Healthy Life Ad
Life Style

လမ်းကူးတဲ့အခါ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုလွင်နဲ့ ချစ်သူဖြစ်ပြီး အပြင်တွေထွက်လည်တိုင်း မေ သတိထားမိတာ တစ်ခုရှိနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ သူဟာ မေနဲ့အတူ လမ်းကူးတဲ့ အခါ ကားလာတဲ့ ဘက်မှာ ဘယ်တော့မှ မနေတာပါပဲ။

အရင်ကသေချာသတိမထားမိပေမဲ့ ဘတ်စ်ကားပေါ်က ဆင်းလိုက်ရင် လမ်းမကူးခင် မေ့ညာဘက်မှာ ရှိနေတာတောင် မေ့ဘယ်ဘက်ကို စွေ့ခနဲ ရောက်လာတတ်တာ။ မေ့လက်ကိုတော့ ဆွဲပြီးလမ်းကူးပါရဲ့၊ ကားလာတဲ့ဘက်က မေ့ဘက်ဆိုတော့ မတော်တဆ ကားတိုက်မိရင် ငါအရင် တိုက်ခံရမှာပဲလို့ မေတွေးမိတာ အခါခါ . . . ကိုလွင်ကယောကျာ်းပဲ၊ မေ့ကိုကာကွယ်ပေးရမှာက ကိုလွင့်တာဝန်ပဲ . .တကယ်ဆို လမ်းကူးကြတဲ့အခါ ကားလာတဲ့ဘက်မှာ ကိုလွင်နေသင့်တယ် မဟုတ်ဘူးလား . .အခုတော့။တွေးရင်း တွေးရင်း မေ့စိတ်ထဲ မကျေမလည် ဖြစ်နေခဲ့တယ်။

အစပိုင်းကတော့ မေနဲ့ ကိုလွင်က ချစ်သူဆိုပေမယ့် ရည်းစားသက်တမ်း သိပ်မကြာသေးတာကတစ်ကြောင်း၊ ဖွင့်ပြောလိုက်ရင် မေက အသေးအဖွဲလေးနဲ့ ဇီဇာကြောင်တယ်လို့ ထင်မှာစိုးတာက တစ်ကြောင်း မပြောဖြစ်ခဲ့ဘူး။

ဒီနေ့တော့ မေနဲ့ ကိုလွင် သမီးရည်းစားဖြစ်တာ တစ်နှစ်ပြည့်တဲ့နေ့ . . ဘုရားသွား၊ မုန့်စားပြီး နှစ်ယောက်စလုံး စိတ်ကြည်နေတုန်း မေ သိချင်နေတဲ့ အရာကို မျိုသိပ်မထားနိုင်တော့ဘဲ မေးလိုက်တော့တယ်။

ကိုလွင်က ပြန်စဉ်းစားတွေးတောပြီး-

“လမ်းကူးတဲ့အခါ . . အော် . . သိပြီ၊ ဟုတ်လား ကိုယ်က ကားလာတဲ့ ဘက်မှာ မနေတာလား၊အဲဒါတော့ ကိုယ်သတိမထားမိဘူး၊ ကိုယ်သိတာက ဒီလို မေရဲ့ . . အဲဒါက နေထိုးတဲ့ ဘက်လေ . .နေထိုးတဲ့ ဘက်ကို ကိုယ်ကပြောင်းလိုက်တာ . . မေပဲ ပြောဖူးတယ်လေ၊ မေ့အသားအရေက နေဒဏ်ပြင်းရင် ဓာတ်မတည့်ဖူးဆိုတာ . . အဲဒါကြောင့် ကိုယ်က နေထိုးတဲ့ ဘက်မှာပြောင်းပြီး မေ့ကို ကွယ်ပေးတာ” မေ ကိုလွင့်လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိပါတော့တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top