ်။

ပြင်ပဆေးရုံမှာဆိုတော့ အထူးကြပ်မတ်ခန်းကို တင်ရင် တော်တော်ကုန်ကျပါတယ်။ တစ်ရက်ဆို တစ်ရက်သိသာပါတယ်။ လူနာရဲ့ အခြေအနေက အရမ်းဆိုးလာတော့ လူနာရှင်ဖြစ်တဲ့ သမီးကို ဆက် လက်ကုရမယ့် ကုထုံးကိုရှင်းပြပါတယ်။ ရှင်းပြရတာ လွယ်ပါတယ်။ အခြေအနေကတော့ အသက်ရှူတာ ထောက်ကူပေးတဲ့ စက်သုံး ပြီး အသက်ဆက်ရပါမယ်။ လူနာရှင်က ပညာတတ်ဖြစ်ပြီး ရှင်းပြတာကိုလည်း နားလည်ပေမယ့် အသက်ရှူစက်တင်ဖို့ လုံးဝသဘော မတူပါဘူး။

“အိမ်မှာရှိတဲ့ အဖေကလည်း အသက် ၈၇ နှစ်ရှိပါပြီ။ အမေခံစားနေရတာကို မကြည့်ရက်ဘူး။ အခုလို အသက်ရှူစက်တပ်ရင် တော်တော် ခံစားရ မယ်ဆိုတော့ ဘာမှမလုပ်ချင်တော့ဘူး။ မမောအောင်၊ သက်သောင့်သက်သာဖြစ်အောင်ပဲ လုပ်ပေးပါ။ ခံစားနေရတဲ့ နောက်ဆုံးအချိန်ကို တာရှည်အောင် မလုပ်ချင်တော့ပါဘူး။ ဒီအတိုင်း ထားလိုက်ပါမယ်။ အသက်ရှူလမ်းကြောင်းထဲ ပိုက်သွင်းပြီး အသက်ရှူ စက်တပ်ဖို့ အိမ်ကအစ်ကိုတွေကလည်း သဘော မတူကြပါဘူး။ ငွေကုန်ကျတာကတော့ ပြဿနာ မရှိပါဘူး။ မခံစားရအောင်သာ အဓိက လုပ်ပေးပါ”

ဆရာဝန် ကျင့်ဝတ်အရ လူနာသဘောမတူတဲ့ ဆေးကုသမှုတစ်ခုခုကို ဆက်လုပ်ခွင့်မရှိပါဘူး။ အခြေအနေက သိပ်ဆိုးနေတော့ သူ့မိခင်အသက်ရှူ စက်တပ်ပေးခဲ့ရင်လည်း ပြန်ကောင်းလာဖို့ သိပ်မသေချာပါဘူး။ ဒါပေမဲ့ သေကံမရောက်သေးရင် တချို့ပြန်ကောင်းသွားတတ်တာလည်း ရှိနိုင်ကြောင်း နားလည်အောင်ရှင်းပြဖို့ လိုပါသေးတယ်။

အခု ဒေါ် သန်းသန်းရဲ့ သမီးကတော့ အသိမိတ်ဆွေတွေဆီက သိထားဖူးတဲ့ အစွဲအလမ်းအတိုင်း ယတိပြတ်ဆုံးဖြတ် ထားပြီးဖြစ်တဲ့အတွက် ငြင်းဆန်လို့သာ နေပါတယ်။ ဒီကုထုံးက လူနာခံရမယ်၊ အချိန်ဆွဲပြီး ဝဋ်ခံနေရသ လိုဖြစ်မယ်လို့ ခံယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက်ပြီး ပိုက်တွေ တပ်ပြီး မလုပ်လိုတော့ပါဘူး။

လူနာရှင်ရဲ့ ဆန္ဒနဲ့ဆုံးဖြတ်ချက်ကို လုံးဝ ပုံအပ် ရမလိုဖြစ်နေပါတယ်။ ဒါဟာ လူနာဗဟိုပြုတဲ့ ဆုံး ဖြတ်ချက် ( Patient centered approach )၊ လူနာ ရှင်တွေပါဝင်တဲ့ ပူးပေါင်းညှိနှိုင်းထားတဲ့ ဆုံးဖြတ် ချက်ဖြစ်လို့ သင့်တော်ကောင်းမွန်တဲ့ ဆေးကုသမှု စနစ်လို့ ယူဆရပါမယ်။ လူနာရှင်တွေရဲ့ သဘောတူ ဆုံးဖြတ်ချက်ဖြစ်တာကြောင့် လက်မခံလို့ မရပါဘူး။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ အသက်ဆက်ရှင်နိုင်သူ တစ်ယောက်ကို ဥပေက္ခာပြုထားမိသလိုကော ဖြစ် နိုင်ပါသလားဆိုတာ မေးစရာရှိပါတယ်။

ဒေါ်သန်းသန်းကိုတော့ အကြောဆေးသွင်းပြီး သွေးပေါင်ပြန်တက်အောင် ကြိုးစားရုံပဲ လုပ်ပေးခွင့်ရှိပြီး အသက်မရှူနိုင်တာကိုတော့ မကူပေးနိုင်တော့ ပါဘူး။နောက်နှစ်ရက်ခန့်ကြာတဲ့အခါ ဒေါ်သန်းသန်း ရဲ့ အခြေအနေက မကောင်းပေမယ့် ထင်သလောက် မဆိုးသွားခဲ့သေးပါဘူး။ သွေးပေါင်ကျလို့ဆီးနည်းပေ မယ့် အသက်ဆက်နေပါသေးတယ်။ သူ အသက်ရှင် နိုင်တဲ့ အလားအလာရှိသေးသလို ခံစားရပါတယ်။

လူနာအသက်ရှင်ကောင်းရှင်နိုင်လို့ လူနာရှင်ရဲ့ ဆန္ဒကိုမလိုက်နာဘဲ မိမိသဘောနဲ့အသက်ရှူစက်တင် လိုက်ရင်ကောင်း၊ မကောင်း၊ သဘောမတူ၊ တူအောင် ထပ်မံရှင်းပြပြီး အသက်ရှူစက်တင်ရမလားဆိုကာ စဉ်းစားစရာတွေဖြစ်လာပါတယ်။ လူနာကို ကောင်းလာမယ်လို့လည်း အာမမခံနိုင်ပါဘူး။ နောက်ဆုံးလူနာရှင်နဲ့ ပြန်လည် ဆွေးနွေးရပြန်ပါတယ်။

လူနာရှင်က အသက်ရှူစက်တပ်ဖို့ သဘောတူ ခွင့်ပြုချက်ရသွားလို့ အသက်ရှူစက် တင်လိုက်တဲ့အခါ အခြေအနေတွေ ပြန်ကောင်းလာပါတယ်။ နောက်တစ်လခန့် အကြာမှာတော့ ဒေါ်သန်းသန်းဟာ ဆေးရုံကနေအသက်ရှင်လျက် အိမ်ပြန်နိုင်ခဲ့ပါတယ်။ ဒါကြောင့် လူနာရှင်ရဲ့ဆန္ဒနဲ့ ဆရာဝန်ရဲ့ ဆန္ဒမျှတစွာ ညှိနှိုင်းပြီး ဆုံးဖြတ်ရပါမယ်။ တစ်ချိန်မှာ ဆရာဝန်ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာမှသာအောင် မြင်နိုင်မှာဖြစ်သလို တစ်ချိန်မှာတော့ လူနာသဘော ကိုဦးစားပေးရင်ပိုပြီး ကျေနပ်မှုကိုရရှိမှာဖြစ်ပါတယ်။

လူနာနဲ့ ဆရာဝန် ဆက်ဆံရေးကို မျှတစွာအသုံးချနိုင်မယ်ဆိုရင် လူနာတွေအတွက် အကောင်းဆုံးနဲ့ ခေတ်မီတိုးတက်တဲ့ ဆေးကုသမှု စနစ်တွေကိုရရှိလာမှာ ဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top