Healthy Life Ad
Life Style

အလုပ်စွဲ အမျိုးသားတို့ အမြဲကျန်းမာနေစေရန်

၊ ကိုမိုး ၊

အလုပ်ကြိုးစားတာက ကောင်းပါတယ်။ အလုပ်ကြိုးစားတဲ့ သူတွေအနေနဲ့ အလုပ်ကနေ အခွင့်အလမ်းတွေက တစ်ချိန်မဟုတ် တစ်ချိန်မှာ ရလာပါလိမ့်မယ်။ ဒါပေမဲ့ အလုပ်ကြိုးစားမှုကြောင့် ကျန်းမာရေး ထိခိုက်မှုမဖြစ်သင့်သလို စိတ်ဖိစီးမှုများပြီး ပင်ပန်းနွမ်းနယ်လွန်းတာလည်း မဖြစ်သင့်ပါဘူး။

အလုပ်လုပ်ချိန် များလွန်းခြင်းနှင့် ကျန်းမာရေး
အချိန်ကြာကြာ အလုပ်လုပ်ရတာကြောင့် အမျိုးသားတွေမှာ ကျန်းမာရေး ထိခိုက်နိုင်တာ အသေအချာပါပဲ။ နာရီပေါင်းများစွာ အလုပ်လုပ်တာနဲ့ နာမကျန်းမှုတို့အကြား ဆက်စပ်မှုရှိတယ်ဆိုတာကို နိုင်ငံတကာ လေ့လာမှုတွေက ဖော်ပြထားတယ်လို့ စိတ်ပညာ ပါမောက္ခ ကာရီကွတ်ပါက ဆိုပါတယ်။

“တစ်ပတ်မှာ ၃၅ – ၄၀ နာရီ အလုပ်လုပ်တဲ့ လူတစ်ယောက်ဟာ နှစ်ပေါင်း ၅၀ ကြာကြာ လုပ်ရလည်း ဘာမှမဖြစ်နိုင်ပေမယ့် တစ်ပတ်မှာ အချိန် ၄၁ နာရီထက် ပိုပြီး အဆက်မပြတ် အလုပ်လုပ်မယ် ဆိုရင် သင့်ကျန်းမာရေးကို ထိခိုက်စေပြီးအလုပ်လုပ်နိုင်စွမ်းပါ လျော့ကျလာစေပါလိမ့်မယ်”လို့ သူက ရှင်းပြပါတယ်။

အလုပ်လုပ်ချိန်များလွန်းတာက မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ လူမှုဘဝနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ချိန်တွေကို လျော့နည်းသွားစေတာကြောင့် ကိုယ်နဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာဖြစ်ပါတယ်။

အလုပ်ကို နာရီပေါင်းများစွာ လုပ်လေ့လုပ်ထ ရှိတဲ့ ထုံးစံက ဗြိတိန်လူမျိုးတွေရဲ့ အလေ့အထတစ်ခုပါ။ ဗြိတိန်အမျိုးသားလေးဦးအနက် တစ်ဦးဟာ တစ်ပတ်မှာ အချိန် ၄၈ နာရီကျော် ကြာတဲ့အထိ အ လုပ်လုပ်တတ်ပါတယ်။ နိုင်ငံတကာ စိတ်ဖိစီးမှု ထိန်းချုပ်ရေး အဖွဲ့အစည်းရဲ့ အဆိုအရ ယူကေအလုပ်လုပ်သူ တစ်ဝက်ကျော်ဟာ စိတ်ဖိစီးမှုကို ခံစားနေရပြီး လေးဦးအနက် တစ်ဦးဟာ လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ နာမကျန်းမှုကို ခံစားရနိုင်တယ်လို့ သိရပါတယ်။

စိတ်ဖိစီးမှုဖြစ်စေတဲ့ အဓိကအကြောင်းရင်းဟာ နာရီပေါင်းများစွာအလုပ်လုပ်ရတာကြောင့်နဲ့ အလုပ်မှာ အဆင်မပြေတာကြောင့်ဖြစ်ရတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုမဖြစ်အောင် အလုပ်ကို ကြာကြာ မလုပ်ပါနဲ့။ နာရီပေါင်းများစွာ အလုပ်လုပ်တယ်ဆိုတာ တစ်ပတ်မှာ ၄၈ နာရီနဲ့ အထက် အလုပ်လုပ်တာကိုဆိုလိုတာ ဖြစ်တဲ့အတွက် အလုပ်လုပ်ချိန်နဲ့ နားချိန်ကို သပ်သပ်စီခွဲခြားထားပါ။

လုပ်ငန်းခွင်စိတ်ဖိစီးမှုနှင့် ကျန်းမာရေး
အလုပ်လုပ်တဲ့ ကာလတစ်လျှောက်လုံး လုပ်ငန်းခွင်က ရရှိလာနိုင်တဲ့ စိတ်ဖိစီးမှုအားလုံးကိုတော့ မရှောင်လွှဲနိုင်ပါဘူး။ စိတ်ဖိစီးမှုကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားမယ့်အစား စိတ်ဖိစီးမှုကြောင့် ကျန်းမာရေး မထိခိုက်အောင်နဲ့ စိတ်ဓာတ်မကျအောင် စိတ်ဖိစီးမှု လျှော့ချနိုင်မယ့် နည်းလမ်းတွေကို အဖြေရှာသင့်ပါတယ်။

ပထမအချက်အနေနဲ့ စိတ်ဖိစီးမှုဖြစ်လာရင် သင်ခံစားရတတ်တဲ့ လက္ခဏာတွေကို ဆန်းစစ်ဖို့ လိုပါတယ်။ စိတ်ဖိစီးမှုဖြစ်စေနိုင်တဲ့ အဓိက လက္ခဏာ တွေကတော့ အလုပ်ဝန်ပိတာ၊ အလုပ်မလုပ်တဲ့အချိန်တောင်မှ အလုပ်အကြောင်း စဉ်းစားတာ၊ အိပ်စက်မှုဆိုင်ရာ ပြဿနာရှိတာ၊ အစာစားသောက်တဲ့ အခါမှာ အခက်အခဲရှိတာ၊ မူးယစ်ဆေးဝါးနဲ့ အရက်တွေကို မှီဝဲချင်နေတာ၊ အာရုံစူးစိုက်နိုင်စွမ်းနည်းတာ၊ စိတ်တိုလွယ်တာ၊ အိမ်ထောင်သည် အမျိုးသားတွေဟာ လိင်မှုကိစ္စမှာ စိတ်ဝင်စားမှုမရှိတာနဲ့ မေ့ လျော့လွယ်တာ စတာတွေပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ နေရာတစ်နေရာရဖို့ ကြိုးစားနေရတဲ့ အိမ်ထောင်ဦးစီးအမျိုးသားတွေအနေနဲ့ စိတ်ဖိစီးမှုကို မလွှဲမရှောင်သာ ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုတော့ မရအောင် ရှောင်လွှဲလို့မရမယ့် အတူတူ စိတ်ဖိစီးမှုဖြစ်လာရင် ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားသင့်ပါတယ်။
စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်အောင် နေ့စဉ်လုပ်ရ မယ့် အလုပ်တွေကို “လုပ်ရန်” ဆိုပြီး မှတ်ထားပါ။ တစ်ခုပြီးတိုင်း အဲဒီအချက်ကို ခြစ်ပစ်လိုက်ပါ။ သင့်မှာ လုပ်စရာတာဝန်တွေက များလွန်းနေရင် သင့်အထက်လူကြီးကို အလုပ်တွေမနိုင်တော့တဲ့အကြောင်း ပြောပြပါ။ လုပ်ဖော်ကိုင်ဖက်တွေကို အလုပ်တာဝန်တွေ ခွဲပေးပါ။

Most Popular

Healthy Life Ad
To Top