Healthy Life Ad
Life Style

ခေတ်မီလှပ မိခင်ဘဝ

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

အမျိုးသမီးတွေအနေနဲ့ သားသမီးရတနာ ယူတော့မယ်ဆိုရင် ကလေးကို မလိုချင်ဘဲ မယူသင့်ပါဘူး။ ကလေးကို မိခင်က ချစ်မြတ်နိုးမှ ကျန်းမာသွက်လက်ပြီး ဉာဏ်ရည်ထက်တဲ့ ကလေးကို မွေးဖွားနိုင်မှာ ဖြစ်လို့ပါ။ နောက်အရေးကြီးတဲ့ အချက်တွေကတော့ ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးက-

– မပိန်မဝ အနေတော်ဖြစ်ရပါမယ်။

– ဆေးလိပ်ရှောင်ဖို့ လိုပါတယ်။

– ဖောလစ်အက်စစ်ကို ပုံမှန် သောက်သုံးသင့် ပါတယ်။ ဖောလစ်အက်စစ်ဟာ သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက်မပါအောင် ကာကွယ်ပေးနိုင်လို့ပါ။

ကိုယ်ဝန်မဆောင်မီကတည်းက ကျန်းမာရေး စစ်ဆေးသင့်
ကိုယ်ဝန်မဆောင်ခင်ကတည်းက အသည်းရောင် အသည်းဝါဘီပိုး၊ စီပိုး၊ HIV ပိုး၊ ဆစ်ဖလစ် ကာလသားပိုး၊ သွေးအားနည်းရောဂါစတဲ့ ရောဂါတွေ ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးသင့်ပါတယ်။ ဒီပိုးတွေနဲ့ ရောဂါတွေက သန္ဓေသားကို ကျန်းမာ ရေးထိခိုက်မှုတွေ ဖြစ်စေနိုင်လို့ပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဒီပိုးတွေရှိရင်လည်း သန္ဓေသားဆီ မရောက်ရှိအောင် ထိန်းချုပ်နိုင်မယ့် နည်းတွေကို လုပ်ဆောင်နိုင်တာကြောင့် ရောဂါရှာဖွေဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ ရောဂါတွေရှိနေရင်လည်း သက်ဆိုင်ရာ သမားတော်နဲ့ ပြသရပါမယ်။

ကိုယ်ဝန်ဆောင်ချိန် ဝလွန်း၊ပိန်လွန်းလျှင်
ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးက ဝလွန်းရင် ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ဓာတ်ကျရောဂါတွေ ဖြစ်တတ်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်တက်တာ၊ လမစေ့တဲ့ ကလေးမွေးတာ၊ ဆီးချိုသွေး ချိုရောဂါဖြစ်တာတွေလည်း ဖြစ်တတ်ပါတယ်။ မိခင်က ဝလွန်းတာကြောင့် ခွဲစိတ်ပြီး ကလေးမွေးဖွားရတတ်သလို ခွဲစိတ်ရခက်ခဲတာ၊ အနာကျက်နှေးတာ၊ ချုပ်ရိုးပြေတာနဲ့ ချုပ်ရိုးကွဲထွက်တာစတဲ့ အခြေအနေတွေလည်း ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်မယ့် မိခင်က ပိန်လွန်းရင်တော့ ရာသီမှန်မှန်မလာတာ၊ သားဥမကြွေတာ၊ ကလေးမရ တာတွေ ဖြစ်နိုင်သလို ကိုယ်ဝန်ရခဲ့ရင်တောင် ကိုယ်ဝန် ပျက်ကျတာ၊ ပေါင်မပြည့် လမစေ့ ကလေးမွေးတာတွေ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတစ်ယောက်က ပိန်လွန်းရင် ရောဂါဒဏ်ကို မခံနိုင်တာ၊ သွေးအားနည်းတာ၊ ရင်တုန်တာ၊ မောပန်းတာတွေ ဖြစ်တတ်သလို အရိုးပါးရောဂါလည်း ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတစ်ယောက်က မပိန်လွန်း၊ မဝလွန်းဘဲ ကိုယ်အလေးချိန်က အနေတော်ဖြစ်ဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန် အရေးပါသည့် အာဟာရ
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝဖို့ အထူးအရေးကြီးပါတယ်။ အာဟာရချို့တဲ့ရင် အားအင်ချည့်နဲ့တာ၊ မလုပ်ချင်/မကိုင်ချင်ဖြစ်တာ၊ သွေးအားနည်းတာ၊ ပိုးဝင်လွယ်/ရောဂါရလွယ်တာတွေ ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကစီဓာတ်ရစေမယ့် ကာဗိုဟိုက်ဒရိတ်အစာတွေ၊ အသား၊ အသီးအနှံတွေနဲ့ နွားနို့တွေကို စားသောက် ဖို့လိုပါတယ်။ ဒါ ပေမဲ့ ဥအမျိုးမျိုး၊ နို့နဲ့ အသားတွေကို စားတဲ့အခါ ကျက်မှစားရပါမယ်။ တိရစ္ဆာန်အသည်းကိုတော့ ရှောင်သင့်ပါတယ်။ လမ်းဘေးစာ၊ ယင်နားစာ၊ ဒညင်းသီး၊ မှို စတာတွေကို မစားသင့်ပါဘူး။ ကော်ဖီနဲ့ အရက်ကို မသောက်သင့်ပါဘူး။

အစားအသောက်စားတဲ့အခါ လက်ဆေးပြီးမှ စားဖို့ အရေးကြီးပါတယ်။ အိမ်မှာကြောင်တွေရှိရင် ကြောင်ချေးတွေကို သတိထားပါ။ ကြောင်ချေးက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ပါးစပ်ထဲ မတော်တဆဝင် သွားရင် Toxoplasma Gondii ဆိုတဲ့ ပိုးဝင်ရောက်ပြီး သန္ဓေသားကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။

အန်တတ်ရင် အပူအစပ်တွေ၊ အဆီများတာတွေရှောင် ရပါမယ်။ တချို့ဆိုရင် ဘာအစာမှ မဝင်ဘဲနဲ့ အန်ပဲ အန်နေတတ်တယ်၊ ဒါကြောင့် အစာကို နည်းနည်းစီ နည်းနည်းစီစားပေးပြီး အအန်ပျောက်ဆေးသောက် ပေးရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူရင်အဝတ် ကျပ်ကျပ်တွေမဝတ်ရဘူး။ ခေါင်းအုံးမြှင့်ပြီး အိပ်ပေးရမယ် . . .

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သည့် ဝေဒနာများ
ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့မယ်၊ အန်မယ်၊ ဝမ်းချုပ်မယ်၊ ရင်ပူမယ်၊ တစ်ခါတလေ လိပ်ခေါင်းတောင် ဖြစ်နိုင်တယ် . . အန်ရင်း အန်ရင်း အားပြတ်တဲ့အထိ ဖြစ်တတ်တဲ့အတွက် သတိထားသင့်ပါတယ်။ အန် တတ်ရင် အပူအစပ်တွေ၊ အဆီများတာတွေရှောင်ရပါမယ်။ တချို့ဆိုရင် ဘာအစာမှ မဝင်ဘဲနဲ့ အန်ပဲ အန်နေတတ်တယ်၊ ဒါကြောင့် အစာကို နည်းနည်းစီ နည်းနည်းစီစားပေးပြီး အအန်ပျောက်ဆေးသောက် ပေးရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်ပူရင်အဝတ် ကျပ်ကျပ်တွေမဝတ်ရဘူး။ ခေါင်းအုံးမြှင့်ပြီး အိပ်ပေး ရမယ်။

နောက်တစ်ခုက ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်လာတဲ့ ဟော်မုန်းက သားအိမ်ကိုငြိမ်အောင် ထိန်းပေးတဲ့အပြင် အူတွေကိုပါ ငြိမ်အောင် လုပ်ပစ်လိုက်ပါတယ်။ အူတွေက မလှုပ်ရှားတော့ ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းမသွားရင် နေရခက်တဲ့အတွက် ဝမ်းမှန်မှန် သွားအောင် အသီး အရွက်တွေ များများ စားရမယ်၊ ရေများများ သောက်ရမယ်၊ မနက် မိုးလင်းလာရင် ရေသောက်၊ ဝမ်းသွား တတ်တဲ့ အကျင့်ကို လုပ်ထားရပါမယ်။ ဝမ်းချုပ်ရင်လည်း တွေ့ရာကြုံရာ ဝမ်းနုတ်ဆေး ပြင်းပြင်းတွေ မသောက်သင့်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သင့်တော်တဲ့ ဝမ်းနုတ်ဆေးအပျော့စား (ဥပမာ MOM) ကို သောက်ပေးရပါမယ်။

ကိုယ်ဝန်ဆောင်တစ်ယောက်က တစ်ယောက်တည်း လျှောက်သွားသင့်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တက်တတ်တဲ့အတွက် လှုပ်ရှားမှု များများ လုပ်ပေးရမယ်။ ဖြစ်နိုင်ရင် ခြေသလုံးကို နှိပ်နယ်ပေးရပါမယ်။

ဖောတာ၊ ရောင်တာတွေ ဖြစ်လာရင် ကိုယ်ဝန် ဆိပ်တက်တဲ့ လက္ခဏာတွေ ဖြစ်တတ်လို့ သတိထားရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာအကြောင်းမှ မရှိဘဲမောပန်းနေတတ်ပါတယ်။ ဒါကြောင့် အရင်လို ပင်ပင်ပန်းပန်း အလုပ်မလုပ်သင့်ပါဘူး။ စိတ်ကိုလည်း ဖြေလျှော့ထားရပါမယ်။ ခါးကို မတ်မတ်ထားရမယ်၊ ဒေါက်မြင့်ဖိနပ် မစီးရဘူး၊ ဖိနပ်ပါး စီးရမယ်။ ပစ္စည်းတွေကို ကုန်းပြီး မကောက်ရပါဘူး၊ ထိုင်ပြီးမှ ကောက်ရပါမယ်။ ဒါမှ ခါးနာတဲ့ ဝေဒနာကင်းမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သည့် အိပ်မပျော်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အိပ်ပျော်အောင် စိတ်ဖိစီးမှုများတာတွေ၊ ရှေ့ရေးကိုတွေးပြီး ပူပင်သောကများနေတာတွေကို လျှော့ချသင့်ပါတယ်။ အချိန်ရတိုင်း အနားယူပေးဖို့ လိုအပ်သလို အိပ်ပျော်အောင် ရေနွေးစိမ်ပြီး ရေချိုးတာ၊ နွားနို့သောက်တာတွေ လုပ်သင့်ပါတယ်။
အိပ်ဆေးက စွဲတတ်တဲ့ သဘောရှိလို့ အိပ်ဆေး မသောက်သင့်ပါဘူး။ အိပ်ဆေးသောက်ပါများရင် ဗိုက်ထဲက ကလေးပါ အိပ်ဆေးအရှိန်ကြောင့် မလှုပ်တာမျိုး ဖြစ်တတ်လို့ပါ။

ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးရုံအမြန်ဆုံး သွားသင့်သည့် အခြေအနေများ
ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်းပြင်းထန်ထန် အန်တယ်၊ သွေးတွေ ပါတဲ့အထိ အန်တယ်ဆိုရင် ဆေးရုံကို အမြန်တက်ဖို့လိုအပ်ပါတယ်။ သွေးဆင်းတာ၊ ရေဆင်းတာတွေ ဖြစ်ရင်လည်း အမြန်ဆုံး ဆရာဝန်ဆီ သွားပြရပါမယ်။ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ အန်တာ၊ အမြင်ဝေ၀ါးတာ၊ တက်တာ တွေဖြစ်ခဲ့ရင် ဒီလက္ခဏာတွေ အားလုံးက ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေ ဖြစ်တာကြောင့် အသက်အန္တရာယ်ရှိပါတယ်။ ဆေးရုံ၊ ဆေးခန်းကို အမြန်သွားပြသင့်တဲ့ အခြေအနေပါ။နောက်တစ်ချက်က ဗိုက်ထဲက ကလေးကမလှုပ်ရင်၊ မျက်စိတွေပြာဝေပြီး ဖောရောင်တာ၊ ခေါင်းကိုက်တာ၊ သွေးတိုးတာတွေဖြစ်နေရင်လည်း ဆေးရုံတက်ဖို့ လိုအပ်တဲ့အခြေအနေတွေ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top