Healthy Life Ad
Health Tips

နာနတ်သီးစားရင် ဘယ်လိုကောင်းကျိုးတွေရမှာလဲ …

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

နာနတ်သီးဟာ ကမ္ဘာပေါ်က ရေပန်းအစားဆုံးသစ်သီးတွေထဲမှာ တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ချိုတယ်၊ အရည်ရွှမ်းတယ်၊ အရသာရှိတယ်. .စတဲ့အာနိသင်တွေရှိတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရဓာတ်လည်း ပြည့်ဝပါတယ်။

(၁) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြည့်ပါဝင်ပါတယ်

နာနတ်သီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ကယ်လ်စီယမ်၊ ဖောစ့်ဖရပ်စ်နဲ့ ပိုတက်စီယမ်တို့အပါအဝင် ဗီတာမင်နဲ့သတ္တုဓာတ်တွေ အများအပြားပါဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ ကယ်လိုရီလည်းပါဝင်ပါတယ်။ အဆီနဲ့ ကိုလက်စထရောဓာတ်တော့ မပါဝင်ပါဘူး။ ဒီအာဟာရဓာတ် အားလုံးက ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။

(၂) အရိုးတွေကို သန်စွမ်းကျန်းမာစေပါတယ်

နာနတ်သီးဟာ အရိုးတွေကို သန်စွမ်းကျန်းမာအောင် တည်ဆောက်ပေးနိုင်စွမ်းရှိပါတယ်။ နာနတ်သီးမှာ မဂ္ဂနိစ်ဓာတ်ပါဝင်လို့ပါ။ မဂ္ဂနိစ်ဟာ အရိုးနဲ့တွယ်ဆက်တစ်သျှူးတွေ သန်စွမ်းစေဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ တစ်နေ့ နာနတ်သီးတစ်ခွက်စားပေးရင် ခန္ဓာကိုယ်က တစ်နေ့တာလိုအပ်တဲ့ မဂ္ဂနိစ် စုစုပေါင်းရဲ့ ၇၃ ရာခိုင်နှုန်းကို ရရှိပါလိမ့်မယ်။

(၃) ချောင်းဆိုးတာနဲ့ အအေးမိတာ မဖြစ်အောင်ကာကွယ်ပေးပါတယ်

နာနတ်သီးမှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် အအေးမိတာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။ ဒီလိုဖျားနာစေတဲ့ ပိုးတွေ ကူးစက်ခံရပြီးပြီဆိုရင်တောင် နာနတ်သီးစားပေးရင် သက်သာစေနိုင်ပါတယ်။ နာနတ်သီးမှာပါတဲ့ ဘရိုမီလိန်းဆိုတဲ့အင်ဇိုင်းဟာ ချောင်း ဆိုးတာကို ဖိနှိပ်ပေးနိုင်စွမ်းကို ဖြစ်ပေါ်စေပြီး အချွဲတွေကို ပျော့သွားစေပါတယ်။ နာမကျန်းဖြစ်နေချိန်မှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကို မှန်မှန်သောက်ရင်းနာနတ်သီးစားပေးတာက သင့်ကို မြန်မြန်သက်သာ လာစေပါတယ်။

(၄) သွားဖုံးတွေကို ကျန်းမာစေပါတယ်

သွားဖုံးကျန်းမာရေးမကောင်းရင် သွားတွေရဲ့ကျန်းမာရေးအခြေအနေကလည်း ကောင်းနိုင်ဖို့ မလွယ်ပါဘးူ ။ သွားတွေအလွယ်တကူနဲ့သွားနိုင်ပါတယ်။ နာနတ်သီးစားတာက သွားဖုံးကျန်းမာရေးကို သန်စွမ်းစေပြီး သွားတွေကို ခိုင်ခံ့သန်စွမ်းစေပါတယ်။

(၅) မက်ကူလာ ယိုယွင်းပျက်စီးမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်

နာနတ်သီးဟာ ကျန်းမာရေးပြဿနာအမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာတစ်ခုကတော့ အသက်ကြီးချိန်မှာဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။ ဒီရောဂါက အာရုံခံလွှာ ထိခိုက်မှုကြောင့်အသက်ကြီးသူတွေမှာ အမြင်ဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ အဓိက ရောဂါဖြစ်ပါတယ်။

ဒီရောဂါဖြစ်ရင် စာဖတ်နိုင်စွမ်း၊ အသိမိတ်ဆွေတွေရဲ့ မျက်နှာတွေကိုမှတ်မိနိုင်စွမ်းနဲ့ နေ့စဉ်လုပ်ငန်း ဆောင်တာတွေကိုလုပ်ဆောင်နိုင်စွမ်းတွေမှာ အခက်အခဲရှိလာပါတယ်။သင်စားတဲ့ အစာထဲမှာ နာနတ်သီးပါဝင်တာက မက်ကူလာယိုယွင်းမှုဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်းလျော့ကျစေနိုင်ပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ ဘီတာကယ်ရိုတင်းဟာ အမြင်အာရုံကို ကျန်းမာစေပါတယ်။

(၆) အဆစ်ရောင်နာကို သက်သာစေပါတယ်

နာနတ်သီးမှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့အာနိသင်ရှိတာကြောင့် နာနတ်သီးစားတာကအရိုး တွေကို သန်စွမ်းစေပြီး အဆစ်ရောင်နာကိုသက်သာစေပါတယ်။ ဂေါက်အဆစ်အမျက် ရောင်ရမ်းနာရှိသူတွေကို ရောဂါသက်သာစေပါတယ်။

(၇) အစာ ကြေညက်စေပါတယ်

နာနတ်သီးမှာပါတဲ့ ဘရိုမီလိန်းအင်ဇိုင်းဟာပန်ကရိယထဲမှာ အရည်ထွက်အောင်လှုံ့ဆောင်ပေးတာကြောင့် အစာကြေညက်စေပါတယ်။ ဘရိုမီလိန်းမှာ ပရိုတင်းကို ကြေညက်စေတဲ့အစွမ်းရှိတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေတာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top