Healthy Life Ad
Life Style

ကင်ဆာနှင့် အစာအာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ကမ္ဘာတစ်ဝန်းလုံးမှာ ကင်ဆာရောဂါ ဖြစ်နှုန်း မြင့်မားပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆိုရင် အဆုတ်ကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာနဲ့ အသည်းကင်ဆာ ဖြစ်နှုန်းက မြင့်မားလာနေပါတယ်။ အရင်တုန်းကဆိုရင် ကင်ဆာရောဂါက အသက် ၄၀ အထက်မှာ တွေ့ရပေမယ့် အခုနောက်ပိုင်းမှာ ငယ်ရွယ်သူတချို့ကလည်း ကင်ဆာဖြစ်လာ နေတာကို တွေ့ရပါတယ်။

အစာအိမ်နာရင် အရင်က အချဉ်နည်းနည်းတောင် မစားခိုင်းတာတို့၊ သံပရာရည် မသောက်ရတာတို့ရှိခဲ့ ပါတယ်။ ဒါတွေကမှားနေတဲ့ အယူအဆတွေပါ။ တကယ်က ဗီတာမင်စီပါတဲ့ အစား အသောက်တွေ စားပေးရင် အစာအိမ်ကင်ဆာ မဖြစ် အောင်အများကြီး ကာကွယ် နိုင်သွားပါတယ် . . .

ကင်ဆာကို မြစ်ပွားနာလို့ မြန်မာလို ခေါ်ကြပါ တယ်။ ကင်ဆာဘာကြောင့် ဖြစ်ရတာလဲဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကြောင့် ဖြစ်တတ်သလို တချို့ကင်ဆာတွေက မျိုးရိုး လိုက်လို့လည်းဖြစ်တတ်ပါတယ်။ ပြီးတော့ ကိုယ်လက်လှုပ်ရှားမှုနည်းရင်လည်း ကင်ဆာဖြစ်နှုန်းများပါတယ်။ ဒါ့အပြင် ဆေးလိပ်၊ မီးခိုးငွေ့၊ ဗိုင်းရပ်စ်ပိုးတ ချို့(ဥပမာ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ ကြွက်နို့ဗိုင်းရပ်စ်)၊ ဓာတုပစ္စည်းနဲ့ ပိုးသတ်ဆေးတွေက လည်း ကင်ဆာဖြစ်အောင် လှုံ့ဆော်နေပါတယ်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ
မတူညီတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ မတူညီတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် လူတိုင်း လူတိုင်း ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံကို အများကြီး စားသင့်ပါတယ်။

အူနဲ့ အူလမ်းကြောင်း ကင်ဆာတွေ ဖြစ်တဲ့အခါ အရွက်တွေကို စားလိုက်ရင် အူထဲမှာ ဗျူတာရစ်ဆိုတဲ့ ဓာတ်ကို ထုတ်ပေးပါတယ်။ အဲဒီဓာတ်က အူမကြီးထဲက ဆဲလ်တွေကို ပုံမှန်ဖြစ်အောင် လုပ်ပေးပါတယ်။ ပြီးတော့ အူနံရံနဲ့ ကင်ဆာဆဲလ်တွေ့တဲ့ အချိန်က နည်းသွားပါတယ်။ လွယ်လွယ်ပြောရရင် အသီးအရွက်စားရင် ဝမ်းမှန်မှန်သွားပါတယ်။

ပန်းဂေါ်ဖီစိမ်း၊ ပန်းမုန်လာ
ပန်းဂေါ်ဖီစိမ်း၊ ပန်းမုန်လာ စတာတွေ စားပေးရင် အိုင်ဆိုသိုင်ယာဆိုင်ယာနိုက်ဆိုတဲ့ ဓာတ်ပါဝင်ပါတယ်။ အဲဒီဓာတ်က ကင်ဆာမဖြစ်အောင် ဟန့်တားနိုင်ပါတယ်။ ပြီးတော့ ကင်ဆာအကျိတ်တွေမဖြစ် အောင်ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အဆုတ်ကင်ဆာဖြစ်သူတွေမှာ မိုင်ရိုဆိုင်းနေ့စ်အင်ဇိုင်းက လျော့နေတဲ့အတွက် အိုက်ဆိုသိုင်ယာဆိုင်ယာနိုက်ကိုလိုပါတယ်။ ဒါပေမဲ့ လည်ပင်းကြီးရောဂါရှိသူတွေဆို ရင် ပန်းဂေါ်ဖီစိမ်း၊ ပန်းမုန်လာတို့ မစားသင့်ပါဘူး။

ဗီတာမင်စီ
ဗီတာမင်စီပါတဲ့ လိမ္မော်သီး၊ သံပရာသီး၊ရှောက်သီး၊ ဗီတာမင်အီးပါတဲ့ အခွံမာအစေ့အဆန် စတာ တွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့အတွက် အောက်ဆီဒေးရှင်း (Oxidation) မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အောက်ဆီဒေးရှင်းဖြစ်ရင် ဒီအင်န်အေ ထိခိုက်တာ ပိုမြန်ပါတယ်။ ပြီးတော့ ပရိုတင်းတွေ ထိခိုက်တာလည်း ပိုမြန်ပါတယ်။ အဲဒီလိုဖြစ်တာက အစာအိမ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။

အစာအိမ်နာရင် အရင်က အချဉ်နည်းနည်းတောင် မစားခိုင်းတာတို့၊ သံပရာရည်မသောက်ရတာတို့ ရှိခဲ့ပါတယ်။ ဒါတွေက မှားနေတဲ့ အယူအဆတွေပါ။ တကယ်က ဗီတာမင်စီပါတဲ့ အစားအသောက်တွေ စားပေးရင် အစာအိမ်ကင်ဆာ မဖြစ်အောင် အများကြီး ကာကွယ်နိုင်သွားပါတယ်။

ဖိုင်တိုအီစထရိုဂျင် (Phytoestrogen)
ဖိုင်တိုအီစထရိုဂျင်တွေကို ပဲပိစပ်၊ ပဲနို့တွေမှာ တွေ့ရပါတယ်။ အရင်တုန်းက လေ့လာမှုတချို့အရ ရင်သား ကင်ဆာရှိသူတွေ ပဲနို့မသောက်ရဘူးဆိုတာမျိုး ထွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ပြန်ဖျက်ထားပါတယ်။ ရင်သားကင်ဆာရှိသူတွေက ပဲနို့သောက်လို့ရပါတယ်။ ပဲပိစပ်ဆီ စားလို့ရပါတယ်။တကယ်တော့ ရင်သားကင်ဆာမဖြစ်အောင် ပဲနို့၊ ပဲပိစပ်တွေကို စားသောက်ပေးနိုင်ပါတယ်။

ဖောလိတ်ဓာတ်
ဖောလိတ်ဓာတ်ကို ကိုယ်ဝန်ဆောင်စဉ်မှာ အဓိက မှီဝဲကြပါတယ်။ ဖောလိတ်ဓာတ်ကလည်း ကင် ဆာရောဂါကာကွယ်ဖို့ ထိရောက်ပါတယ်။ ဖောလိတ်ဓာတ်ပါဝင်မှုများတဲ့ အုတ်ဂျုံကွေကာ (Cereal)၊ သံလွင်ဆီ၊ ကြက်ဥတွေ စားသင့်ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကလည်း ကင်ဆာကို ကာကွယ် ပေးပါတယ်။

ကယ်လ်ဆီယမ်
ကယ်လ်ဆီယမ်က နွားနို့မှာ အများဆုံး ပါဝင်ပါတယ်။ တချို့ဟင်းသီးဟင်းရွက်တွေမှာလည်းပါဝင်ပါတယ်။ ဒါတွေစားသောက်ရင် အူမကြီးကင်ဆာဖြစ် နှုန်း လျော့ကျစေပါတယ်။ အရင်တုန်းက ကလေးတွေ အရပ်ရှည်ဖို့နဲ့ လူကြီးတွေ အရိုးပွရောဂါ မဖြစ်ဖို့ ကယ်လ်ဆီယမ်ကို အသုံးပြုခဲ့ပေမယ့် အခုနောက်ပိုင်း လေ့လာမှုအရ ကယ်လ်ဆီယမ်က အူနဲ့ အူလမ်းကြောင်းမှာရှိတဲ့ ကင်ဆာဖြစ်နှုန်းကို လျော့ကျစေတယ်လို့ သိလာရပါတယ်။

ဗီတာမင်ဒီ
ဗီတာမင်ဒီက တိရစ္ဆာန်ထွက်အစာ၊ အထူးသဖြင့် ငါးသေးသေးလေးတွေစားရင် ရနိုင်ပါတယ်။ မ နက်စောစောထွက်တဲ့ နေရောင်ခြည်ထိတွေ့လိုက်ရင် အရေပြားက ဗီတာမင်ဒီ ထုတ်ပေးပါတယ်။ ဗီ တာမင်ဒီရှိမှ ကယ်လ်ဆီယမ်က အရိုးထဲရောက်တဲ့အတွက် အရပ်မြင့်တယ်လို့ အရင်က သိခဲ့ကြတယ်။ အခုနောက်ပိုင်း သိလာတာက ဗီတာမင်ဒီကအူမကြီး ကင်ဆာဖြစ်နှုန်းကို လျော့ကျစေတယ်ဆိုတာပါပဲ။

အနီရောင်အသား
အနီရောင်အသားကို အများဆုံးစားတဲ့သူတွေက အူမကြီးကင်ဆာဖြစ်နှုန်းများပါတယ်။ ဘာကြောင့်လဲဆိုတော့ အနီရောင်အသားများများ စားလိုက်ရင် ပါတဲ့Haemက အူထဲမှာ အဆိပ်လို သွားဖြစ်နေလို့ ပါ။ အနီရောင်အသားများများစားရင် မကောင်းတဲ့ ပိုးတွေကို ပွားစေပြီး ကောင်းတဲ့ ပိုးတွေကို လျော့စေပါတယ်။ အနီရောင်အသားဆိုတာ အမဲသား၊ ဆိတ်သားနဲ့ ဝက်သားတွေ ဖြစ်ပြီး များများ မစားသင့်ပါဘူး၊ လျှော့စားသင့်ပါတယ်။ ကြက်သားနဲ့ ငါးကိုတော့ စားလို့ရပါတယ်။

ပြောင်းလဲဆီ (Trans Fat)
အဆီတွေအများကြီး စားထားတာက ရင်သားကင်ဆာနဲ့ဆက်စပ်နေပါတယ်။ ကျွန်မတို့ဆီလာပြတဲ့ ကင်ဆာသမားတွေ၊ အထူးသဖြင့် ရင်သားကင်ဆာသမားတွေကို ‘သူတို့ဘာကြိုက်လဲ’လို့ မေးကြည့်လိုက်ရင် များသောအားဖြင့် ဟင်းအနှစ်ကို အရမ်းကြိုက်ကြတယ်၊ အကြော်တွေ ကြိုက်ကြတယ်၊ မြန်မာလူမျိုး အများစုကလည်း ဘူးသီးကြော်၊ ဗယာကြော် စသဖြင့်များများစားကြတယ်။ ဆီတွေက ထပ်ခါ ထပ်ခါ ပြန်ကြော်ထားတဲ့အတွက် ပြောင်းလဲဆီတွေဖြစ်သွားတော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ တိရစ္ဆာန်ဆီ တွေကနေလည်း ပြောင်းလဲဆီ(Trans Fat)ေတွရပါတယ်။ ဒီအဆီတွေကိုယ်တိုင်က ကင်ဆာကို ဖြစ် စေတဲ့အပြင် ဒီအဆီတွေက ဗိုက်ထဲရောက်သွားတဲ့ အခါ Free Fatty Acid အဖြစ် ပြောင်းသွားပြီး ကင်ဆာအဖြစ် ကူးပြောင်းသွားပါတယ်။

ငါးခြောက်
ငါးခြောက်တွေ များများစားတာက နှာခေါင်းနဲ့ လည်ပင်းတစ်လျှောက်မှာဖြစ်တဲ့ ကင်ဆာ(Nasophryangeal cancer)ေတွနဲ့ ဆက်စပ်နေပါတယ်။ ငယ်ငယ်လေးကတည်းက ငါးခြောက်စားတာများခဲ့တဲ့သူတွေဆိုရင် ဖြစ်နိုင်ခြေများပါတယ်။ ငါးခြောက်လုပ်တဲ့အခါ ဆားတွေ အများကြီးထည့်သိပ်ပြီး နေပူလှန်းကြပါတယ်။ အခုနောက်ပိုင်းမှာ ယမ်းစိမ်းတွေ ထည့်ကြတယ်လို့ ဆိုတယ်။ ငါးခြောက်လုပ်လိုက်တဲ့ အခါ နိုက်ထရိုဆိုဒြပ်ပေါင်းတွေ ပိုများလာတဲ့အတွက် ကင်ဆာဖြစ်စေနိုင်တာပါ။ အစာအိမ်မှာ Hpylori ပိုးက ရှိနေတယ်၊ စားတဲ့ အစားအသောက်ကလည်း ဆားကဲတဲ့ အစာဖြစ်တယ်၊ ငါးပိရည်၊ ငါးပိကြော် စတာတွေ စားတယ်ဆို ရင် အစာအိမ်ကင်ဆာ ဖြစ်နှုန်းပိုများပါတယ်။

အရက်
အရက်သောက်တာများရင် ခံတွင်း၊ ရင်သား၊ အသည်းစတဲ့ အင်္ဂါအစိတ်အပိုင်းအတော်များများမှာ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။သောက်ရေထဲမှာ အာဆင်းနစ်ပါဝင်မှုများရင် ကင်ဆာဖြစ်နှုန်းများတယ်။ နောက်တစ်ခုက အယ်လ် ဖာတောက်စင်ဆိုတဲ့ မှိုကလည်း အသည်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ မြေပဲတွေကို လှန်းတဲ့အခါ စွတ်စိုတဲ့ နေရာမှာ လှန်းလိုက်ရင် ကောင်းကောင်း မခြောက်ဘဲ အယ်လ်ဖာတောက်စင်မှိုပါတတ်ပါတယ်။

ဟင်းချက်နည်း
ဟင်းချက်တဲ့အခါ အပူပေးရပါတယ်။ အဲဒီအခါ အပူရှိန်ပြင်းပြင်းနဲ့ ကြော်လိုက်ရင် Acrylamide ဓာတ် ထွက်သွားပါတယ်။ အဲဒါကလည်း ကင်ဆာကို ဦးတည်ပါတယ်။

သတိပြုရန်

– မျှတတဲ့ အာဟာရ (Balance Diet)ကို စားပေးရပါမယ်။

– ဆီကို လုံးဝဖြတ်ဖို့ မလိုပါဘူး။ အဓိက ပြည့်ဝဆီ ကိုပဲလျှော့ရပါမယ်။ မပြည့်ဝဆီကို စားရပါမယ်။

– သစ်သီးဝလံတွေက ကင်ဆာဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

– ဟင်းသီးဟင်းရွက်တွေက ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။

– အချိုရည်တွေကို ရှောင်ရပါမယ်။

– ပြုပြင်ထားတဲ့ အစာတွေကို တတ်နိုင်သမျှလျှော့ စားသင့်ပါတယ်။

– ဝတာကို ထိန်းရပါမယ်။ ဝရင် ကင်ဆာဖြစ်နိုင် ခြေကို မြင့်မားစေပါတယ်။ ကိုယ်အလေးချိန် ထိန်းရပါမယ်။ ခန္ဓာကိုယ်အဆီကို နည်းနိုင်သမျှ နည်းအောင်ထားပေးတာက ကင်ဆာကိုကာကွယ် နိုင်ပါတယ်။

– ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု များများလုပ်လေ၊ ကင် ဆာဖြစ်နှုန်း လျော့ကျလေ ဖြစ်ပါတယ်။

– အရက်မသောက်ဘဲနေရင် အကောင်းဆုံးပါ။ မနေနိုင်ရင် အသင့်အတင့်ပဲ သောက်သင့်ပါတယ်။

– ဆားကိုလျှော့သင့်ပါတယ်။ အချိုမှုန့်နဲ့ ကြက်သားမှုန့်တွေကလည်း ကင်ဆာကို ဦးတည်နေတဲ့အတွက် ဟင်းချက်တဲ့အခါ သကြားနည်းနည်းနဲ့ဆား နည်းနည်းပဲ ထည့်ချက်သင့်ပါတယ်။

– ကင်ဆာ မျိုးရိုးရှိရင် ဂရုစိုက်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top