Healthy Life Ad
Life Style

လူနာရှင်၏ ဆုံးဖြတ်ချက် သို့မဟုတ် ဆရာဝန်၏ ဆုံးဖြတ်ချက် (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆေးပညာတွေ ခေတ်မီတိုးတက်လာတာနဲ့အမျှဆေးကုသတဲ့ စနစ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲတိုးတက်လာပါတယ်။ ဆေးကုသမှုအဆင့် အတန်းမြင့်လာတာနဲ့အမျှ ဆေးကုထုံးတွေကလည်း ပိုမိုရှုပ်ထွေးလာပါတယ်။ အလွန်ခက်ခဲပြီး အသက်လုရတဲ့ရောဂါတွေ ဥပမာ ကိုယ်တွင်းအင်္ဂါအစိတ် အပိုင်းအစားထိုးတာမျိုး၊ ပြန့်နှံ့နေတဲ့ကင်ဆာကို ခက်ခက်ခဲခဲကုရတဲ့အခါမျိုး၊ နှလုံးသွေးကြောချဲ့တာ၊ နှလုံးခွဲစိတ်ရတာတွေမှာ အောင်နိုင်ရင်အရမ်းကိုအကျိုးရှိပြီး မအောင်မြင်ခဲ့ရင်လည်း အသက်ပါပေး လိုက်ရမယ့်စွန့်စားမှုဆန်တဲ့ ကုထုံးတွေပိုပြီးများလာပါတယ်။

ရောဂါရှာမရတဲ့ ရှုပ်ထွေးနေတဲ့ရောဂါတွေ၊ ဈေးကြီးတဲ့ကုထုံးတွေ၊ ခက်ခဲပြီးခေတ်မီစစ်ဆေး နည်းစနစ်သုံးပြီး ရောဂါရှာရတာတွေ၊ ကိုယ်တွင်းထိုးဖောက်ပြီး အသားစယူပြီး စစ်ဆေးရတဲ့ ဈေးကြီးတဲ့ ရောဂါရှာဖွေနည်းတွေ သုံးရာမှာငွေကုန်ခံပြီး အကျိုးရှိ၊ မရှိစသဖြင့် ဆုံးဖြတ်ရခက်ခဲတာတွေလည်း အများကြီးရှိပါတယ်။ ဒီလိုကိစ္စတွေမှာ ဆရာဝန်တစ်ဦးတည်းရဲ့ သဘောနဲ့ဒါစစ်မယ်၊ ဒီဆေးသောက်၊ ဒီဆေးထိုး၊ ဒီလိုခွဲစိတ်ကုသမယ်စသဖြင့် ဆရာဝန်တစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ အမိန့်ပေးစနစ်မျိုးနဲ့ကုလို့မရပါဘူး။

ဆရာဝန်က…ဖခင်ကြီးကသားသမီးတွေ ကိုစီမံခန့်ခွဲပေးသလို…ဆုံးဖြတ်ပေးရသလို ကုပေးတဲ့စနစ်လို့ခေါ်ပါတယ်။ (Paternalistic Approach)တစ်ဖက်မှာလည်း

လူနာနဲ့လူနာရဲ့မိသားစုတွေရဲ့ ပညာအရည်အချင်း၊ ဆေးပညာဗဟုသုတတွေ ခေတ်မီတိုးတက်လာကြတာနဲ့အမျှ လူနာတွေက သူတို့ကိုကုတဲ့ကုထုံးတွေ ရွေးချယ်တတ်လာပါတယ်။ ကုထုံးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆွေးနွေးလိုသူတွေများလာပါတယ်။ ဆရာဝန်တွေ လုပ်သမျှလက်ခံမယ့်သူတွေ မဟုတ်တော့ပါဘူး။ ကောင်းသွားရင် ပြဿနာမရှိပေမယ့် လူနာမကောင်းရင်ပြဿနာရှိပါတယ်။

လူနာတွေအဖို့ ဒီလိုအကုန်ခံသင့်၊ မသင့်၊ အကောင်းဆုံး ကုသမှုရပြီလား၊ ဒီ့ထက်ကောင်းတဲ့ ကုထုံးတွေဘယ်မှာရမလဲ အားလုံးမေးချင်၊ သိချင်လာကြပါတယ်။ ဒီလိုကုရင်ဘာကောင်းကျိုး၊ ဘာဆိုးကျိုးတွေ ရရှိနိုင်မလဲဆိုတာ ဆွေးနွေးလိုလာကြပါတယ်။ ဒီလိုလူနာနဲ့လူနာရှင်ကို နားလည်သဘောပေါက်အောင်ရှင်းပြပြီးမှ လူနာရှင်တွေသဘောတူ ရွေးချယ်တဲ့ကုထုံး ဒါမှမဟုတ် ဆုံးဖြတ်ချက်နဲ့ကုရပါမယ်။ ဒါကိုလူနာဗဟိုပြုဆေးကုသပုံစံ ( Patients-centered model )လို့ ခေါ်ပါတယ်။

ဆရာဝန်နဲ့ လူနာဆက်ဆံရေး (Doctor Patient relationship)ဟာ အချိန်နဲ့အမျှပြောင်းလဲ နေပါတယ်။ ရှေးယခင်ကတည်းက (မြန်မာနိုင်ငံမှာ အခုထက်ထိ) ကျင့်သုံးနေတဲ့ ဆရာဝန်နဲ့ လူနာဆက်ဆံရေးကတော့ လူနာကဆေးကုသမှုခံယူဖို့လာတယ်၊ ဆရာဝန်က လူနာအတွက်အကောင်းဆုံး စဉ်းစားဆုံးဖြတ်ပေးမယ်၊ မိမိရဲ့ကျွမ်းကျင်မှုတွေကို အကောင်းဆုံးအသုံးချပြီး ကုပေးမယ်၊ ဆရာဝန်က ဘာကြောင့် ဘယ်လို ဆုံးဖြတ်သလဲဆိုတာ ဆရာဝန်ရဲ့ စိတ်ထဲမှာပဲ တိတ်ဆတ်စွာတည်ရှိနေပါတယ်။

လူနာနဲ့တိုင်ပင်တာ၊ အနည်းဆုံးမိမိဆုံးဖြတ်လိုက်တဲ့ ကုထုံးနဲ့ ပတ်သက်လို့ ဘာမှပြောပြလေ့မရှိဘဲ လုပ်ဆောင်ကြတယ်၊ ပြောပြခဲ့ရင်လည်း ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်တဲ့ ဆက်ဆံရေးစနစ်ကို ကျင့်သုံးလေ့ရှိပါတယ်။ လူနာက ဆရာဝန်စိတ် ကွက်မှာ စိုးရိမ်လို့ဘာမှ ပြန်မမေးရဲတာများပါတယ်။ ဒါကို Paternalistic model ဖခင်က သားသမီးတွေအပေါ် ဆက်ဆံသလိုမျိုး ဆက်ဆံပြီးဆုံးဖြတ်တာ၊ ကုသပေးတာလို့ ခေါ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဒီလိုဖခင်လိုဆက်ဆံတဲ့ ဆေးကုစနစ်တွေအများ ဆုံးတွေ့နေရဆဲပါ။

တခြားခေတ်နဲ့ အညီပြောင်းလဲလာတဲ့ ဆရာဝန်-လူနာဆက်ဆံရေးကတော့ လူနာဗဟိုပြုဆက်ဆံရေး Patient-centered models ပဲဖြစ်ပါတယ်။ ဒီစနစ်ကရော အကောင်းဆုံးစနစ်လား၊ နေရာတကာမှာ ခေတ်မီကုသစနစ်ဆိုပြီး သုံးရမှာလား၊ လူတိုင်းအတွက်၊ လူမျိုးတိုင်းအတွက်၊ တိုင်းပြည်တိုင်းအတွက် အဆင်ပြေဆုံး ကုသစနစ်လားဆိုတာ ပြန်လည်သုံး သပ်ကြည့်ရပါမယ်။

ဒီလိုလူနာနဲ့ ဆရာဝန်ဆက်ဆံရေးတွေက ဘယ်စနစ်ကပိုကောင်းသလဲ၊ ပိုအသုံးချလို့ကောင်း သလဲဆိုတာ ကျွန်မရဲ့နေ့စဉ်တွေ့နေရတဲ့ လူနာတချို့အကြောင်းလေးတွေကို ပြန်လည်ပြောပြရင်း သုံးသပ်ကြည့်နိုင်ပါတယ်။

လူနာ (၁) သူ့နာမည်က ဒေါ်နုဖြစ်ပြီး လူနာဦးတင်မောင်ရဲ့ဇနီးပါ။ ဒေါ်နုနဲ့ဆုံတွေ့တာက ဆေးခန်းကို ဆီးချိုရောဂါ လာပြရင်းဆုံတွေ့တာဖြစ်ပါ တယ်။ သူ့အမျိုးသား ဆုံးပါးသွားတာမကြာသေးလို့ အိပ်မပျော်တာလည်း ပါပါတယ်။ ဆေးခန်းမှာ သူအိပ်မပျော်ရတဲ့အကြောင်းကိုမေးမြန်းပြီး ဒေါ်နုရဲ့ ရင်ဖွင့်သံလေးကိုနားထောင်ရင်း ကျွန်မတို့ဆေးကုသရာမှာ သုံးနေကြတဲ့ဆရာဝန်-လူနာ ဆက်ဆံရေး ပုံစံကိုသုံးသပ်မိပါတယ်။

ဆရာမရယ် . . ကျွန်မက ဈေးရောင်းစားတဲ့ ဈေးသည်တစ်ယောက်ပါ။ ကျွန်မအမျိုးသားက ဆေးလိပ်အရမ်းသောက်တတ်တော့ အဆုတ်ကင်ဆာဖြစ်သွားတယ်။ ကျွန်မလည်းရှိစုမဲ့စု စုထားတာလေး တွေနဲ့ ကျွန်မချစ်ရတဲ့ ယောကျာ်းအတွက် ဘယ်လောက်ကုန်ကုန် ကောင်းရင်ပြီးရော ကုမယ်လို့ဆုံး ဖြတ်ထားပြီး ဆရာဝန်တွေဝယ်ခိုင်းသမျှ ဆေးတွေဝယ်ပြီး ကုပေးပါတယ်။ တစ်လခွဲ၊နှစ်လရှိတော့ အခြေအနေက ကောင်းလာတာလည်းမတွေ့ဘူး၊ ကုပေးတဲ့ဆေးတွေကပြင်းတော့ အားကုန်လာတယ်။

ဒီဆေးဒဏ်ခဏခံပြီး ကျော်သွားရင်ကောင်းပြီပဲလို့ ထင်ထားမိတာ။ ဆရာဝန်ကြီးကိုလည်းမမေးရဲလို့ ဘေးကနေ စောင့်ကြည့်နေခဲ့တာ။ သူမဆုံးခင်တစ်ရက်အလိုမှာတော့ ကျွန်မကို ဆရာဝန်ကြီးကခေါ်ပြောလိုက်ပါတယ်။ သူ့ကိုကျွေးချင်တာ ကျွေးလိုက်ပါ။ သူ့အတွက် နောက်ဆုံးအချိန် နီးကပ်နေပြီဆိုတာ ရိပ်မိလိုက်ပါတယ်။ သူနောက်နေ့မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ကျွန်မမသိခဲ့တာက သူ့ကိုစကုတုန်းကပြန်ကောင်းနိုင်၊ မကောင်းနိုင်ဆိုတာမသိခဲ့ဘူး။

ကျွန်မစိတ်ထဲမှာတော့ ဆေးကောင်းကောင်းနဲ့ တွေ့ရင်တော့ ပြန်ကောင်းနိုင်မယ်လို့ မျှော်လင့်ခဲ့တာ။ သူ့ကိုကုလိုက်တာ ဆိုင်အရင်းလည်းပြုတ်သွားပြီလေ . . အခုတော့ ကျွန်မသမီးလေးနဲ့ နှစ်ယောက်တည်းရုန်း ကန်ရဦးမယ်။ ဒီလိုအစကတည်းက မျှော်လင့်ချက်မရှိရင် ကင်ဆာဆေးတွေဈေးကြီးပေးပြီး မသုံးပါဘူး။ ဒါတွေ တွေးပြီးအိပ်လိုမပျော်ဘူး…..

ဒီအဖြစ်အပျက်လေးကတော့ ဆရာဝန်နဲ့လူနာ မိသားစုတွေတိုင်ပင်ဆွေးနွေးတာ မရှိခဲ့ပေမယ့်လည်း ဆရာဝန်က အကောင်းဆုံးကြိုးစားပြီး အကောင်းဆုံးကုပေးခဲ့တာပါပဲ။ ဒါပေမဲ့ လူနာရှင်ကို အသိပေးဆွေး နွေးတာမရှိခဲ့လို့ လူနာရှင်ရဲ့သဘောတူ ဆုံးဖြတ်ချက်မပါခဲ့လို့ဖြစ်ရတာပါ။ ဒါကတော့ ဖခင်ပုံစံကုသတဲ့စနစ်(Paternalistic model)ရဲ့ သာဓကတစ်ခုပဲ ဖြစ်ပါတယ်။

နောက်တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top