Healthy Life Ad
Local

ပြည်သူလူထုထဲတွင် မျိုးဆက်ပွားကျန်းမာရေး အသိပညာရှိသူ နည်းပါးနေသေး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ပြည်သူလူထုထဲတွင် မျိုးဆက်ပွား ကျန်းမာရေး အသိပညာရှိသူဦးရေ နည်းပါးနေသေးကြောင်း၊ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းနည်းပါးသည့် တောရွာနေသူအများစုသည် မြို့နေသူတို့နှင့်ယှဉ်လျှင် ကျန်းမာရေးအသိ လျော့နည်းနေသေးကြောင်း သား ဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင် က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“တောနဲ့ မြို့တွေ ကွာဟချက်က ကြီးမားနေတဲ့အတွက် တောရွာတွေမှာ မျိုးဆက်ပွား ကျန်းမာရေး အသိပညာနည်းပါးနေသေးတယ်။ တကယ်တမ်းကျတော့ တောရွာတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ ပြည့်ပြည့်စုံစုံ ရောက်ရှိဖို့လိုတယ်။ ကျန်းမာရေး ဝန်ထမ်းတွေက မြို့တွေမှာသာမက တောရွာတွေမှာပါ ကျန်းမာရေးဝန်ထမ်းတွေ ပြည့်ပြည့်စုံစုံ ရောက်ရှိ သွားမှ တောရယ်၊ မြို့ရယ် မခွဲခြားဘဲနဲ့ တွေ့ထိနိုင်တဲ့ တစ်နေ့မှာ ဒီလိုမျိုးတောရွာတွေမှာ ကျန်းမာရေး အသိပညာအားနည်းတဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။

အခုလောလောဆယ်မှာ ကျန်းမာရေး အသိပညာ ဗဟုသုတတွေကို လူတွေဆီ ရောက်နိုင်သမျှ ရောက်အောင်လုပ်ဖို့လိုပါတယ်။ ကျန်းမာရေး ဟောပြောပွဲတွေ လုပ်ရမယ်၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ကျန်းမာရေး ပညာပေးတွေ ဖော်ပြတာ၊ ရေဒီယိုတွေ၊ တီဗီတွေကနေ လွှင့်ပေးတာတွေ လုပ်ပေးရပါတယ်။ လူတွေရဲ့ကျန်းမာရေး အသိပညာတိုးတက်ဖို့ ဆရာဝန်နဲ့ တကယ်တွေ့နိုင်ရင် တော့ အကောင်းဆုံးပါပဲ။ မတွေ့နိုင်ဘူးဆိုရင် စာအုပ်၊ စာပေတွေ ဖတ်သင့်တယ်။ ဟောပြောပွဲတွေ တက်သင့်တယ်။ ကိုယ်သိတဲ့ အသိတွေကို ဖြန့်ပေး ကြမယ်။ ဒါဆိုရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ ကျန်းမာရေးအသိပညာတွေရှိလာမှာဖြစ်ပါတယ်” ဟု ဒေါက်တာစိုးလွင်က ပြောသည်။

ပြည်သူလူထုထဲတွင် မျိုးဆက်ပွားကျန်းမာရေး အသိရှိသူဦးရေက နည်းပါးနေသေးကြောင်း၊ ယခုအခါ ပိုမိုလွတ်လပ်ပွင့်လင်းလာသဖြင့် ယခင်ကနှင့် စာလျှင် မလိုချင်ဘဲ ကလေးရနိုင်ခြေ ပိုမို မြင့်မားလာ ကြောင်း၊ သို့ဖြစ်ရာ လူငယ်လူရွယ်များကို မျိုးဆက် ပွားကျန်းမာရေးအသိပညာပေးရန် အရေးကြီး ကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top