Healthy Life Ad
Q & A

အုတ်ဂျုံကွေကာ (Oatmeal ) စားသင့်တဲ့အကြောင်းရင်း

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီးမှ ဖြေကြာပေးပါသည်။

မေး ။ ။ အခုနောက်ပိုင်း Oatmeal ဆိုပြီး စားခိုင်းကြတယ်။ စီးတီးမတ်တွေမှာလည်း တွေ့ပါတယ်။ ဂျုံကြမ်းအဖတ်တွေလိုမျိုး၊ အဲဒါက ဘယ်လို ကောင်းကျိုးများရှိပါသလဲ။ ကျွန်မအဖေကို မနက်စာအနေနဲ့ကျွေးချင်လို့ပါ။
သဲသဲ၊ ဝမ်းတွင်းမြို့။

ဖြေ ။ ။ Oatmeal ဆိုတဲ့ အုတ်ဂျုံကွေကာမှာ သံဓာတ်၊ဖောလိတ်ဓာတ်တွေ ပါဝင်မှုများပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ပဲဖြစ်ဖြစ်၊နို့တိုက်မိခင်ပဲဖြစ်ဖြစ် သူတို့ကသာမန်အမျိုးသမီးတွေထက် သံဓာတ် ပိုလိုအပ်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေကို အာဟာရအထူးကု ဆရာဝန်တွေက နံနက်စာအနေနဲ့ အုတ်ဂျုံကွေကာ စားခိုင်းပါတယ်။

နောက်တစ်ချက်အနေနဲ့ အုတ်ဂျုံကွေကာမှာအမျှင်ဓာတ် ပါဝင်မှု များပါတယ်။ တခြားအစာတွေနဲ့ ယှဉ်ရင် ကာဗိုဟိုက်ဒရိတ်ပါဝင်မှုချင်း အတူတူဆိုရင်တောင် အမျှင်ဓာတ်ကပိုပြီး ပါဝင်တဲ့အတွက် အမျှင်ဓာတ်ရအောင် စားသင့်ပါတယ်။ အမျှင်ဓာတ်ပါတော့ ဒါကို နံနက်စာအနေနဲ့ စားပြီးရင် တော်တော်နဲ့ ဗိုက်မဆာတတ်ဘူး၊ ဗိုက်ပြည့်နေတယ်။ အဲဒီတော့
ကိုယ်အလေးချိန်များလို့ ဝိတ်ချစေလိုတဲ့အခါ မနက်စာအနေနဲ့ အုတ်ဂျုံကွေကာကို စားခိုင်းပါတယ်။

အဲဒီအတွက် ဗိုက်မြန်မြန်ပြည့်ပြီး အာဟာရလည်း ပြည့်သွားပါတယ်။ မြန်မာအစားအစာမဟုတ်တဲ့အတွက်မြန်မာလူမျိုးတွေက သိပ်မကြိုက်ကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နေ့တိုင်းမစားနိုင်ရင်တောင် တစ်ပတ် တစ်ခါလောက် စားပေးရင် အမျှင်ဓာတ်လည်း ရတယ်၊သံဓာတ်လည်း ရပါတယ်၊ ဖောလိတ်ဓာတ်တွေလည်းရပါတယ်။ အသက်ကြီးတဲ့သူတွေမှာ စားပေးရင် အဓိက သံဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပြီးသား ဖြစ်သွားပါတယ်။ ပြုတ်လိုက်လို့ ပျော့ဖတ်ဖတ်ဖြစ်သွားတဲ့အတွက် သွားမကောင်းတဲ့အရွယ်တွေမှာအလွယ်
တကူ စားနိုင်တယ်၊ အာဟာရဓာတ်လည်း ပြည့်ဝတယ်၊ အဆီဓာတ်လည်း မပါဝင်ပါဘူး။ ဒါကြောင့်စားသင့်တဲ့ အစာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top