Healthy Life Ad
Life Style

အနာကြီးရောဂါ

ဒေါက်တာသန်းစိန် (ဥက္ကဌ-ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း)၊ နာယက(ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာအဖွဲ့)ညွှန်ကြားရေးမှူး-ငြိမ်း(ကမ္ဘာ့ကျန်းမာရေးအဖွဲ့)

မေး။ ။ ပြည်သူလူထုအတွင်းမှာ အနာကြီးရောဂါ အသစ်တွေ့နေရတဲ့အကြောင်း သိပါရစေဆရာ။
ဖြေ။ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက နှစ်စဉ်လူနာအသစ်သုံးထောင် ပုံမှန်တွေ့နေပါတယ်။ ဒီလိုတွေ့နေတဲ့ လူနာရှိနေသရွေ့ လူထုထဲမှာ ကူးစက်တဲ့ လူနာရှိနေမှာပဲ၊ အဲဒီလိုကူးစက်တဲ့ လူနာရှိနေရင် ဒီရောဂါက မပပျောက်ဘူး၊ အဲဒါကြောင့် ကူးစက်တဲ့ လူနာကို ရှာရပါမယ်။ အနာကြီးရောဂါမှာ ကူးစက်တဲ့ ရောဂါသည်နဲ့ မကူးစက်တဲ့ ရောဂါသည်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကူးစက်တဲ့ရောဂါသည်တွေရှိနေလို့သာ လူထုထဲမှာ အနာကြီးရောဂါမပပျောက်ဘဲ နှစ်တိုင်းနှစ်တိုင်း လူနာအသစ်တွေကို တွေ့နေရတာဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ကူးစက်ခံရတယ်။ သူတို့ကလည်း တခြားသူတွေဆီကိုကူးစက်တယ်။
ကူးစက်တတ်တဲ့အနာကြီးရောဂါက သဘာဝအားဖြင့် နှာရည်လို အသက်ရှူလမ်းကြောင်းက တစ်ဆင့် တခြားသူကို ကူးစက်ပါတယ်။ အရေပြား ကနေတစ်ဆင့် မကူးစက်ပါဘူး။ ရောဂါပိုးက အထဲမှာရှိပြီး တခြားသူကို မကူးစက်တဲ့ အနာကြီးရောဂါလည်း ရှိပါတယ်။

မေး။ ။ အနာကြီးရောဂါအသစ်တွေက မြန်မာနိုင်ငံ ဘယ်နေရာတွေမှာ တွေ့ရလေ့ရှိပါသလဲ ဆရာ။
ဖြေ။ ။ အရင်တုန်းကတည်းက အနာကြီးရောဂါအဖြစ်များတဲ့ ဒေသတွေက မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေဖြစ်ပါတယ်။ ဒီလို အပူပိုင်းဒေသမှာ ဖြစ်သလိုပဲ မြန်မာနိုင်ငံအနှံ့ အပြားမှာလည်းဖြစ်နေတာ တွေ့ရပါတယ်။

မေး။ ။ ဘယ်လိုအရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာ။
ဖြေ။ ။ အနာကြီးရောဂါက အရွယ်တိုင်းမှာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အနာကြီးရောဂါက နာတာရှည် ရောဂါဖြစ်တယ်၊ ကူးစက်တာလည်း ကြာတယ်၊ အသက်ငယ်ငယ်လေးကတည်းက အနာကြီးရောဂါပိုး ဝင်သွားပေမယ့် အသက် ၁၅ နှစ်-၂၀ ကျမှ ရောဂါ ပေါ်လာတယ်။ အသက် ၁၀ နှစ်အောက် ကလေး တွေမှာလည်း ရောဂါပေါ်နိုင်ပါတယ်။ ဒီလိုကလေးတွေက အနာကြီးရောဂါကို မွေးစကတည်းက ကူးခံရလို့ပါ။

မေး။ ။ အနာကြီးရောဂါဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
ဖြေ။ ။ အနာကြီးရောဂါလက္ခဏာတွေက ပထမဆုံးပေါ်တာက အရေပြားမှာ အရောင်ပြောင်းသွားတာ၊ များသောအားဖြင့် အနီကွက်၊ အဖြူကွက်ပေါ်တာတို့ ဖြစ်ပါတယ်။ လူနာတွေက ပေါ်လာတဲ့ အနီကွက်၊ အဖြူကွက်တွေကို ပွေး၊ ခရုသင်းသမင်ဖြူ စတဲ့ တခြားအရေပြားရောဂါတွေလို့ ထင်ပြီး သူတို့ ဘာသာ ကျိတ်ကုရင်း မပျောက်တော့မှ ဆရာဝန် ဆီရောက်လာတာများပါတယ်။ များသောအားဖြင့် အဲဒီလိုအရေပြားအကွက်တွေပေါ်လာပြီး ငါးနှစ်- ခြောက်နှစ်အတွင်းမှာ အာရုံကြောကို ရောက်သွားတယ်။ အဲဒီအခါ လက်တွေ၊ ခြေတွေ မလှုပ်ရှားနိုင်တာစဖြစ်လာပါတယ်။ လက်၊ ခြေတွေမလှုပ်နိုင်ရာက ထုံပြီး ပူလို့ ပူမှန်း မသိ၊ အေးလို့ အေးမှန်း မသိဖြစ်လာတယ်။ အဲဒီအခါ အနာဖြစ်လာတယ်၊ အနာမှန်းမသိတော့ လက်တွေခြေတွေ ပြတ်သွားတယ်။ အဲဒီတော့မှ အနာကြီးရောဂါ ဖြစ်နေပါ့လား လို့သိပြီး ဆေးရုံ၊ ဆေးခန်းကို ရောက်လာကြတယ်။ အဲဒီအခါ ဆေးကုလိုက်ရင် အနာကြီးရောဂါပဲ ပျောက်ပါတယ်။ လက်ထုံ၊ ခြေထုံတာနဲ့ မသန်စွမ်း တာတွေက မပျောက်တော့ပါဘူး။ မကူးစက်တဲ့ အနာကြီးရောဂါဆိုရင် ဆေးပေါင်း (Multi-drug therapy)ကို ခြောက်လသောက်ရင် ပြီးသွားပြီ။ ကူးစက်တတ်တဲ့ အနာကြီး ရောဂါဆိုရင် ဆေးပေါင်းခြောက်လအပြင် နောက်ထပ်တစ်နှစ်အထိ ဆေးဆက်သောက်ရပါတယ်။ အဲဒါဆိုရင် ရောဂါပိုးပျောက်သွားပါတယ်။

မေး။ ။ ကူးစက်တတ်တဲ့ အနာကြီးရောဂါသည်ရဲ့ ဘေးပတ်ဝန်းကျင်က လူတွေက အနာကြီးရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အနာကြီးရောဂါအတွက် အရင်တုန်းက ဆေးပေါင်း(Multi-drug therapy)ကို လူနာတွေကို ပေးခဲ့ပါတယ်။ လူနာရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆွေမျိုးသားချင်းနဲ့ ကလေးတွေကို ဆေးမပေးရဘူး။ အခုနောက်ပိုင်း ဒီဆွေမျိုးသားချင်းနဲ့ကလေးတွေကို ဆေးပေးဖို့ဆိုပြီး ဆေးအသစ်ပေါ်လာပါတယ်။ အဲဒါကို စမ်းသပ်စစ်ဆေးနေပါပြီ။ နောက်တစ်ခုက မွေးမွေးချင်း ကလေးတွေကို အဆုတ်ရောဂါကာကွယ်ဆေးအနေနဲ့ ထိုးရတဲ့ ဘီစီဂျီ ကာကွယ်ဆေးထိုးထားရင် အသက်အရွယ်ကြီး လာတဲ့အခါ အနာကြီးရောဂါဖြစ်နှုန်း လျော့ကျသွားတာကို တွေ့ရှိရပါတယ်။

မေး။ ။ အနာကြီးရောဂါက မျိုးရိုးလိုက်တတ်ပါသလား ဆရာ။
ဖြေ။ ။ အနာကြီးရောဂါက မျိုးရိုးလိုက်တာ မဟုတ်ပါဘူး။ ကူးစက်တဲ့ အနာကြီးရောဂါဖြစ်နေတဲ့ လူထုထဲမှာ နေမိလို့ အဲဒီကတစ်ဆင့် ကူးစက်တာပါ။ မိဘက မကူးစက်တဲ့ အနာကြီးရောဂါ ဖြစ်နေရင် သူ့သားသမီးတွေကို မကူးပါဘူး။ ကူးစက်တတ်တဲ့ အနာကြီးရောဂါက လူထုထဲမှာ များများရှိနေလို့သာ အနာကြီးရောဂါလူနာအသစ်တွေ ပေါ်နေ တာဖြစ်ပါတယ်။

မေး။ ။ အနာကြီးရောဂါနဲ့ပတ်သက်ပြီး ထပ်မံပြောလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ အနာကြီးရောဂါရှိပေမယ့် ဆေးကို တကယ်ကု ရင်ပျောက်တယ်ဆိုတာ အခုထက်ထိ တချို့လူ တွေက မသိကြသေးပါဘူး။ အနာကြီးရောဂါအတွက် ထိရောက်တဲ့ ဆေးကုထုံးတွေ ပေါ်နေပြီ ဖြစ်လို့ အရေပြားမှာ အဖြူကွက်၊ အနီကွက်တွေပေါ်ရင် သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေကို သွားပြဖို့ အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top