Healthy Life Ad
Life Style

ကိုယ်ဝန်ရှိစဉ် ရင်ပူနေသလား . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ရင်ပူရင် ကလေးက ဆံပင်တွေသန်လိမ့်မယ်ဆိုတဲ့ ရှေးအယူအဆ တစ်ခုရှိပါတယ်။ တကယ်တမ်းမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးအများစုဟာ ရင်ပူတဲ့ဝေဒနာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်ရှိလာတဲ့ ဟော်မုန်းတွေနဲ့ သန္ဓေသားကြောင့် ကြီးထွားလာတဲ့ သားအိမ်က အစာအိမ်ပေါ် ဖိထားတာတွေ ပေါင်းစပ်ပြီး အစာအိမ်အက်စစ် ဆန်တက်ကာ ရင်ပူဝေဒနာ ဖြစ်လာရတာပါ။ ဒီလိုရင်ပူတာကြောင့် ကိုယ်ဝန်ဆောင်မိခင်ကို မအီမသာ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ရင်ပူရသော အကြောင်းရင်း
အစာရေမျိုပြွန်အောက်ပိုင်းထဲကို အစာအိမ်အက်စစ်တွေ ရောက်ရှိရာမှ ရင်ဘတ်နာကျင်ပြီး ပူလောင်တဲ့ ဝေဒနာက ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အီစထရိုဂျင်ဟော်မုန်း အဆင့်မြင့်တက်တာကြောင့် အစာအိမ်ရှိ ကြွက်သားလျော့ရဲမှု ဖြစ်လာပြီး အက်စစ်တွေက အထက်ကို ဆန်တက်မှု ဖြစ်လာပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ရင်ပူခြင်း မဖြစ်စေရန်
ကိုယ်ဝန်ဆောင်ချိန်အတောအတွင်းမှာ ရင်ပူတာကို သက်သာစေတဲ့နည်းတွေက အများကြီးပါ။ လွယ်ကူပြီး လိုက်နာရ အဆင်ပြေတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

– အစာနည်းနည်း စားပါ
အစာကို တစ်ကြိမ်တည်းနဲ့ များများစားမယ့်အစား နည်းနည်းနဲ့ မကြာခဏ စားပေးသင့်ပါတယ်။ အစာအိမ်ထဲ အစာတွေ ပြည့်တဲ့အထိ အစာကို မစားသင့်ပါဘူး။

– အစာအိမ်ကို မသက်မသာဖြစ်စေသော အစားအသောက်များ ရှောင်ပါ
ဟင်းခတ်အမွှေးအကြိုင်ကဲတဲ့ အစားအသောက်တွေ၊ ချောကလက်၊ ပူရှိန်းနဲ့ ချဉ်တဲ့ အစားအသောက်တွေက ရင်ပူဝေဒနာဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အစာအိမ်ကို မသက်မသာဖြစ်စေတဲ့ အစားအသောက်တွေက လူတစ်ဦးနဲ့ တစ်ဦးမှာ မတူညီတတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူဝေဒနာကို ဖြစ်စေတဲ့ အစားအသောက်တွေကို မှတ်ထားပြီး ရှောင်သင့်ပါတယ်။

– ပက်လက်လှန် မအိပ်ပါနှင့်
ပက်လက်လှန်အိပ်တဲ့အခါ အက်စစ်တွေက အထက်ကိုအလွယ်တကူ ဆန်တက်စေနိုင်တာကြောင့် ရင်ပူဝေဒနာ ဖြစ်လွယ်တတ်ပါတယ်။ အိပ်တဲ့အခါ ခုတင်ခေါင်းရင်းကို မြှင့်ထားပေးပါ။ ဒါမှ ဦးခေါင်း၊ ပခုံးနဲ့ အစာအိမ်တွေ အနည်းငယ်မြင့်နေပြီး ရင်ပူဝေဒနာသက်သာစေမှာပါ။

– မအိပ်ခင် အစာများများ မစားပါနှင့်
အိပ်ရာမဝင်ခင်မှာ အစာများများ စားပြီး မအိပ်သင့်ပါဘူး။

အခြားနည်းလမ်းများ
အထက်က နည်းလမ်းတွေကို သုံးပေမယ့် ရင် ပူဝေဒနာက မသက်သာရင် ဆေးဝါးမှီဝဲသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုဒီယမ်ပါတဲ့ အက်စစ်တားဆေးကို ရှောင်သင့်ပါတယ်။ ကယ်လ်စီယမ် ပါဝင်တဲ့ အက်စစ်တားဆေးကို ဆောင်ထားပါ။ သင်နဲ့ သင့်တော်တဲ့ ရင်ပူဝေဒနာသက်သာဆေးကို ဆရာဝန်ထံ မေးမြန်းပြီး ဆောင်ထားသင့်ပါတယ်။

သတင်းကောင်း
ကိုယ်ဝန်ဆောင်ကာလပြီးဆုံးလို့ ရင်သွေးလေးမွေးပြီးချိန်မှာ အမျိုးသမီးအများစုဟာ ရင်ပူဝေဒနာ ပျောက်သွားတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top