Healthy Life Ad
Life Style

မြန်မာလူမျိုးများတွင် အဖြစ်များသည့် မျက်စိရောဂါများ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

သစ်ကိုင်း၊ ကောက်ရိုးစတာတွေ မျက်စိကိုထိုးမိတဲ့အခါ ရေနဲ့စင်အောင်ဆေးပြီး ပဋိဇီဝပိုးသတ်မျက်စဉ်း ဆေး တက်ထရာဆိုက်ကလင်းကို တစ်နေ့လေးကြိမ်နဲ့ တစ်ပတ်ကြာအောင် ခတ်ခိုင်းခဲ့ပါတယ်။ အဲဒီအခါ မျက်ကြည်လွှာ အနာကျက်ပြီး ရောဂါပိုးမကျရောက် တော့ဘူးဆိုတဲ့ မျက်ကြည်နာမဖြစ်အောင် ကာကွယ် နည်းကို ငါးနိုင်ငံလေ့လာမှုအရ အခိုင်အမာတွေ့ရှိခဲ့ပါတယ် . . .

မေး။ ။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ မျက်စိရောဂါတွေ ကိုသိပါရစေ ဆရာ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ မျက်စိရောဂါတွေက အဓိက ငါးမျိုးရှိပါတယ်။

(၁) အတွင်းတိမ်ရောဂါ (Cataract)

(၂) ရေတိမ်ရောဂါ (Glaucoma)

(၃) မျက်ကြည်လွှာမှာ ရောဂါပိုးဝင်ပြီး ဖြစ်ပွားတဲ့ မျက်ကြည်နာ (Corneal Ulcers)

(၄) မျက်စိထိခိုက်ဒဏ်ရာရခြင်း (Trauma)

(၅) မျက်ကြောလွှာမှာ ဖြစ်တဲ့ရောဂါတွေ (Retinal Diseases)တို့ ဖြစ်ကြပါတယ်။

မေး။ ။ ဒီရောဂါတွေမဖြစ်အောင် ကာကွယ်လို့ရနိုင်ပါသလား ဆရာ။
ဖြေ။ ။ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး တစ်ခုချင်း စီအကြောင်းကို ရှင်းပြပါမယ်။

(၁) အတွင်းတိမ်ရောဂါ
အတွင်းတိမ်ဆိုရင် အတွင်းတိမ်နဲ့ အများဆုံး ဆက်နွှယ်မှုရှိတာက UV Light Exposure (ခရမ်း လွန်ရောင်ခြည်ထိတွေ့မှု)ပါ။ သာဓက အထောက်အထားအနေနဲ့ပြောရရင် မြန်မာပြည်အလယ်ပိုင်းမှာ နေတဲ့သူတွေက အတွင်းတိမ်ရောဂါ ဖြစ်တာ များပါတယ်။ တောင်ကြီး၊ မြစ်ကြီးနား၊ ချင်းပြည်နယ် စတဲ့ အအေးပိုင်းဒေသကလူတွေ သိပ်မဖြစ်ကြဘူး။ UV Light Exposure ကြောင့် အတွင်းတိမ်ဖြစ်၊ မဖြစ်ကို မွန်ဂိုလီးယားမှာ လေ့လာမှုလုပ်ခဲ့တဲ့အခါ UV Light Exposure က အတွင်းတိမ်နဲ့ ဆက်နွှယ်မှုရှိကြောင်း တွေ့ခဲ့ရတယ်။ အတွင်းတိမ်ဖြစ်တာကို ကာကွယ်လို့မရဘူးလို့ ပြောလို့ရပေမယ့် ခရမ်းလွန်ရောင် ခြည်ကိုတော့ မထိတွေ့မိအောင် ကာကွယ်လို့ရပါတယ်။ UV Light ထိတွေ့မှုနည်းရင် အတွင်းတိမ်ဖြစ်နှုန်းကျ ဆင်းသွားမယ်ဆိုတာကို လေ့လာမှုတိတိကျကျ လုပ်မထားပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ မျက်စိအထူးကုဆ ရာဝန်အားလုံးကတော့ လက်ခံထားကြပါတယ်။ဒီတော့ နေပူထဲထွက်ရင် နေကာမျက်မှန်တပ်မယ်၊ ဦးထုပ်ဆောင်းမယ်၊ ဒါ့အပြင် နေပူထဲ နေထိုင် သွားလာလှုပ်ရှားမှုကို အတတ်နိုင်ဆုံးလျှော့ချမယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုကနည်းသွားမှာပါ။

(၂) ရေတိမ်ရောဂါ
ရေတိမ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရေတိမ်မှာ ထောင့်ကျဉ်းရေတိမ်ရောဂါနဲ့ ထောင့်ကျယ် ရေတိမ်ရောဂါ ဆိုပြီး နှစ်မျိုးရှိတယ်။ ထောင့်ကျဉ်းရေတိမ်ရောဂါက အမျိုးသမီးတွေနဲ့ စိတ်ပူပင်သော ကများတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် စိတ်ပူပင်သောကကို အထိုက်အလျှောက် လျှော့ချနိုင်မယ်ဆိုရင်တော့ ထောင့်ကျဉ်း ရေတိမ်ရောဂါဖြစ် နှုန်းက ကျဆင်းသွားမှာပါ။ ထောင့်ကျယ်ရေတိမ် ရောဂါကျတော့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတို့နဲ့ ဆက်နွှယ်မှုရှိပါတယ်။ ဒီရောဂါတွေရှိတဲ့သူတွေက ထောင့်ကျယ်ရေတိမ်ရောဂါ ဖြစ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါ ရှိတဲ့သူတွေမှာ ဆီးချို၊ သွေးတိုးကို တတ်နိုင်သမျှ ထိန်းနိုင်မယ်ဆိုရင်တော့ ထောင့်ကျယ်ရေတိမ်ရောဂါ ဖြစ်နိုင်တဲ့ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။

(၃) မျက်ကြည်နာ
မျက်ကြည်လွှာမှာ ရောဂါပိုးဝင်ပြီး ဖြစ်ပွားတဲ့ မျက်ကြည်နာက မြန်မာနိုင်ငံမှာ အဖြစ်များပါတယ်။ မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တော့ လယ်ယာ စိုက်ပျိုးရင်း သစ်ကိုင်း၊ သစ်ခက်၊ မှိုစတာတွေ မျက်စိ ထဲထိုးမိတာနဲ့ဖြစ်ကြပါတယ်။ မျက်ကြည်လွှာ (Cornea )ရဲ့ အပြင်ဘက်ဆုံးမှာ Epithelium ဆိုတဲ့ အလွှာရှိပြီး ကာကွယ်ခြင်းဆိုတဲ့လုပ်ငန်း ဆောင်တာ ကိုလုပ်ဆောင်ပါတယ်။ သစ်ကိုင်း၊ ကောက်ရိုးနဲ့ မျက်စိကိုထိုးမိရင် Epithelium အလွှာက ကွာသွားပါတယ်။ Epithelial Abrasion လို့ခေါ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ခန္ဓာကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ ရောဂါပိုးတွေက ကျရောက်နိုင်ပါတယ်။

အာရှငါးနိုင်ငံဖြစ်တဲ့ မြန်မာ၊ နီပေါ၊ ဘူတန်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တွေမှာ ကမ္ဘာ့ကျန်းမာရေးအ ဖွဲ့(WHO)က ၂၀ဝ၄ ခုနှစ်လောက်မှာ လေ့လာမှုအ ရ သစ်ကိုင်း၊ ကောက်ရိုးစတာတွေ မျက်စိကိုထိုးမိတဲ့ အခါ ရေနဲ့စင်အောင်ဆေးပြီး ပဋိဇီဝပိုးသတ်မျက်စဉ်း ဆေးတက်ထရာဆိုက်ကလင်းကို တစ်နေ့လေးကြိမ်နဲ့ တစ်ပတ်ကြာအောင် ခတ်ခိုင်းခဲ့ပါတယ်။ အဲဒီအခါ မျက်ကြည်လွှာ အနာကျက်ပြီး ရောဂါပိုး မကျရောက် တော့ဘူးဆိုတဲ့ မျက်ကြည်နာမဖြစ်အောင် ကာကွယ်နည်းကို ငါးနိုင်ငံလေ့လာမှုအရ အခိုင်အမာတွေ့ရှိခဲ့ ပါတယ်။

(၄) မျက်စိထိခိုက်ဒဏ်ရာရခြင်း
ထိခိုက်ဒဏ်ရာ (Trauma)ကတော့ လယ်သမားတွေနဲ့ အလုပ်သမားတွေမှာ အဖြစ်များပါတယ်။ လယ်သမားတွေနဲ့ အလုပ်သမားတွေမှာ မဖြစ်အောင် ကျန်းမာရေးအသိရှိဖို့ လိုပါတယ်။ အလုပ်သမားတွေ ဟာ အကာအကွယ်မျက်မှန် (Goggle) တပ်ဖို့ လိုပါတယ်။ အဲဒီအခါအလုပ်လုပ်ရင်း သံစ၊ အမှိုက်သရိုက်တွေက မျက်စိထဲမဝင်နိုင်တော့ပါဘူး။ လယ်သမားတွေကလည်း လယ်လုပ်ရင်း ရွှံ့၊ ဖုန်မှုန့်၊ သစ်ခက်သစ်ရွက်စတာတွေ မျက်စိထဲဝင်ပြီး ထိခိုက် ဒဏ်ရာရနိုင်တယ်။ မရအောင် လယ်လုပ်ရင်းနေကာ မျက်မှန်တပ်ထားဖို့ လိုပါတယ်။ ဒါဟာ ထိခိုက်ဒဏ်ရာ မရအောင် ကာကွယ်နိုင်ရုံသာမက နေရောင်ခြည်ကို ပါ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

(၅) မျက်ကြောလွှာတွင်ဖြစ်သည့် ရောဂါများ
မျက်ကြောလွှာမှာဖြစ်တဲ့ ရောဂါတွေကတော့ ဆီးချိုရောဂါသည်တွေမှာ အဖြစ်များပါတယ်။ ဆီးချိုနဲ့ ဆက်နွှယ်ပြီးဖြစ်တာကြောင့် Diabetic Retinopathy လို့ခေါ်ပါတယ်။ အသက် ၄၀ ကျော်လာရင် ဆီး ချိုရောဂါ၊ သွေးတိုးရောဂါ စတဲ့ Metabolic Syndrome တွေမဖြစ်အောင် ကိုယ်လက်လှုပ်ရှားမှု များများ လုပ်ရပါမယ်၊ အစားအသောက်ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်ရပါမယ်၊ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါ ရှိလာရင်လည်း ဆရာဝန်နဲ့ အမြဲပြသပြီး ဆေးဝါးကု သမှုမှန်မှန် ခံယူဖို့လိုပါတယ်။

မေး။ ။ မြန်မာနိုင်ငံသူ/သားတွေမှာ ကျန်းမာရေး အသိပိုရှိလာရင် ဒီရောဂါတွေရဲ့ ဖြစ်နှုန်းကျဆင်းသွားနိုင် ပါသလား ဆရာ။
ဖြေ။ ။ အတွင်းတိမ်ကတော့ ကျဆင်းဖို့ မလွယ်ပါဘူး။ အသက်ကြီးတာနဲ့ ဆက်စပ်ပြီး အတွင်းတိမ်ဖြစ်တတ် တာကြောင့်ပါ။ လူတွေရဲ့ သက်တမ်းက ရှည်လာတာ နဲ့အမျှ အတွင်းတိမ်ဖြစ်တဲ့ ရာခိုင်နှုန်းက တိုးလာနေ မှာပါပဲ။ ကျန်တဲ့ မျက်စိရောဂါတွေရဲ့ ဖြစ်နှုန်းကတော့ လျော့ကျနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top