Healthy Life Ad
Local

အစာအဆိပ်သင့်မှု မဖြစ်ပွားစေရန် ကျန်းမာရေးဦးစီးဌာန နှိုးဆော်

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

မသန့်ရှင်းသော အစားအသောက်များကို စားသုံးခြင်းကြောင့် အစာအဆိပ်သင့်တတ်ပြီး ရောဂါပိုးများကြောင့် ဖြစ်ပွားမှုများကာ အခြားအဆိပ် အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ၊ မှို၊ အပင်များနှင့် ငါး၊ ခရုများရှိအဆိပ်ဖြစ်စေသော ဓာတ်ပစ္စည်းများကြောင့် ဖြစ်ပွားတတ်သဖြင့် အစာအဆိပ်သင့်မှု မဖြစ်ပွားစေရန် ကျန်းမာရေးဦးစီးဌာနက နှိုးဆော်ထားသည်။

အစာအဆိပ်သင့်ဖြစ်စေနိုင်သည့်အကြောင်း ရင်းများတွင် ရောဂါပိုးကြောင့် အစာအဆိပ်သင့်ခြင်းနှင့် ဓာတုပစ္စည်းများကြောင့် အစာအဆိပ်သင့်ခြင်းဆိုပြီး နှစ်မျိုးရှိကာ ရောဂါပိုးကြောင့် အစာအဆိပ်သင့်စေတတ်သည့် အကြောင်းများတွင် အသားစိမ်း၊ ငါးစိမ်းများ စားသုံးခြင်း၊ မကျက်တကျက်ချက်ပြုတ်ထားသော အသားနှင့် ပင်လယ် စာများစားသုံးခြင်း၊ ရက်လွန်အစာများ စားသုံးခြင်း၊ မသန့်ရှင်းသော နို့နှင့် နို့ထွက်ပစ္စည်းများစားသုံးခြင်း၊ သိုးနေသော ထမင်းနှင့်ဟင်းများ စားသုံးခြင်း၊ အမှည့်လွန်သစ်သီးများကို စားသုံးခြင်း၊ မသန့်ရှင်းသော အိုးခွက်ပန်းကန်များ သို့မဟုတ် မသန့်ရှင်း သောလက်ဖြင့် အစားအစာ ချက်ပြုတ်ပြင်ဆင် စားသုံးခြင်းတို့ကြောင့် ဖြစ်တတ်သည်။

ဓာတု ပစ္စည်းများကြောင့် အစာအဆိပ်သင့် ခြင်းတွင်မူ မစားသုံးသင့်သည့် မှို၊ အသီးအရွက်၊ ငါး၊ ခရုများ စားသုံးမိခြင်း၊ ဓာတုပစ္စည်းများဖြစ်သော အင်ဂျင်ဝိုင်၊ ဒီဇယ်၊ မက်သနော စသည်တို့ ထည့်ထားသည့် ပုလင်း၊ ပုံး၊ ခွက်စသည်တို့ကို အစားအသောက်နှင့် ရေများထည့်၍ စားသောက်ခြင်း၊ ဘက်တီးရီးယားပိုးပေါက်၍ ဖောင်းနေသော စည် သွပ်ဘူးများအား စားသုံးမိခြင်း၊ သန့်စင်မှုအား နည်း၍ မက်သနောပါဝင်မှုများသော အရက်များ သောက်မိခြင်းတို့ကြောင့် ဖြစ်တတ်သည်။

အစာအဆိပ်သင့်လျှင် မူးဝေခြင်း၊ အော့အန် ခြင်း၊ ဗိုက်နာခြင်း၊ အရည်ဝမ်းသွားခြင်း၊ ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊ မျက်စိပြာဝေခြင်း၊ သွေးပေါင်ကျခြင်း၊ တက်ခြင်း၊ ချွေး ထွက်များခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပွားနိုင်ပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ သို့ဖြစ်ရာ အစားအစာ စားသုံးပြီး မိနစ်ပိုင်းမှ ရက်ပိုင်းအတွင်း အစာအဆိပ်သင့်လက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် ချက်ချင်းဆေးကုသမှု ခံယူသင့်ကြောင်း သိရသည်။

အစာအဆိပ်သင့်ဖြစ်ပွားမှု ကာကွယ်ရန် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ အသားများကိုသာ ရွေးချယ်စားသုံးပါ၊ ရက်လွန်အစာများ၊ ပုပ်သိုးနေသော အစာများ၊ အမှည့်လွန်သစ်သီးဝလံများ၊ သံချေးတက်ပုံပျက်နေသော စည်သွပ်ဘူးများ စားသုံးခြင်းမှရှောင်ကြဉ်ပါ၊ အိမ်သာ အသုံးပြုပြီးလျှင်၊ အစာကိုင်တွယ်ချက်ပြုတ်ပြင် ဆင်ခြင်းမပြုမီနှင့် အစာမစားခင် လက်အား ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောပါ၊ အသီးအရွက်၊ သား၊ ငါးများကို ကျက်အောင် ချက်ပြုတ်စားသောက်ပါ၊ အစားအစာချက်ပြုတ်ပြီး မကြာမီ အချိန်အတွင်း ပူပူနွေးနွေးစားသုံးပါ၊ လတ်တလော မစားသုံးဖြစ်သေးပါက ရေခဲသေတ္တာထဲတွင် အပူချိန် ၅ ဒီဂရီ စင်တီ ဂရိတ်အောက်၌ သိမ်းဆည်းသိုလှောင်ပါ။

ပြန်လည်စားသုံးမည်ဆိုပါက အပူချိန် ၆၀ ဒီဂရီစင်တီ ဂရိတ်အထက်၌ ပြန်နွှေး၍ စားသုံးပါ၊ ချက်ပြုတ်ပြီး အစာနှင့် မချက်ပြုတ်ရသေးသော အသီးအရွက်၊ သားငါးများအား လှီးဖြတ်ရာတွင် အသုံးပြုသော ဓားနှင့် စဉ်းတီတုံးများကို သပ်သပ်စီ ခွဲခြားအသုံးပြုပါ၊ ချက်ပြုတ်ပြီး အစာနှင့် မချက်ပြုတ်ရသေးသော အသီးအရွက် သားငါးများအား ရောနှောသို လှောင်သိမ်းဆည်းခြင်းမပြုရပါ၊ ဝမ်းပျက်ဝမ်း လျှောရောဂါလူနာများအနေဖြင့် အစားအစာများအား ကိုင်တွယ်ပြင်ဆင် ချက်ပြုတ်ခြင်း မပြုသင့် ပါ၊ စားကြွင်းစားကျန်များ ထည့်ထားသော အမှိုက်ပုံးအား သေချာစွာဖုံးအုပ်ထားရန်နှင့် မပြည့်လျှံမီ စွန့်ပစ်ပါ၊ ကြွက်နှင့်ယင်များ မခိုအောင်းနိုင်စေရန် မီးဖိုချောင်အား သန့်ရှင်းသပ်ရပ်စွာထားပါစသည့် အချက်များလိုက်နာသင့်ပြီး မက်သနောပါဝင်မှုများသော အရက်သေစာ သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်ကြောင်းနှင့် အမျိုးအမည်မသိ၊ မစား သောက်ဖူးသော မှို၊ သစ်သီးသစ်ဖုနှင့် ပင်လယ်စာများအား သတိထား၍ စားသောက်သင့်ကြောင်း သိရသည်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top