Healthy Life Ad
Health Tips

စိတ်ဖိစီးမှုများနေကြောင်း ခန္ဓာကိုယ်က အချက်ပြနေသည့် သင်္ကေတ ၁၂ ရပ်

ကိုမိုး

စိတ်ခံစားချက်တွေက ခန္ဓာကိုယ်ပြင်ပ ပြောင်းလဲမှုတွေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ၊ ပူပင်သောကများတဲ့အခါ ခန္ဓာကိုယ်မှာ နာကျင်မှုဝေဒနာ ဖြစ်ပေါ်တတ်ပါတယ်။

ဦးခေါင်း
စိတ်ဖိစီးမှုများလွန်းတာက ခေါင်းကိုက်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ပူပင်သောက များတာကြောင့် ဖိစီးမှုများကာ ခေါင်းကိုက်ရပါတယ်။

စိတ်ဖိစီးမှုကြောင့် ခေါင်းမကိုက်စေဖို့ နေ့တိုင်း အချိန်ယူပါ။ စိတ်ရောကိုယ်ပါ အနားယူပြီး ဘာကိုမှ မတွေးတောပါနဲ့။ ခဏလေး အနားယူလိုက်တာကြောင့် လန်းဆန်းနေပါလိမ့်မယ်။ ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်း နေထိုင်တာကြောင့် အလုပ်ပိုတွင်လာပါလိမ့်မယ်။

လည်ပင်း
တခြားသူတွေအပေါ် မကျေနပ်တဲ့ စိတ်ဖြစ်ပေါ်တဲ့အခါ လည်ပင်းတောင့်တင်း နာကျင်တတ်ပါတယ်။ တစ်စုံတစ်ယောက် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်နိုင်စွမ်း မရှိတဲ့အခါ လည်ပင်းနာကျင် တောင့်တင်းတတ်ပါတယ်။

ကိုယ့်သဘောထားကို ပြောင်းလဲလိုက်ပါ။ ဘယ်သူကမှ ကိုယ့်စိတ်ကို နာကျင်အောင် မလုပ်နိုင်ဘူးဆိုတဲ့ အတွေးကို တွေးပါ။ ဘယ်အရာမဆို လွယ်လွယ်လေးပါလို့ သဘောထားပြီး ခွင့်လွှတ်လိုက်ပါ။ ကိုယ်ချစ်တဲ့ အရာတွေအကြောင်းကိုပဲ ပိုတွေးပါ။

ပခုံး
ဝန်ထုပ်ဝန်ပိုးဖြစ်တာနဲ့ စိတ်ဖိအားများတာတွေကြောင့် ပခုံးနာကျင်တောင့်တင်းရတတ်ပါတယ်။ တစ်ခုခုကို ဆုံးဖြတ်ချက် မချနိုင်တဲ့အခါ ဝန်ထုပ်ဝန် ပိုးဖြစ်ပြီး ပခုံးနာကျင်တတ်ပါတယ်။

အရင်းနှီးဆုံးမိတ်ဆွေဆီ ဝန်ထုပ်ဝန်ပိုးကိုမျှဝေပါ၊ ဒါဆိုရင် စိတ်ခံစားမှု ပေါ့ပါးသက်သာသွားပါလိမ့်မယ်။ ကိုယ့်စိတ်ထဲ ပူပင်နေရတာကို ပြောပြလိုက်ရင် အခက်အခဲတွေကို ဖြေရှင်းနိုင်လိုက်သလို ဖြစ်စေပြီး ပြဿနာအတွက် ရိုးစင်းတဲ့အဖြေကို ရှာတွေ့မှာပါ။

နောက်ကျော
စိတ်ထဲမှာ မလုံခြုံသလို ခံစားရတာကြောင့် နောက်ကျော နာကျင်တောင့်တင်းတတ်ပါတယ်။ လူတွေက မချစ်ဘူး၊ မလေးစားဘူးလို့ ထင်တဲ့အခါ နောက်ကျောတောင့်တင်းမှု ဖြစ်တတ်ပါတယ်။

ပေါင်းသင်းရခက်တဲ့ လူတွေနဲ့ များများ တွေ့ကြည့်ပါ။ ပွင့်ပွင့်လင်းလင်းနဲ့ ရင်းနှီးလွယ်တဲ့ ပုံစံမျိုးနေပါ။ မိတ်ဆွေသစ်တွေတွေ့ပါ၊ ချိန်းပါ၊ ချစ်တဲ့ စိတ်နဲ့ တွေ့ဆုံခင်မင်ပါ။

ခါး
ငွေရေးကြေးရေးအရ ပူပင်စိတ်ရှိရင် ခါးနာတတ်ပါတယ်။ ချမ်းသာတဲ့ဘဝမှာ နေချင်စိတ်များတာ၊ ငွေအတွက် တစ်ချိန်လုံး ပူပင်နေတာတွေကြောင့် ခါးနာတတ်ပါတယ်။

ငွေက ပျော်ရွှင်မှုကို မဝယ်နိုင်ပါဘူး။ ဒါကြောင့် ငွေအတွက် ပူပင်မနေပါနဲ့။ ဘဝမှာ အကောင်းဆုံးက ပေါ့ပေါးပါးပါး နေတတ်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့ အရာကို လုပ်ပါ၊ ဒါဆိုရင် ပျော်ရွှင်မှုရလာပါလိမ့်မယ်။

တံတောင်ဆစ်
တံတောင်ဆစ်ဟာ ပျော့ပျောင်းသန်စွမ်းမှု မရှိဘဲ နာကျင်နေရင် ဘဝမှာအသစ်ကို ရင်ဆိုင်ဖို့ ထိတ်လန့်နေလို့ ဖြစ်နိုင်ပါတယ်။

ဘဝက ခက်ခဲလွန်းတယ်၊ ရှုပ်ထွေးလွန်းတယ်လို့ တစ်ခါတစ်ရံ တွေးမိတတ်ပါတယ်။ တကယ်တမ်း ဘဝက ရှုပ်ထွေးပါတယ်။ ဘယ်လောက်ပဲ ရှုပ်ထွေးပါစေ၊ စွမ်းအင်ကို အဆုံးရှုံးမခံပါနဲ့၊ ရင်ဆိုင်ဖြေရှင်းပါ၊ အကောင်းမြင်ပါ။

လက်
လက်နာကျင်တာက မိတ်ဆွေသူငယ်ချင်း လိုအပ်နေကြောင်း၊ အနားယူဖို့ လိုအပ်နေကြောင်း၊ မိတ်ဆွေကောင်းတွေနဲ့ စကားစမြည်ပြောဖို့ လိုအပ်နေကြောင်း ပြသတဲ့ လက္ခဏာပါ။

မိတ်ဆွေသစ်ဖွဲ့ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နေ့လယ်စာအတူစားပါ။ အားကစားပွဲတွေ သွားကြည့်ပါ၊ ဂီတပွဲတွေ သွားကြည့်ပါ။ လူတွေနဲ့ တစ်သားတည်းဆိုတဲ့ ခံစားချက်ရအောင် ကြိုးစားပါ။ မိတ်ဆွေသစ်တွေနဲ့ မိတ်ဖွဲ့ပေါင်းသင်းပါ။

တင်ပါး
သက်သောင့်သက်သာနေဖို့ ကြိုးစားရုန်းကန် နေရသူတွေက တင်ပါးနာကျင်မှု ဝေဒနာကို ခံစားရတတ်ပါတယ်။ အပြောင်းအလဲကြောက်တဲ့ စိတ်၊ ဆုံးဖြတ်ချက်ချနိုင်ဖို့ ခက်ခဲတဲ့စိတ်နဲ့ ဘဝမှာ ပြောင်းလဲမှုအသစ် ဖြစ်အောင် ကြိုးစားရတဲ့ စိတ်တွေက တင်ပါးနာကျင်မှု ဖြစ်စေတဲ့ အကြောင်းတွေပါ။

ဘဝက ပြောင်းလဲနေပါတယ်၊ ဘဝက စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ဘဝရဲ့ပြောင်းလဲမှုတွေက စိတ်လှုပ်ရှားစရာ အပြည့်ပါ။ ဒါကြောင့် အရေးပါတဲ့ ဆုံးဖြတ်ချက်ချဖို့ မကြောက်ပါနဲ့။

ဒူး
ကျွန်တော်တို့က ကိုယ့်အကြောင်းကို အများ ကြီးတွေးတဲ့အခါ ဒူးနာတဲ့ ဝေဒနာ ဖြစ်တတ်ပါတယ်။

ကမ္ဘာလောကကြီးထဲ ကိုယ်တစ်ယောက်တည်းရှိတာ မဟုတ်သလို ကိုယ်တစ်ယောက်တည်း ဒုက္ခရောက်နေတာ မဟုတ်ပါဘူး။ တခြားသူတွေကို အာရုံစိုက်ပါ၊ သင့်မိတ်ဆွေရဲ့ အသံကို နားဆင်ပါ၊ သင့်မိခင်ကို ကူညီပါ၊ သင့်လုပ်ဖော်ကိုင်ဖက်တွေကို ဂရုစိုက်ပါ။ လူတွေကို များများ ယူညီပါ။

ခြေသလုံး
စိတ်ထဲမှာ တင်းကျပ်မှုများတဲ့အခါ ခြေသလုံး နာကျင်တဲ့ဝေဒနာ ခံစားရတတ်ပါတယ်။ အိမ်ထောင်ရေးအတွက် ပူပင်သောကများလွန်းတာနဲ့ မနာလိုတာတွေက ခြေသလုံးနာကျင်တဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

သင်ရဲ့ ချစ်သူ/အိမ်ထောင်ဖက်ကို ယုံကြည်ပါ၊ လေးစားတန်ဖိုးထားပါ။ အပန်းဖြေပြီး သင့်အိမ်ထောင်ဖက်ကို အလွန်အမင်း မထိန်းချုပ်ပါနဲ့။

ခြေကျင်းဝတ်
ခြေကျင်းဝတ်နာကျင်မှုဆိုတာ ဘဝမှာ ကြည်နူးပျော်ရွှင်မှု လိုအပ်ကြောင်း ပြသရာ ရောက်ပါတယ်။ အလုပ်ကို တစ်ချိန်လုံး လုပ်နေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

အခုချိန်က ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ရမယ့် အခိုက်အတန့်ပါ။ အိပ်ရေးဝ၀ အိပ်စက်အနားယူပါ၊ အလုပ်ကို တစ်ခါတစ်ရံ မေ့ထားလိုက်ပါ၊ ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝမှာနေပါ။ ဒါမှမဟုတ် ခရီးတိုတစ်ခုကို စိတ်ကူးယဉ်ကြည့်ပါ။

ခြေထောက်
ဘဝနဲ့ ယှဉ်ပြီး တစ်ခုခုလွဲမှားတယ်ဆိုတဲ့ အသိ ဖြစ်ပေါ်တဲ့အခါ ခြေထောက်နာတတ်ပါတယ်။

ပျော်ရွှင်မှုနည်းနည်းလေးတွေကိုတောင် ရယူဖို့ အာရုံစိုက်ပါ။ ကမ္ဘာမြေ ဘယ်လောက်လှတယ်၊ လူတွေ ဘယ်လောက်ချစ်စရာ ကောင်းတယ်ဆိုတာ လေ့လာပါ၊ ဖြစ်နိုင်ရင် အမွေးဖားဖားနဲ့ ခွေးလေးတစ်ကောင်မွေးပါ၊ ဝါသနာအသစ်တစ်ခုကို စမ်းကြည့်ပါ။ ဘဝမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေနဲ့ ပြည့်စုံအောင် ဖန်တီးတည်ဆောက်ကြည့်ပါ။

နိဂုံး
အချုပ်အားဖြင့်ပြောရရင် ကိုယ့်ကိုယ်ကိုယ်ချစ် မြတ်နိုးဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်ဖို့ဆိုတာ ဖိစီးမှုကင်းတဲ့ ဘဝအတွက် အခြေခံအကျဆုံး အရာပါ။ ပြီးရင် တစ်ဆင့်တက်ပြီး တခြားသူတွေကို ချစ်ပါ၊ တန်ဖိုးထားပါ၊ လူတွေနဲ့ များများ ပေါင်းသင်းပါ၊ ပြုံးပြပါ၊ ကျန်းမာစွာနေထိုင်ပါ။
Ref; HD

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top