Healthy Life Ad
Life Style

မွေးမေမေတို့ အာဟာရပြည့်ဖြိုး အလှတိုးစေရန်

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

မိခင်စိတ်အပြည့်ဖြင့် ကိုယ်ဝန်ဆောင်သင့်

ကိုယ်ဝန်ဆောင် လူနာတစ်ယောက်ကို ကြည့်ပြီးတိုင်း ဘာတွေဆောင်ရမယ်၊ ဘာတွေရှောင်ရမယ် စသဖြင့် ဆရာတို့က ပြောလေ့ရှိပါတယ်။ ဆေးရုံတွေမှာ မိခင်တွေက အများကြီး၊ ဆရာဝန်က တစ်ယောက်တည်း ဖြစ်တော့ အကုန်လုံးကို စုံလင်အောင် ပြောဖို့ အချိန်မရှိပါဘူး။ ဒီနေရာမှာ အဓိက ပြောချင်တာက ကိုယ်ရဲ့ ကလေးလေးကို လိုချင်လှပါပြီဆိုတဲ့ မိခင်စိတ်ရှိပြီး ကိုယ်ဝန်ဆောင်သင့်တာက အရေးကြီးဆုံး အချက်ပဲ ဖြစ်ပါ တယ်။ ကလေးကို တကယ်လိုချင်လာပြီဆိုရင် ကိုယ်က မိခင်ဖြစ်ဖို့ အဆင်သင့် ဖြစ်ပြီလား ဆိုတာကို တွေးရမယ်။ ကိုယ့်မှာ ရောဂါတွေရှိနေရင် ကိုယ့်ရောဂါကြောင့် ဒီကလေးလေးမှာ ထိခိုက်မှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်ဂရုစိုက်သင့်ပါတယ်။

ကျန်းမာတဲ့ ကလေးမွေးဖွားနိုင်ဖို့ ကိုယ်ဝန်ဆောင်ချိန် သိထားသင့်တဲ့ အချက်များ
ကျန်းမာတဲ့ ကလေးမွေးဖွားနိုင်ဖို့ ဆေးလိပ်ငွေ့ကို ဝေးဝေးရှောင်ဖို့လိုပါတယ်။ ကိုယ်တိုင်သောက်မှ ထိခိုက်တာမဟုတ်ပါဘူး။ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူမိရင်လည်း ထိခိုက်နိုင်ပါတယ်။

နောက်တစ်ချက်က ဖောလစ်အက်စစ်လို့ ခေါ်တဲ့ဆေးပြားလေးကို တစ်နေ့တစ်လုံး မှန်မှန်သောက် ဖို့လိုပါတယ်။ ကလေးတစ်ယောက် မွေးလာရင် မိခင်တွေ ပထမဆုံးမေးတဲ့ မေးခွန်းက ‘ဆရာ . . ကျွန်မကလေးလေး ကိုယ်လက်အင်္ဂါစုံရဲ့လား’ဆိုပြီး မေးတာပဲ ဖြစ်ပါတယ်။ ပြီးတော့မှ ‘ကလေးလေးက သူ့အဖေလို မည်းသလား၊ ထိပ်ပြောင်သလား’ စသ ဖြင့် မေးတတ်ကြတယ်။ ဒါကြောင့် မိမိကလေးလေး ဦးနှောက်နဲ့ ခန္ဓာကိုယ်ကျန်းမာပြီး ကိုယ်လက်အင်္ဂါ မချို့ယွင်းအောင် ၇၅ ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့ ဖောလစ်အက်စစ်ကို နေ့စဉ် သောက်သင့်ပါတယ်။ ကိုယ်ဝန်ယူဖို့ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ အနည်းဆုံး နှစ်လကြိုပြီး ဖောလစ်အက်စစ် သောက်သင့်ပါတယ်။

ကိုယ်ရဲ့ နောက်ဆုံးလာခဲ့တဲ့ ရာသီရက်ကို မှတ်မိနေဖို့ လိုပါတယ်။ အဲဒီရာသီရက်ကို မှတ်မိနေမှသာ ကလေးလေး မွေးမယ့်ရက်ကို တွက်ချက်နိုင်မှာ ဖြစ်လို့ပါ။ တချို့အမျိုးသမီးတွေကို မေးလိုက်ရင် ယောင် ဝါးဝါးတွေဖြစ်နေတတ်ပါတယ်။ တချို့ကျတော့တွေ့တဲ့ ရက်ကောက်ပြောတာလည်း ရှိပါတယ်။ ဒီရက်က အရေးကြီးတာကြောင့်ဖြစ်နိုင်ရင် ဒိုင်ယာရီမှာဖြစ်ဖြစ်၊ ပြက္ခဒိန်မှာဖြစ်ဖြစ် မှတ်ထားဖို့လိုပါတယ်။

ကိုယ့်မှာ ဘယ်လို ရောဂါတွေရှိသလဲ၊ တချို့မှာ ဆီးချို၊ သွေးတိုးစတဲ့ ရောဂါတွေရှိသလို တချို့ကျတော့ တက်တတ်တဲ့ရောဂါတွေရှိပါတယ်။ တချို့ကျတော့ ကိုယ့်မှာ ရောဂါရှိမှန်းမသိကြပါဘူး။ ဖြစ်သင့်တာက ကလေး ယူဖို့စပြီး ပြင်ဆင်ပြီဆိုရင် မိသားစု ဆရာဝန်နဲ့တိုင်ပင်ပြီး ကိုယ့်မှာ ဘာရောဂါတွေရှိနေသလဲဆိုတာ စစ်ဆေးသင့်ပါတယ်။ ရောဂါတွေရှိနေရင် ကိုယ်ဝန်ယူဖို့သင့်တော်ရဲ့လားဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ ကုသဖို့ လိုအပ်ရင် ကုသမှုခံယူပြီး အကောင်းဆုံး အခြေအနေ မှာမှ ကလေးယူသင့်ပါတယ်။ တချို့မသိဘဲ ကလေးယူပြီးမှ သွေးချိုတွေ တအားတက်လာတာမျိုး တွေ့ရပါတယ်။
ဘယ်မှာမှလည်း ဗိုက်မအပ်နိုင်၊ ရောဂါစစ်ဆေးမှုလည်း မရှိဘဲ အရပ်လက်သည်တွေနဲ့ မွေးထားတဲ့ ကလေးတွေဆိုရင် ရောဂါတွေကြောင့် ဆေးရုံတက်ရတာ များတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မဆောင်ခင်ကတည်းက ရောဂါ ရှိ၊ မရှိ စစ်သင့်တယ်၊ ဖြစ်နိုင်ရင် မင်္ဂလာမဆောင်ခင်ကတည်းက စစ်သင့်တာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံ တချို့တရားရုံးတွေမှာဆိုရင် မင်္ဂလာဆောင်မယ့် မောင်နှံတွေကို သွေးစစ်ထားပြီးပြီလား၊ အဖြေတွေ ပြပါလို့ ပြောတတ်တယ်၊ မစစ်ထားရင် လက်မှတ်မထိုးပေးပါဘူး၊ ဒါက သိပ်ကောင်းတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။

မိခင် အာဟာရ ချို့တဲ့ရင် ရောဂါပိုးတွေဝင်လွယ်ပြီး ကျန်းမာရေးထိခိုက်မယ်၊ သူကမွေးလာတဲ့ ကလေးက ကိုယ်လက်အင်္ဂါ ချို့ယွင်းပြီး ဦးနှောက်ဉာဏ်ရည် မပြည့်တဲ့ ကလေးလေး မွေးဖွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်အောင် စားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်လိုအပ်သော အာဟာရ
အာဟာရဆိုတာ လူတစ်ယောက်အတွက် အလွန် အရေးကြီးပါတယ်။ ကားတစ်စီးက ဓာတ်ဆီ မထည့်ရင် မသွားလာနိုင်သလိုပဲ လူတွေကလည်း ဘာမှမစားရင် ဘာမှမလုပ်နိုင်ပါဘူး။ မိခင် အာဟာရချို့တဲ့ရင် ရောဂါပိုးတွေဝင်လွယ်ပြီး ကျန်းမာရေး ထိခိုက်မယ်၊ သူက မွေးလာတဲ့ ကလေးက ကိုယ်လက် အင်္ဂါချို့ယွင်းပြီး ဦးနှောက်ဉာဏ်ရည်မပြည့်တဲ့ ကလေးလေးမွေးဖွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာအာဟာရပြည့်အောင် စားသင့်ပါတယ်။ အစားအသောက်ကို စုံလင်မျှတအောင် စားသင့်ပါတယ်။ တချို့အမေတွေက ကိုယ်ဝန်ဆောင်တဲ့ သမီးကို အသားတွေမစားနဲ့၊ ကလေးထွားမယ်၊ ပဲမစားနဲ့၊ ကလေးလေပါမယ် စသဖြင့် ပြောတတ်တယ်။ တစ်ခါတလေ ဘာစားရမှန်းကို မသိလောက်အောင်ပါပဲ . . အဲဒီလိုနဲ့ ထမင်းနဲ့ ငါးခြောက်ဖုတ်လေး စားနေတဲ့ ကိုယ်ဝန်ဆောင်တွေ အများကြီးရှိနေပါတယ်။ ဒါက မှားယွင်းတဲ့ အယူအဆတွေ ဖြစ်လို့ တိုက်ထုတ်ပစ်ဖို့ လိုပါတယ်။ အဲဒီအခါ ဗီတာမင်ဘီဝမ်း ချို့တဲ့ပြီး ထုံ နာကျင်နာ ဖြစ်တတ်တယ်၊ ဒါပေမဲ့ အဘိုးအဘွားတွေက ဆပ်ပြာကိုင်လို့ ဖြစ်တာလို့ ထင်တတ်တယ်၊ ဒီအခြေအနေမှာ ဗီတာမင်ဘီဝမ်းကို အမြန်ဆုံးပေးနိုင်ဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန် နှစ်ယောက်စာ စားသင့်သလား
နောက်ထပ် ကိုယ်ဝန်ဆောင်မိခင်တွေ လုပ်လေ့ရှိတဲ့ အယူအဆမှားက ဗိုက်ထဲက ကလေးအတွက်ပါနှစ်ယောက်စာ စားမယ်ဆိုတာပဲ ဖြစ်ပါတယ်။ အရင်က ငါးခါစားရင် အခု ၁၀ ခါစားမယ်ဆိုတာမျိုး လုပ်တတ်ကြတယ်။ တကယ်တမ်းကျတော့ ဗိုက်ထဲက ကလေးအတွက် အပိုဆောင်းပြီး များများစားလိုက်ရင် ကယ်လိုရီအပိုတိုင်းက အဆီအဖြစ် ခန္ဓာကိုယ်ထဲမှာ သိုလှောင်သွားတယ်။ ကလေးမွေးပြီး သွားရော ကိုယ်အလေးချိန် အဆမတန် များသွားတတ်တယ်။

နွားနို့၊ ကြက်ဥ/ဘဲဥစတာတွေကို မကျက်တကျက်မစားသောက်သင့်ဘူး။ ပိုးတွေပါတတ်လို့ အန္တရာယ်ပေးနိုင်ပါတယ်။ အသည်းစားရင် အားရှိတယ်ဆိုပြီး ကြက်သည်းကြက်မြစ်၊ ဝက်သည်း စတာတွေ နေ့စဉ်စားရင် အန္တရာယ်ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တိရစ္ဆာန်ကလီစာတွေထဲမှာ ဗီတာမင်အေပါဝင်တဲ့အတွက် ဗီတာမင်အေက များလွန်းရင် ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ကော်ဖီနဲ့ အရက်ကို မသောက်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝဖို့ လိုသလား
ကိုယ်ဝန်ဆောင်ချိန်မှာ “ဝမှ လှတယ်” ဆိုတဲ့ စကားက မှားပါတယ်။ ဝတာက ရောဂါတွေ ပိုဖြစ်လွယ်တတ်သလို ကင်ဆာတောင် ဖြစ်တတ်ပါတယ်။ စိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆိပ်တက်တဲ့ ရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတာတွေလည်း ဖြစ်တတ်ပါတယ်။ ကလေး လမစေ့တာတွေ၊ ခွဲစိတ်ရခက်ခဲတာတွေ စတဲ့ ပြဿနာတွေ ရှိတတ်တယ်။ ခွဲစိတ်မွေးဖွားရာမှာ ဝတဲ့လူနာကို ခွဲရမှာ သိပ်ကို ကြောက်ပါတယ်။ အဆီအထပ်ထပ်ကို ခွဲပြီး ကလေးကို မွေးထုတ်ရပါတယ်။ ခွဲပြီးသွားရင်လည်း အနာကျက်ဖို့ ခဲယဉ်းပါတယ်။ မေ့ဆေးပေးဖို့လည်းမလွယ်ပါဘူး။ ချုပ်ရိုးတွေကလည်း ကွဲထွက်တတ်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် မပိန်မဝ ခန္ဓာကိုယ်ကို ထိန်းသင့်ပါတယ်။ ခန္ဓာကိုယ်က သိပ်ဝနေရင်လည်း မကောင်း၊ သိပ်ပိန်နေရင်လည်း မကောင်းပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေ ကင်းအောင်
ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့မယ်၊ အန်မယ်၊ ဝမ်းချုပ်မယ်၊ ရင်ပူမယ်၊ တစ်ခါတလေ လိပ်ခေါင်းတောင် ဖြစ်နိုင်တယ် . . အန်ရင်း အန်ရင်း အသက်တောင်ပါတဲ့အထိ ဖြစ်တတ်တဲ့အတွက် သတိထားသင့်ပါတယ်။ အန်တတ်ရင် အပူအစပ်တွေ၊ အဆီများတာတွေ ရှောင်ရပါမယ်။ တချို့ဆိုရင် ဘာအစာမှ မဝင်ဘဲနဲ့ အန်ပဲ အန်နေတတ်တယ်၊ ဒါကြောင့် အစာကို နည်းနည်းစီ နည်းနည်းစီ စားပေးပြီး အအန်ပျောက် ဆေးသောက်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူရင် အဝတ်ကျပ်ကျပ်တွေမဝတ်ရဘူး။ ခေါင်းအုံး မြှင့်ပြီး အိပ်ပေးရမယ်။ နောက်တစ်ခုက ကိုယ်ဝန် ဆောင်မိခင်တွေက ကိုယ်ဝန်ဆောင်ချိန်မှာထွက်လာတဲ့ ဟော်မုန်းက သားအိမ်ကို ငြိမ်အောင်ထိန်းပေးတဲ့အပြင် အူတွေကိုပါ ငြိမ်အောင်လုပ်ပစ်လိုက်ပါတယ်။ အူတွေက မလှုပ်ရှားတော့ ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းမသွားရင် နေရခက်တဲ့အတွက် ဝမ်းမှန်မှန်သွားအောင် အသီးအရွက်တွေများများစားရမယ်၊ ရေများ များသောက်ရမယ်၊ မနက်မိုးလင်းလာရင် ရေသောက်၊ ဝမ်းသွားတတ်တဲ့ အကျင့်ကို လုပ်ထားရပါမယ်။ ဝမ်းချုပ်ရင်လည်း တွေ့ရာကြုံရာ ဝမ်းနုတ်ဆေးပြင်းပြင်း တွေမသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သင့်တော်တဲ့ ဝမ်းနုတ်ဆေးအပျော့စား (ဥပမာ MOM)ကို သောက်ပေးရမယ်။

ကိုယ်ဝန်ဆောင်တစ်ယောက်က တစ်ယောက်တည်း လျှောက်သွားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တက်တတ်တဲ့အတွက် လှုပ်ရှားမှု များများ လုပ်ပေးရမယ်။ ဖြစ်နိုင်ရင်ခြေသလုံးကို နှိပ်နယ်ပေးရပါမယ်။

ဖောတာ၊ ရောင်တာတွေ ဖြစ်လာရင် ကိုယ်ဝန် ဆိပ်တက်တဲ့ လက္ခဏာတွေ ဖြစ်တတ်လို့ သတိထားရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာအကြောင်းမှမရှိဘဲ မောပန်းနေတတ်ပါတယ်။ ဒါကြောင့် အရင်လို ပင်ပင်ပန်းပန်း အလုပ်မလုပ်သင့်ပါဘူး။ စိတ်ကိုလည်း ဖြေလျှော့ထားရပါမယ်။ ခါးကို မတ်မတ် ထားရမယ်၊ ဒေါက်မြင့်ဖိနပ် မစီးရဘူး၊ ဖိနပ်ပါး စီးရမယ်။ ပစ္စည်းတွေကို ကုန်းပြီး မကောက်ရဘူး၊ ထိုင်ပြီးမှ ကောက်ရမယ်။ ဒါမှ ခါးနာတဲ့ ဝေဒနာကင်းမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top