Healthy Life Ad
Life Style

တပည့်တွေရဲ့မေတ္တာခွန်အားနဲ့ ကင်ဆာကို ကျော်လွှားနေတဲ့ ဆရာမ ဒေါ်အေးအေးသိန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၁၀ တန်း တပည့်များကို ရူပဗေဒဘာသာရပ်သင်ကြားရင်း မေတ္တာစေတနာအပြည့်အဝနှင့် ဆိုဆုံးမလိုက်၊ လိမ်မာရေးခြားရှိလာစေရန် ဆူပူလိုက်ဖြင့် ဘဝကိုကျောင်းဆရာမလုပ်သက် နှစ် ၃၀ကျော် ကြာဖြတ်သန်းခဲ့သည့် ဆရာမဒေါ်အေးအေးသိန်းသည် အသက် ၅၇ နှစ် အရွယ်၊ ၂၀၁၅ နိုဝင်ဘာလတွင် ညာဘက်ရင်သား၌ အကျိတ်လေးတစ်ခုစတင် စမ်းမိခဲ့သည်။

တီချယ်က ရေချိုးတိုင်းနဲ့ ညဘက်တွေမှာ ကိုယ့်ရင်သားကို ကိုယ့်ဘာသာ အမြဲတမ်းစမ်းသပ်လေ့ရှိပါတယ်။ တောက်လျှောက်စမ်းပေမယ့် မတွေ့ ခဲ့ဘူး။ အဲဒီတစ်ပတ်မှာတော့

ညဘက်မှာ တီချယ်ကြီး ညာဘက်ရင်သားက ဖျင်းတင်းတင်းလေးဖြစ်နေတယ်လို့ စိတ်ထဲထင်ခဲ့တယ်။ အဲဒါကိုတီချယ် ကြီးစမ်းတယ်၊ မတွေ့ဘူး။ နောက်တစ်ရက်-နှစ်ရက်အထိလည်း မတွေ့ဘူး။ နောက်သုံးလေးရက်နေတော့

မာမာအကျိတ်လေးကို တွေ့တယ်။

အဲဒီအကျိတ်လေးကလည်း လက်လေးနဲ့စမ်းတော့ သေးသေးလေးကနေ လက်ထဲတောင် ပျောက်ပျောက်သွားတယ်။ အဲဒါနဲ့ တပည့်ဆရာဝန်လေးတစ်ယောက်ကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်။ သူစမ်းပြီး တပည့်လေးကပဲ ဆရာမကြီး ပါမောက္ခဒေါ်တင်တင်မာနဲ့ ပြဖို့စီစဉ်ပေးခဲ့တယ် … ဟု ဆရာမဒေါ်အေးအေးသိန်းက သူ၏ ရင်သားကင်ဆာခရီးလမ်းအစကို ပြန်ပြောင်းပြောပြခဲ့သည်။

ဆရာမကြီးနှင့် စနေနေ့တွင်သွားပြခဲ့ပြီး လိုအပ်သောစစ်ဆေးမှုများဖြစ်သည့် ရင်သားဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းများ ပြုလုပ်ခဲ့ကာ ရင်သားကင်ဆာဟု သံသယရှိသဖြင့် …ခွဲစိတ် ကုသမှုခံယူမလား…ဟု မေးမြန်းခဲ့သည်။ ထိုအချိန်တွင် ပူလောင်သောစိတ်ကိုချိုးနှိမ်၍ မိမိဘာသာဆုံးဖြတ်ချက်ချခဲ့ရကြောင်း ဆရာမဒေါ်အေးအေးသိန်းက ပြောပြခဲ့သည်။

အဲဒီလိုသိရချိန်မှာ စိတ်ထဲပူလောင်သွားပါတယ်။ ဒါပေမဲ့ ခင်ပွန်းကလည်း ဆုံးသွားပြီဆိုတော့ ဘယ်သူ့ကိုမှ တိုင်ပင်စရာမရှိတဲ့အတွက် …. ခန္ဓာကိုယ်မှာ ဒီအကျိတ်တစ်ခုမရှိရင် အကောင်းဆုံးပဲ၊ ဆရာဝန်ကို ယုံကြည်စွာနဲ့နေထိုင်တာက အကောင်းဆုံးပဲ … ဆိုပြီး ခွဲမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းချခဲ့တယ်။ ဖြစ်လာတဲ့ ပူပင်သောကကို ငါ့ဘဝကို ငါ့ဘာသာဆုံးဖြတ်ရမယ်ဆိုတဲ့ စိတ်ကနိုင်သွားတယ်… ပြသပြီး နှစ်ရက်အတွင်း နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပုဂ္ဂလိကဆေးရုံတစ်ခုသို့ တက်ရောက် ရင်သားခွဲစိတ်မှု ခံယူခဲ့သည်။

ခွဲရတော့မယ်ဆိုတဲ့ အချိန်မှာအတော်လေး စိတ်လှုပ်ရှားမိပါတယ်။ ကံကောင်းတာက တီချယ့်တပည့်လေးတွေက အဲဒီဆေးရုံမှာ လူနာလာမေးပါတယ်၊ အဲဒီမှာ ဒေါ်အေးအေးသိန်းဆိုတဲ့ လူနာနာ မည်တွေ့တာနဲ့တို့ဆရာမလားမသိဘူးဆိုပြီး တီချယ့်ဆီဝင်လာကြတယ်။ အဲဒီတပည့်လေးတွေက တီချယ့်ကို ရယ်စရာတွေပြောပြီး အားပေးခဲ့တယ်။ ခွဲခါနီး နာရီဝက်လောက်အလိုမှာ သူတို့ရောက်လာတော့ တီချယ်စိတ်လှုပ်ရှားတာ တော်တော်ပေါ့သွားတယ်၊ အဲဒါကပဲတီချယ့်ကို ကယ်လိုက်သလိုပါပဲ

. . ခွဲခန်း က ထွက်လာတော့လည်းမနာဘူး . . ဆရာမကြီးဒေါ်တင်တင်မာက … သားနံရည်ကျိတ်တွေကိုပါဖယ် ထုတ်လိုက်တယ်၊ စင်အောင်ခွဲစိတ်ထားတဲ့အတွက် စိတ်အေးလက်အေးနေပါ … လို့ ပြောပြခဲ့တယ် ဟုဆရာမဒေါ်အေးအေးသိန်းကဆိုသည်။

အသားစယူစစ်ဆေးခဲ့ရာ ရင်သားကင်ဆာအဆင့် (၂)ဟု အဖြေထွက်ခဲ့သဖြင့် ကင်ဆာအထူးကု ဆရာဝန်ကြီးဒေါက်တာဒေါ်မေကြည်နှင့် ဆက်လက်ပြသခဲ့သည်။အဲဒီမှာ ပြန်စစ်လိုက်တော့ Erb2 ဆိုတဲ့ အရာ က Positive ဖြစ်နေတယ်။ အဲဒီအတွက် ထိုးဆေးတစ်ခုပေါ်တော့ ၁၇ကြိမ်ထိုးရမယ်။ ဒါပေမဲ့ အဲဒီထိုးaဆးက ငွေကြေးတန်ဖိုးများတယ်။ ကုမ္ပဏီက ကိုးကြိမ်စာပေးပြီး တီချယ်တို့ကရှစ်ကြိမ်စာ ပေးရတယ်။ အဲဒီရှစ်ကြိမ်ကိုက သိန်း ၁၀ဝ ကျော်ကျတယ်။

အဲဒီမှာ တီချယ်ကင်ဆာစဖြစ်ကတည်းက သမားaတာ်အနေနဲ့ စောင့်ရှောက်ပေးခဲ့တဲ့ ဆရာဒေါက်တာမိုးအောင်ကျော်နိုင်နဲ့ကောတပည့်ဆရာဝန်လေးတွေ နဲ့ပါတိုင်ပင်ရတယ်။ အကုန်လုံးကလည်း ဒီဆေးထိုးဖို့ဝိုင်းအကြံပေးကြတယ်။ အဲဒါနဲ့ ကင်ဆာဆေးသွင်း နေရင်းနဲ့ပဲ ဒီထိုးဆေးကို ထိုးဖြစ်ခဲ့ပါတယ်…ကင်ဆာဆေးသွင်းကုထုံးက ၄-၆-၂၀၁၆ ရက်နေ့က ပြီးသွားခဲ့သော်လည်း ထိုးဆေးထိုးရန် နောက်ထပ် ၁၀ ကြိမ် ကျန်နေသေးကြောင်း သိရသည်။

ထိုးဆေးကတော့ ဘာဘေးထွက်ဆိုးကျိုးမှ မခံစားရပါဘူး။ ကင်ဆာဆေးသွင်းတုန်းကတော့ ပထမဆုံးသွင်းပြီးချိန်မှာ သုံးရက်လောက် မစားချင်မသောက်ချင်တာ ဖြစ်ခဲ့တယ်။ အနံ့တွေရရင် အန်ချင်တယ်. . ကိုယ့်ကိုယ်ကိုယ်တော့ အားတင်းရတာပေါ့။ ရှေ့မှာလည်း ဒီလိုပဲသူများတွေ ကုသမှုခံယူခဲ့ တယ်၊ သူများတွေလည်း ကျော်ဖြတ်နိုင်ခဲ့တယ်၊ ဒါလေးကို ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်လေးနဲ့နေလိုက်ပါတယ်။

နောက်တစ်ခုက ဆရာဝန်တွေအပေါ် ယုံကြည်မှုအပြည့်အဝထားတာကတော်တော်လေး ထိရောက်တယ်လို့ထင်ပါတယ်။ ကိုယ့်ကိုကုသပေးတဲ့ ဆရာ ဝန်ကြီးတွေရဲ့ ညွှန်ကြားချက်တွေကို တသွေမတိမ်းလိုက်နာပါတယ်။ လမ်းလျှောက်ရမယ်၊ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းလုပ်ရမယ်၊ ညာဘက်လက်ကို လေ့ကျင့်ခန်းလုပ်ရမယ် . . ဒီလို အကြံပေးလမ်းညွှန် ချက်တွေအတိုင်း အကုန်လုပ်ပါတယ်…. ဟု ဆရာမ ဒေါ်အေးအေးသိန်းကဆိုသည်။

ဆရာဝန်ကြီးများ၏ အကြံပေးညွှန်ကြားချက်များအတိုင်း တိကျစွာလိုက်နာခဲ့သဖြင့် ထိုစဉ်က အလက (၄) အထကခွဲ လှိုင် (ကျားကျောင်း)တွင် အလယ်တန်းကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့သည့် ဒေါ်အေးအေးသိန်းသည် ရင်သားခွဲစိတ်ရန် ဆေးရုံတက်ရသည့် လေးရက်တာမှအပ ခွင့်လုံးဝမယူခဲ့ရသည်အထိ ကျန်းမာလန်းဆန်းနေခဲ့ကြောင်း သူက ပြောပြခဲ့သည်။

တီချယ်က အလုပ်တွေကိုပဲ အမြဲလုပ်နေတာပဲ၊ အဲဒီလိုလုပ်နေတာလည်း တစ်ခုကောင်းတယ်လို့ထင်ပါတယ်။ အလုပ်တွေလုပ်နေတော့ ငါဟာ ရင်သားကင်ဆာ ဖြစ်နေပါ့လားဆိုတာကို စိတ်ထဲတော်တော်နဲ့ မရောက်ဘူး။ ကင်ဆာဆေးသွင်းလို့ ခံစားရတဲ့ အခါကျမှ ငါကဆေးကုသမှု ခံနေရပါ့လားလို့ သိလိုက်တော့တယ်။ ကျန်တဲ့အချိန်ဆိုရင် ကျောင်းအုပ်တစ်ယောက်အနေနဲ့ အလုပ်ကများတော့ ကလေးတွေ စာမေးပွဲအောင်ချက်ကောင်းဖို့၊ ကလေးတွေစာသင်ပေးဖို့တွေကိုပဲ အာရုံကရောက်နေတဲ့အတွက် ရောဂါကို မေ့မေ့သွားတယ်…အထက(၂) အလုံမြို့နယ်တွင် အထက်တန်းကျောင်းအုပ်အဖြစ် ၁-၈-၂၀၁၆ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်ခဲ့သော ဆရာမဒေါ်အေးအေး သိန်းသည် ရင်သားကင်ဆာ ကုသမှုခံယူချိန် တစ်လျှောက်လုံး မိသားစုဆွေမျိုးအပေါင်းအသင်းတို့၏ အားပေးဖေးမမှုများသာမက မိတ်ဆွေသူငယ်ချင်းများ၏ အားပေးကူညီမှုများကိုပါ ရရှိခဲ့သူဖြစ်သည်။

တီချယ် ရင်သားကင်ဆာအကျိတ်ခွဲတယ်၊ ကင်ဆာဆေးသွင်းတယ်ဆိုတာသိတာနဲ့ နှစ်ပေါင်း ၄၀ ကျော် ဝေးကွာနေခဲ့တဲ့ ငယ်သူငယ်ချင်းတွေက အနယ်နယ်အရပ်ရပ်ကနေ ရောက်လာခဲ့ကြတယ်။ သူတို့တွေအဖွဲ့လိုက် အလှည့်ကျရောက်လာပြီး စိတ်ခွန်အားရအောင် အားပေးကြတယ်။ ဒါကလည်း အများကြီးထိရောက်ပါတယ်။ ကင်ဆာဆေးသွင်းတိုင်း ငယ်သူငယ်ချင်းတွေ အလှည့်ကျရောက်လာတော့ သူတို့နဲ့စကားပြောရင်း ကင်ဆာဆေးသွင်းတဲ့ဝေဒနာကို အာရုံမရောက်တော့ဘူး။ သူတို့ဆီက မေတ္တာခွန်အားတွေ ရခဲ့တဲ့အတွက် တီချယ် မြန်မြန်နာလန်ထူခဲ့တယ်လို့ ထင်ပါတယ်။

ပြီးတော့ ကျားကျောင်းက ဆရာမတွေကလည်း တီချယ်ဆေးရုံတက်စဉ်ကနေ ကင်ဆာဆေးသွင်းတဲ့အထိ စိတ်ရောကိုယ်ပါပြုစုခဲ့ကြတယ်။ ကင်ဆာ ဆေးသွင်းပြီး နောက်တစ်နေ့ဆိုရင် တီချယ်က မစားချင်မသောက်ချင် ဖြစ်ပြီဆိုတာနဲ့ အဲဒီကဆရာမလေးတွေက တီချယ်စားချင်လာအောင် ရှောက်သီး သုပ်လေးကကောင်းမလား ကျွေးတယ်၊ မစားချင်ရင် နောက်တစ်မျိုး ပြင်ဆင်ပေးတယ် . . အဲဒီလိုကို တစ်မျိုးမဟုတ် တစ်မျိုး ပြင်ဆင်ပြီး စိတ်ရှည်လက်ရှည် ပြုစုပေးခဲ့ကြတယ်။ အမေတစ်ယောက်ကို စောင့်ရှောက်သလိုမျိုး အနီးကပ် စောင့်ရှောက်ပေးခဲ့ပါတယ်….သားတစ်ဦးသာရှိသည့် ဆရာမ ဒေါ်အေးအေးသိန်းအတွက် တပည့်တပန်းပေါင်းများစွာသည် ဝမ်းနှင့်လွယ်မမွေးရသော်လည်း တကယ့် သားသမီးများပမာ စစ်မှန်သော နွေးထွေးချစ်ခင်ရင်းနှီးမှုများပေးခဲ့ကြသည်။

တီချယ်ကြီး ကံအကောင်းဆုံးအချက်က တပည့်တွေရဲ့ ချစ်ခင်မှုရတာပါပဲ။ တီချယ်က TTC ကျောင်းမှာ ၁၆ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ အဲဒီက ကလေးတွေက တီချယ့်အပေါ်မှာ အင်မတန်သိတတ်လိမ္မာတဲ့ကလေးတွေလို့ပြောရမှာပါပဲ။ တီချယ်ကင်ဆာဖြစ်တယ်ဆိုတာ သူတို့သိမှာစိုးလို့ မပြောခဲ့ပေမယ့် သူတို့သိသွားတဲ့အခါမှာ အကုန်လုံးရောက်လာပြီး ဆရာဝန်ဖြစ်သွားတဲ့ တပည့်တွေကလည်း သူတတ်တဲ့ဆေးပညာနဲ့ အားပေးတယ်၊ အင်ဂျင်နီယာဖြစ်သွားတဲ့ တပည့်၊ စီးပွားရေး လုပ်တဲ့ တပည့်စသဖြင့် တပည့်မျိုးစုံက သူတို့တတ်တဲ့ ပညာတွေနဲ့ အားပြည့်အောင်၊ မကြောက်အောင် အားပေးကြတယ်။

တပည့်တွေက ကင်ဆာဆိုတာကို ကြားလိုက်တာနဲ့စိတ်ပူတယ်၊ ရင်သားကင်ဆာ အဆင့် (၂)ဆိုတော့ (၁)မှမဟုတ်တာ စသဖြင့်စိုးရိမ်ကြတယ်။ နောက်ဆုံးမှာ တီချယ်က လောကကြီးမှာ ဘယ်သူပဲဖြစ်ဖြစ် သူ့သက်တမ်းရှိသလောက်ပဲနေမှာပဲဆိုပြီး တပည့်လေးတွေကို ပြန်အားပေးရတယ်…ဆရာကောင်း တပည့်ပီသစွာ ဆရာမဒေါ်အေးအေးသိန်း၏ တပည့်များသည် ဆေးဖိုးဝါးခကုန်ကျငွေများအတွက် ဝန်မပိစေရန် တစ်ဖက်တစ်လမ်းမှ ကျေးဇူးဆပ်ကာကန်တော့ခဲ့ကြသည်။

ကျန်းမာရေးအရ ဒီလို ရောဂါဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ မိဘဆွေမျိုးကောင်းတွေ၊ ငယ်သူငယ်ချင်းတွေရဲ့ မေတ္တာ၊ စေတနာတွေသာမက တပည့်ကောင်းများရဲ့ မေတ္တာ၊ စေတနာကိုပါ အပြည့်အဝ ခံစားခဲ့ရတယ်။ အဲဒီအတွက် တီချယ်ကဘဝမှာ ကံကောင်းတဲ့ သူလို့ယူဆပါတယ်….ကင်ဆာဆေးသွင်းကုထုံး၏ ဘေးထွက်ဆိုးကျိုး ကြောင့်ဆံပင်များကျွတ်သွားခဲ့သော်လည်း ပကတိလန်းဆန်းစွာသွားလာလှုပ်ရှားပြီး တပည့်များကို စာသင်ကြားခြင်း၊ အထက်တန်းကျောင်းအုပ်တာဝန်များ ထမ်းဆောင်ခြင်းတို့ကို ဖျတ်လတ်တက်ကြွစွာ လုပ်ဆောင်နေသည့် ဆရာမဒေါ်အေးအေးသိန်းကို ရောဂါကြောင့်ဟုမထင်ဘဲ သီလရှင်ဝတ်ထားသည် ဟုသာအများကထင်ခဲ့ကြသည်။

အဲဒီလိုဆိုပေမယ့် ကင်ဆာဆေးသွင်းကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် လက်လေးတွေထုံတာ၊ ခြေလေးတွေထုံတာ ကျန်နေသေးတယ်။ဆရာဝန်ကြီးတွေက စာမသင်နဲ့လို့ အရင်က ပြောခဲ့လို့ မသင်ဘဲနေခဲ့ပေမယ့် အခုဒီနှစ်ထဲမှာ လူကပိုကြံ့ခိုင်လာတဲ့အတွက် စာသင်ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၄ နှစ်ကြာ ကျောင်းဆရာမ လုပ်လာတော့ စာပွှဲသင်ချင်တယ်။ ရူပဗေဒဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး အဲဒီဘာသာနဲ့ပဲ TTC မှာ ၁၀ တန်းကို သင်ခဲ့တယ်။ အခုလည်းဆက်သင်ဖြစ်နေပါတယ် …..ဟုဆိုသည်။

စာသင်ကြားရသည်ကို ဝါသနာပါခဲ့သော ဆရာမaဒါ်အေးအေးသိန်းသည် တပည့်များအား စာသင်နေရခြင်းက ဘဝတွင်အပျော်ရွှင်ဆုံး အချိန်ကာလ ဖြစ်သည့်အတွက် စာသင်ခြင်းကပင် ဆေးကုသမှုတစ်ခုဟု ထင်မြင်မိသည်။

တီချယ်က အချိုမှုန့်မစားတာ နှစ်အစိတ်ရှိသွားပါပြီ။ ဆီဆိုလည်း အညာကပဲမှာစားတာ၊ အသီးအရွက်၊ အသားငါးကို စည်းစနစ်ကျကျစားခဲ့တာ၊ အသီးအနှံ၊ အသီးအရွက်တွေဆို ဆားရည်နဲ့ဆေးတယ်၊ ရှလကာရည်နဲ့ဆေးတယ် . . အကုန်လိုက်နာခဲ့တာ၊ အစားအသောက်ကြောင့်တော့ ကင်ဆာဖြစ် မယ်မထင်ဘူး . ……ဟု ဆရာမ ဒေါ်အေးအေးသိန်း က ပြောရင်း ဈေးထဲတွင်ရောင်းချသော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များက ကျန်းမာရေးနှင့် ညီညွတ်စွာ စိုက်ပျိုးရောင်းချခြင်းမရှိလျှင်တော့ မပြောတတ် ဟု ရယ်မောကာ ပြောပြခဲ့သည်။

ရင်သားကင်ဆာမျိုးရိုးမရှိဘဲ ဖခင်ဖြစ်သူက အစာရေမျိုကင်ဆာဖြင့်ဆုံးပါးသွားခဲ့ကြောင်း၊ ယခုအခါ ၅၈နှစ်ရှိပြီဖြစ်သည့် ဆရာမဒေါ်အေးအေးသိန်းက လောကဓံစိတ်ဖိစီးမှုကြောင့်သာ ကင်ဆာဖြစ်နိုင်ဖွယ်ရာ ရှိသည်ဟုထင်မြင်ထားသည်။

အခုနောက်ပိုင်းကျတော့ စိတ်ကိုဖိစီးမှုမဖြစ် ရဘူးလို့ ဆရာဝန်တွေက ညွှန်ကြားတယ်။ စိတ်ဖိစီးမှု ဖြစ်နိုင်တဲ့ အရာတွေကတော့ ဘယ်သူမဆို သူ့အရွယ်နဲ့သူ ကြုံနေမှာပဲလေ . . အဓိကကတော့ အဲဒါတွေကို စိတ်ထဲက မြန်မြန်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ ကျောင်းအလုပ်ကို ကျောင်းမှာလုပ်ပြီး အိမ်သယ်မလာဖို့၊ မိသားစုကိစ္စဆိုလည်းဖြေရှင်းစရာ ဖြေ ရှင်းပြီး စိတ်ထဲမှာ ကြာကြာမထားဖို့လိုတယ်။

အရင်က တီချယ်ကကိုယ့်အကြောင်းကို ဘယ်သူ့မှမပြော ဘဲစိတ်ထဲမှာပဲ ထားတတ်တယ်။ တကယ်တော့ စိတ်ထဲမှာ မျိုသိပ်မထားသင့်ဘူး။ အဓိကကတော့ တရားရှုမှတ်ဖို့ပဲ၊ တီချယ်က ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် ကိုယ့်ဘာသာအလျောက်တရားမှတ်ပါတယ်။ အဲဒီလို တရားမှတ်တာက အများကြီးထိ ရောက်တယ်လို့ တီချယ်ကြီးထင်ပါတယ်…..ဟု ဆရာမဒေါ်အေးအေးသိန်းက သူ့အတွေ့အကြုံကို ပြောပြခဲ့သည်။

ကင်ဆာကုသမှုခံယူနေစဉ်နှင့် ယခုနောက်ပိုင်း တွင် ဆရာမဒေါ်အေးအေးသိန်းသည် တရားရှုမှတ်ခြင်းနှင့် သတိယှဉ်ကာ နေထိုင်ခြင်းတို့ကို နံပါတ်တစ်ဦးစားပေး လုပ်ဆောင်ဖြစ်သဖြင့် စိတ်ဖိစီးမှု လျော့ပါးသွားခဲ့ကြောင်း သိရသည်။

တီချယ်က ငါဘယ်သူ့ကို ဘယ်လောက် ပေးနိုင်မလဲဆိုတာကိုပဲစဉ်းစားတယ်၊ ဘယ်သူ့ဆီကမှ ယူဖို့မစဉ်းစားဘူး၊

စိတ်ကိုဖြောင့်ဖြောင့်ထားပြီး အပြုသဘောနဲ့တွေးတယ်၊ အဆိုးမြင်အတွေးတွေကို တတ်နိုင်သမျှ လျှော့တယ်။ ပူပင်သောက ကြုံသမျှကိုစိတ်ထဲ လျော့ခံစားလိုက်တယ်….

ဟု ပြောကြားရင်း ဘဝတူရင်သားကင်ဆာ ဖြစ်နေသူများအတွက် အကြံပြုစကားကိုပါ ပြောကြားလိုက်ပါသည်။

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းကလုပ်တဲ့ ဟောပြောပွဲတွေ တက်စေချင်ပါတယ်၊ ပြီးတော့ ကျန်းမာရေးဂျာနယ်တွေ ဖတ်စေချင်ပါတယ်။ ကျန်းမာရေးဆေးစစ်မှုကို လုပ်သင့်ပါတယ်။ ရင်သား စမ်းသပ်မှုဆိုတာ ကိုယ့်ဘာသာအိမ်မှာ တစ်လတစ်ကြိမ် စမ်းပေးရင်ရပါတယ်။ ရင်သားဓာတ်မှန်က လည်းတစ်နှစ်တစ်ခါ ရိုက်သင့်ပါတယ်။ ဒါလေးတွေ က ငွေကုန်ကြေးကျလည်း မများပါဘူး။ နောက်တစ်ချက်က မရှက်ပါနဲ့။ ဖြစ်လာရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကြီးတွေနဲ့ ပြပါ၊

ဆရာတု၊ ဆရာယောင် နဲ့တော့ မပြစေချင်ပါဘူး။ ဆရာဝန်အစစ်တွေရဲ့ လမ်းညွှန်ချက်အတိုင်းနေပြီး ဖြစ်လာသမျှ လောကဓံကို တည့်တည့်ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ကိုသာ ခပ်တင်းတင်း မွေးထားလိုက်ပါ . . စိတ်အားမငယ်ဘဲနဲ့ ဆရာဝန်ပြောတဲ့အတိုင်း တသွေမတိမ်းလိုက်နာမယ်ဆိုရင် ကံရှိသလောက် အသက်ရှင်ခွင့်ရတဲ့အပြင် ဉာဏ်ပါကူလိုက်တဲ့အတွက် ပိုအသက်ရှင်နေထိုင်ခွင့် ရသွားပါလိမ့်မယ်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဆရာမ ဒေါ်အေးအေးသိန်း ၏ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top