Healthy Life Ad
Child

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပတ်သက်၍ ကလေးမိဘတို့ အမေးများသော မေးခွန်းများ

ပါမောက္ခဦးစောဝင်း
ကလေးအထူးကု ဆရာဝန်ကြီး
အမျိုးသားကာကွယ်ဆေးအကြံပေးကော်မတီ ဒုတိယဥက္ကဌ၊
အရှေ့တောင်အာရှဒေသကြီး ကာကွယ်ဆေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဖြေကြားသည်။
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

မြန်မာနိုင်ငံတွင် အသက် ၉လမှ ၁၅ နှစ်အ ရွယ် သားသားမီးမီးများကို ဂျပန်ဦးနှောက်ရောင် ရောဂါရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံခြင်း အစီအစဉ်ကို ၁၅-၁၁-၂၀၁၇ ရက်နေ့မှ ၂၃-၁၁-၂၀၁၇ ရက်နေ့အထိ အသက် ၅ နှစ်မှ ၁၅ နှစ်ကလေးများအတွက် ပထမအကြိမ်၊ ၁၁-၁၂-၂၀၁၇ ရက်နေ့မှ ၂၀-၁၂-၂၀၁၇ ရက်နေ့အထိ အသက် ၉လမှ ၅ နှစ်ကလေးများနှင့် ပထမအကြိမ်တွင် ဆေးထိုးရန် ကျန်သော ကလေးများအတွက် ဒုတိယအကြိမ် ပြုလုပ်လျက်ရှိရာ ယခုကာကွယ်ဆေးထိုးအစီအစဉ်နှင့် ပတ်သက်ပြီး ကလေးမိဘတို့ အမေးများသော မေးခွန်းများကို ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးစောဝင်းက ပြန်လည် ဖြေကြားပေးလိုက်ပါသည်။

Q. ကလေးမှာ G6PD ရှိရင် ထိုးလို့မရဘူးဆိုပြီး စာရွက်တစ်ရွက်ထဲမှာ တွေ့လို့ပါ။ ဟုတ်ပါသလားရှင့်။
A. အဲဒီစာရွက်က မှားနေပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရွက် မဟုတ်ပါဘူး။ ကလေးမှာG6PD ရှိလည်း ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးလို့ ရပါတယ်။

Q. ကလေးမှာ မွေးရာပါ နှလုံးရောဂါ၊ နှလုံးအပေါက်ပါတာ၊ နှလုံးသွေးကြောကျဉ်းရောဂါ စတာတွေရှိရင် ကာကွယ်ဆေး ထိုးလို့ရပါသလား။
A. ကလေးမှာ ဒီရောဂါတွေ ရှိပေမယ့် လတ်တလောမှာ ကျန်းမာနေတယ်ဆိုရင် ကာကွယ်ဆေးထိုးလို့ရပါတယ်။

Q. သားလေးက flixotide နဲ့ ventolin ဆေးတွေ ရှူနေရပါတယ်။ ကာကွယ်ဆေး ထိုးလို့ရပါသလား။
A. .ရှူဆေးတွေ ရှူနေရလည်း ကာကွယ်ဆေး ထိုးလို့ရပါတယ်။

Q. ဘယ်လိုကလေးတွေက ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး လုံးဝမထိုးသင့်ဘူးလဲ ဆရာ။
A. အခုအသုံးပြုမယ့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး (SA 14-14-2, Live JEV) ကို အရင်အကြိမ်ထိုးနှံခဲ့စဉ်က ပြင်းထန်တဲ့ နောက်ဆက် တွဲပြဿနာ ဒါမှမဟုတ် ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေဖြစ်ပွားခဲ့ရင် မထိုးနှံရပါဘူး။ ကာကွယ်ဆေးမှာ ပါဝင်တဲ့ ပစ္စည်းတစ်မျိုးမျိုး (ဥပမာ-Gelatin, Gentamycin, Sucrose, Human Serum Albumin and Carbamide))နဲ့ ပြင်းထန်သောဓာတ်မတည့်မှု ဖြစ်ဖူးရင် ထိုးလို့မရပါဘူး။

မွေးရာပါ ဒါမှမဟုတ် ရောဂါကြောင့်ပဲဖြစ်ဖြစ် (ဒါမှမဟုတ်) ဆေးဝါးကြောင့်ပဲဖြစ်ဖြစ် ခုခံအားစနစ်ကျဆင်းရင် (ဒါမှမဟုတ်) HIV ပိုးနဲ့ ခုခံအားကျနေ ရင်၊ AIDS ရောဂါလက္ခဏာတွေ ရှိရင် ထိုးလို့မရပါဘူး။
ကုသမှုခံယူပြီး ဆေးသောက်နေပေမယ့်လည်း အတက်ရောဂါ မကြာခဏဖြစ်နေရင်၊ (နဂိုကတည်း က အတက်ရောဂါရှိပေမယ့် ဆေးနဲ့ ထိန်းထားနိုင်ရင် ထိုးလို့ရပါတယ်။) ဆိုးရွားပြင်းထန်တဲ့ နာတာရှည် ရောဂါကို လတ်တလောမှာ ပြင်းပြင်းထန်ထန် ခံစား နေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေ မထိုးရပါဘူး။

Q. ကာကွယ်ဆေးကို အခုလောလောဆယ်မှာ ထိုးလို့မရပေမယ့် ဒီဇင်ဘာလထဲမှာ ပြန်ထိုးလို့ရတဲ့ အခြေအနေတွေကိုလည်း ပြောပြပေးပါဆရာ။
A. . ကာကွယ်ဆေးကို ရက်ရွှေ့ဆိုင်းပြီး ထိုးပေးရမယ့်သူတွေကတော့- လတ်တလော အပူကြီးပြီး ဖျားနေရင်၊ လတ်တလော ကူးစက်ရောဂါဖြစ်ပွားနေရင်၊
တီဘီရောဂါ ဖြစ်ပွားနေပြီး ဆေးကုသမှု မခံယူရသေးရင် ဒါမှမဟုတ် တီဘီဆေးစသောက်နေတာ နှစ်လမပြည့်သေးရင်၊ နားအလယ်ခန်း ရောင်ရမ်းနေရင်၊
Prednisolone, Hydrocortisone စတဲ့ စတီး ရွိုက်ဆေးတွေကို ပမာဏများစွာ သောက်သုံး/ထိုးနှံ နေရရင်၊ ကင်ဆာရောဂါရှိရင်၊ လတ်တလောမှာ ခွဲစိတ်မှုခံယူထားရရင် ကာကွယ်ဆေး ထိုးဖို့ ရက်ရွှေ့ဆိုင်းရပါမယ်။ ရောဂါအခံတစ်ခုခုကြောင့် ဆေးဝါး တစ်မျိုးမျိုး သောက်နေရတဲ့ ကလေးတွေဆိုရင်တော့ လက်ရှိပြသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Q. အသိမိတ်ဆွေရဲ့ ကလေးလေး ကာကွယ်ဆေး ထိုးလိုက်တာ ဖျားပြီး အရေပြားယားနေတဲ့အတွက် ကျွန်မ ကလေးကို ထိုးဖို့ စိတ်ပူနေပါတယ် ဆရာ။
A. ကာကွယ်ဆေးထိုးပြီးရင် ဖျားတာတော့ ဖြစ်နိုင်ပါ တယ်။ အရေပြားယားတာကတော့ တိုက်ဆိုင်တာ လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖျားတာနဲ့ ယားတာက ဆေးလေး ပေးလိုက်ရင် သက်သာပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါက မြန်မာ တစ်နိုင်ငံလုံး ဆင်းရဲချမ်းသာမရွေး ဖြစ်နိုင်ပါတယ်။ ဂျပန်ဦး နှောက်ရောင်ရောဂါက ကုသလို့မရပါ။ ကာကွယ်ဆေးနဲ့ပဲ ကာကွယ်လို့ရပါတယ်။ ရောဂါပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဦးနှောက်ရောင် ရောဂါတွေက မြန်မာနိုင်ငံမှာ ငါးနှစ်အောက်ကလေး သေဆုံးမှုရဲ့ တတိယအများဆုံးရောဂါဖြစ်တဲ့အတွက် ကာကွယ်ဆေးကို ပြောထားတဲ့ အခြေအနေတွေက လွဲရင် ထိုးကြပါ။ ကာကွယ်ဆေးမထိုးခင်မှာလည်း ကျန်းမာရေးဝန်ထမ်းတွေက လိုအပ်တဲ့ ကြိုတင်မေးမြန်းမှုတွေ ပြုလုပ်သွားမှာဖြစ်လို့ မိဘတွေ အစိုးရိမ် မလွန်စေချင်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top