Healthy Life Ad
Life Style

ကျောက်ကပ်ဝေဒနာရှင်များနှင့် အာဟာရ (၁)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ကျောက်ကပ်၏ လုပ်ငန်းများ

ကျောက်ကပ်ရဲ့ အဓိကလုပ်ငန်းက ခန္ဓာကိုယ်အတွင်းက စွန့်ပစ်ပစ္စည်းတွေကို ပြင်ပသို့ စစ်ထုတ်ပေးတာပဲ ဖြစ်ပါတယ်။ နေ့တိုင်း ရေတစ်လီတာခွဲလောက် ဆီးသွားနေပါတယ်။ နောက်တစ်ခုက သွေးထဲကို pH ၇ ဒသမ၄ ရှိအောင် ထိန်းပေးပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ရခြင်း အကြောင်းရင်းများ

နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

– ဆီးချိုရောဂါကြောင့် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေက ၄၀ ရာခိုင်နှုန်း၊

– သွေးတိုးရောဂါကြောင့် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေက ၂၇ ရာခိုင်နှုန်း၊

– ကျောက်ကပ်ရောင်တာကြောင့် နာတာရှည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေက ၁၃ ရာခိုင်နှုန်း၊

– ကင်ဆာကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေက ၂ ရာခိုင်နှုန်းရှိပြီး ကျောက်ကပ်ပျက်စေတဲ့ တခြားအကြောင်းတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဆီးချိုရောဂါကြောင့် နာတာရှည် ကျောက်ကပ်ရောဂါဖြစ်တာများတတ်ပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါ လက္ခဏာများ
နာတာရှည် ကျောက်ကပ်ရောဂါလက္ခဏာ တွေရှိရင်ဖြစ်တတ်တာတွေက-

(၁) ရေစုပုံတဲ့ လက္ခဏာတွေ (ဖောတယ်၊ ရောင်တယ်)

(၂) ပိုတက်ဆီယမ်များတဲ့ လက္ခဏာတွေ (နှလုံးခုန်နှုန်းသိပ်မြန်လာတယ်၊ နှလုံးခုန်ရပ်သွားတတ်တယ်)

(၃) အော်ကလီဆန်တာဖြစ်မယ်၊

(၄) အန်မယ်၊ (ကျောက်ကပ်ဆေးနေရရင်များ သောအားဖြင့် အန်ချင်တယ်၊ အစာမစားချင်ဘူး)

(၅) ကြွက်သားတွေ လျော့သွားမယ်၊ အားမရှိသလို ဖြစ်တယ်၊

(၆) အရေပြား ယားယံမယ်၊ ဖော့စဖိတ်များလာလို့ အရေပြားယားတတ်ပါတယ်။

(၇) အာဟာရမပြည့်ဝတာတွေဖြစ်မယ်။

နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်တဲ့အခါ ကျောက်ကပ်အထူးကု ဆရာဝန်ကြီးတွေက ဆေးနဲ့ကုပြီး အာဟာရဆရာဝန်တွေက အစားအသောက်နဲ့ ကုပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါအတွက် အာဟာရကုထုံး

(၁) အစားအသောက်ကို ဂရုစိုက်ရွေးချယ်စား သောက်ရမယ်။

(၂) ဖြည့်စွက်စာတွေကို စားသောက်ရမယ်။

(၃) Total Parentral နည်းနဲ့ အာဟာရဖြည့် စွက်ရပါတယ်။

အစားအသောက်စားတဲ့အခါ သင့်တော်တဲ့ အစားအသောက်ပုံစံဖြစ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးတိုးတာကိုထိန်းချုပ်နိုင်ဖို့နဲ့ သွေးတွင်း ဂလူးကို့စ်ကိုထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။
တစ်နေ့ ကယ်လိုရီ ဘယ်လောက်စားရမလဲ၊ တစ်နေ့ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ် ဘယ်လောက်စားရမလဲ၊ အာဟာရဓာတ် ဘယ်လောက်ရအောင်စားရမလဲ၊ ဘယ်လောက် အတိုင်းအဆစားရမလဲဆိုတာသိဖို့ အရေးကြီးပါတယ်။

ကျောက်ကပ်ရောဂါသည်များအတွက် အာဟာရ

– ကယ်လိုရီ -၃၀~၄၀ kcal / kg

– အသားဓာတ်- ၄၀ g/ day

– ရေဓာတ် (ကန့်သတ်ပေးပါတယ်)

– ဆိုဒီယမ် (ကန့်သတ်ပေးပါတယ်)

– ပိုတက်ဆီယမ် (ကန့်သတ်ပေးပါတယ်)

– ကယ်လ်ဆီယမ် (ထပ်ဖြည့်ပေးပါတယ်)

– ဗီတာမင်ဒီ (ထပ်ဖြည့်ပေးပါတယ်)

– ဖော့စ်ဖရပ်စ် (ကန့်သတ်ပေးပါတယ်)

နောက်တစ်ပတ် ဆက်ဖတ်ပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top