Healthy Life Ad
International

ကမ္ဘာ့အကျန်းမာဆုံး နိုင်ငံစာရင်းတွင် မြန်မာအဆင့် ၁၃၅ ချိတ်

မိုးမင်းထွန်း
၁၈၈ နိုင်ငံစာရင်းမှာ အိုက်စလန်က နံပါတ်တစ်ချိတ်ပြီး သူ့နောက်မှာ စင်ကာပူ၊ ဆွီဒင်တို့ ရှိနေပါတယ်။ ဗဟိုအာဖရိကရီပတ်ဗလစ်နိုင်ငံ၊ ဆိုမာလီယာနဲ့တောင်ဆူဒန်တို့က ဇယားအောက်ဆုံးမှာ အသီးသီးရပ်တည်နေပြီး မြန်မာနိုင်ငံက အဆင့် ၁၃၅ ချိတ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိပေမယ့် အိန္ဒိယက အဆင့် ၁၄၃ သာ ချိတ်ပါတယ်။ စစ်ပွဲနဲ့ အကြမ်းဖက်မှုတွေကြောင့် လစ်ဗျားနိုင်ငံနဲ့ ဆီးရီးယားတို့က မျှော်မှန်းထားတာထက် ကျန်းမာရေးအခြေအနေ နိမ့်ကျနေပါတယ်။ အမေရိကန်ပြည်ထောင်စုက အဆင့် ၂၈မှာ ရပ်တည်နေပြီး အရက်သောက်သုံးမှု၊ ကလေးအရွယ်အဝလွန်မှုတွေနဲ့ ဆက်စပ်တဲ့သေဆုံးမှုတွေကြောင့် အဆင့်နိမ့်ကျနေတာဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးရေး ပန်းတိုင်အဖွဲ့ကပြုလုပ်တဲ့ စစ်တမ်းတွေပေါ်မှာ အခြေခံတွက်ချက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတွေကို အဆင့်သတ်မှတ်ဖို့ ၁၉၉၀ နဲ့ ၂၀၁၅ကြား ရောဂါဖြစ်ပွားမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ပတ်ဝန်းကျင်အန္တရာယ် ရှိမှုဆိုတဲ့ အချက်အလက်တွေကို အသုံးပြုခဲ့ကြတာပါ။

ကလေးအရွယ်အဝလွန်မှုနဲ့ အရက်အလွန် အကျွံသောက်သုံးမှုတို့က နိုင်ငံအများစု ရေရှည်ရင် ဆိုင်ရမယ့် စိန်ခေါ်မှုတွေဖြစ်တယ်လို့ လေ့လာမှုက သတိပေးထားပါတယ်။ တီမောလက်စတီ၊ တာဂျစ် ကစ္စတန်၊ ကိုလံဘီယာနဲ့ထိုင်ဝမ်နိုင်ငံတို့က မျှော်မှန်းထားတာထက် ကျန်းမာရေးအဆင့်အတန်း မြင့်တက်လာကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အစိုးရရဲ့ များပြားတဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် ရလဒ်ကောင်းမွန်လာပုံရကြောင်း သုတေသီတွေက ပြောပါတယ်။

အိုက်စလန်နိုင်ငံရဲ့ ဆေးရွက်ကြီးထိန်းချုပ်ရေး မူဝါဒနဲ့ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကောင်းမွန်တာကြောင့် ဆေးလိပ်သောက်သုံး သူလျော့ကျသွားကာ ရလဒ်အကောင်းဆုံး ဖြစ်နေတာလို့ဆိုပါတယ်။ နိုင်ငံငါးပုံသုံးပုံကျော်က ကိုယ်ဝန်ဆောင်နဲ့ ကလေးအရွယ် သေဆုံးမှုလျော့ကျအောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

အသည်းရောင်အသားဝါဘီရောဂါ လျော့ကျအောင် မစွမ်းဆောင်နိုင်ခဲ့ကြဘဲ ကလေးအရွယ်အဝလွန်တာနဲ့ အရက်သောက်သုံးခြင်း ဆိုးဆိုးရွားရွား မြင့်တက်လာတာတွေ့ခဲ့ရပါတယ်။ ဦးဆောင်သုတေသီ ဝါရှင်တန်တက္ကသိုလ်မှ ပါမောက္ခစတီဗင်လင်က သူတိုရဲ့ခွဲခြမ်းစိတ်ဖြာလေ့လာမှုက ကျန်းမာရေးအဆင့်မြင့်တဲ့ နိုင်ငံတွေ၊ အဆင့်နိမ့်တဲ့နိုင်ငံတွေကို သတ်မှတ်နိုင်ခဲ့ပြီး နိုင်ငံကျန်းမာရေးမူဝါဒချမှတ်ရာနဲ့ အလှူရှင်တွေဘယ်လိုနေရာတွေမှာ လှူဒါန်းရမလဲ ဆိုတာကူညီဖို့ အထောက်အကူပြုမယ်လို့ ပြောကြားလိုက်ပါတယ်။
Ref; DM

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top