Healthy Life Ad
Life Style

ဆရာဝန်ဘဝနဲ့ ဆရာဝန်စိတ်ဓာတ် (၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

နေ့စဉ် ဆေးရုံမှာ လူနာတွေသေတာရှိပါတယ်။ တချို့ ဆရာဝန်ဖြစ်ခါစ၊ အလုပ်သင် ဆရာဝန်ဖြစ်ခါစ ဆရာဝန်တွေဆိုရင် လူနာသေတာတွေ့တိုင်း စိတ်မထိန်းနိုင်ဘဲ မိသားစုနဲ့အတူ မျက်ရည်ကျမိတာတွေလည်း ရှိကြပါတယ်။ ကျွန်မတို့ ဆရာဝန်၊ ဆရာမ အများစုကတော့ သံယောဇဉ်ရှိတဲ့ လူနာတချို့အတွက် စိတ်မကောင်းဖြစ်မိတတ်ကြပေမယ့် ခဏတာပါပဲ။ အခုရောက်၊ အခုသေတဲ့ လူနာတွေအတွက်တော့ မေ့မေ့ပျောက်ပျောက် မှတ်တောင်မမှတ်မိနိုင်တော့ပါ။ ကြာတော့လည်း ရိုးသွားကြပါတယ်။

လူနာက သူ့ဘာသာ သေတာ၊ ဒီဘက်မှာတော့ ဘာမှ မခံစားရတော့ပါ။ ဒီလိုအချိန်မှာ ဆရာဝန်တွေ အလုပ်ရုံးခန်းမှာ စုရုံးနေပြီး ရယ်စရာ ပြောတဲ့သူရှိရင် ရယ်ကြ၊ မောကြ၊ အရယ်မပျက်၊ အပြုံးမပျက်၊ တစ်ဖက်လူနာဘက်က ကြည့်ရင် ‘ဒီဆရာဝန်တွေ နှလုံးသားမှ ရှိကြရဲ့လား’ ထင်စရာပင်။ ‘ငါတို့ ဒီမှာ လူသေတာ မျက်နှာအမူအရာတောင် မပျက်ကြဘူး’လို့ ထင်စရာပင်။

ဒါကြောင့် ကျွန်မတို့တွေရဲ့ ဆရာဝန်စိတ်ဓာတ်ဆိုတာ နေ့စဉ် အလုပ်လုပ်နိုင်အောင် လုပ်နေကျ၊ ဖြစ်နေကျ သဘောထားကြရပေမယ့်လည်း တစ်ဖက်မှာ တတ်နိုင်သလောက် အမြဲတစေ ကိုယ်ချင်းစာစိတ်လေးကို ပြန်ပြန်ပြီး မွေးယူကြရမှာဖြစ်ပါတယ်။ လူနာတိုင်းကို လူနာတစ်ဦးအနေနဲ့ ဆက်ဆံရပါမယ်။ ချမ်းသာ၊ ဆင်းရဲ၊ ရာထူး၊ ဂုဏ်ရှိရှိ၊ မရှိရှိ လူနာကို လူနာတစ်ဦး . . မိမိကူညီကယ်တင်ရမယ့် လူနာတစ်ဦးအနေနဲ့ ထာဝစဉ် စဉ်းစားထားသင့်ပါတယ်။ လူနာကောင်းဖို့အတွက် အဓိကဆိုပြီး အမြဲစဉ်းစားရပါမယ်။

တစ်ဖက်စွန်း မရောက်စေဖို့ စိတ်ကို အမြဲထိန်းနေသင့်ပါတယ်။ “စေတနာ”တစ်ခုသာ ထားပေးလိုက်ရင် နောက်က လိုက်လာမယ့် လုပ်ဆောင်ချက်တွေဟာ အကောင်းဆုံးတွေပဲ ဖြစ်လာမှာပါ။ “ရိုးသားခြင်း”ကလည်း ကျွန်မတို့ ဆရာဝန်တွေမှာ ထားရှိရမယ့် ဆရာဝန် စိတ်ဓာတ်တစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာ- မိမိ မသိရင် မသိ၊ မတတ်ရင် မတတ်၊ လူနာကောင်းမယ်ဆိုရင် မိမိထက်သိတဲ့ အတွေ့အကြုံရှိတဲ့ သူထံ အပ်နှင်းဖို့၊ လွှဲပြောင်းပေးဖို့ လိုအပ်ပါတယ်။

မာန်မာနတွေထားပြီး အများအထင်ကြီးအောင် ဟန်ပြနေတာ၊ ငါမှတစ်ပါး တခြားသူမရှိလို့ ယူဆပြီး တင်းမာစွာ ဆက်ဆံနေတာက ဆရာဝန်စိတ်ဓာတ်မဟုတ်ပါ။ အခက်အခဲတွေကြုံရတိုင်း ဆုံးဖြတ်ချက် မှန်ကန်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဟာ အတွေ့အကြုံနဲ့ အသိပညာရှိခြင်းပေါ်မှာ မူတည်နေပါတယ်။ လူနာတွေ အားကိုးရတဲ့ လူနာနဲ့ မိသားစုကိုယ်စား ဆုံးဖြတ်ပေးရတဲ့သူတွေ ဖြစ်ရပါမယ်။ လူနာရဲ့ကောင်းကျိုးက မိမိမှန်ကန်စွာ ဆုံးဖြတ်ပေးနိုင်မှုပေါ် မူတည်နေမှာ ဖြစ်ပါတယ်။

လူနာရဲ့ ကျန်းမာရေး၊ အတွင်းရေးကိစ္စတွေကို လျှို့ဝှက်သင့်တာတွေ လျှို့ဝှက်ထားရပါမယ်။ လူနာ နစ်နာစေမယ့် အမှုကို မပြုလုပ်ရပါ။ လူနာ အယုံကြည်ပျက်စေမယ့် အမှုကို မပြုလုပ်ရပါ။ ဆရာဝန် စိတ်ဓာတ်ထဲမှာ မိမိရဲ့ ကိုယ်ကျိုးကို စွန့်ရတာလည်း ပါပါတယ်။ ဆရာဝန်တွေဟာ ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ နေ့စဉ် ကြုံတွေ့ကြရပါတယ်။ ရွံရှာလို့၊ ကူးမှာကြောက်လို့ မကိုင်ဘဲ၊ အနားမကပ်ဘဲ မရပါဘူး။ တချို့အလုပ်သင်ဆရာဝန်၊ ဆေးကျောင်းသားတွေဆိုရင် အစပိုင်းမှာ ရောဂါကူးမှာကြောက်လို့ လူနာကို လက်ဖျားနဲ့တောင်မတို့ရဲကြပါ။ ဝက်ဖြစ်ရင် မစင်မကြောက်ရသလို ဆရာဝန်ဖြစ်မှ “ရောဂါကူးမှာ” ကြောက်နေလို့မဖြစ်ပါ။ သတိထားဖို့ပဲ ရှိပါတယ်။ ကူးစက်မခံရအောင် နည်းမျိုးစုံနဲ့ ကာကွယ်ရပါမယ်။

သတိနဲ့ လူနာကို ချည်းကပ်ကိုင်တွယ်ရပါမယ်။ အကယ်၍ ကံဆိုးလို့ ရောဂါကူးခံလိုက်ရပြီဆိုရင်ကော ဘာတတ်နိုင်မလဲ၊ ဘယ်သူ့ကိုမှ အပြစ်တင်နေလို့ မရပြန်ပါဘူး။ ကုမရရင် အသေခံချင်လည်း ခံကြရပါမယ်။ ကျွန်မတို့ ဆရာဝန်တွေ အသည်းရောင် ဘီပိုး၊ စီပိုး၊ HIV ပိုးတွေ ကူးစက်ခံရပြီး အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ကာ အသက်ဆုံးရှုံးခဲ့ရတာတွေ ရှိသလို တီဘီကူးခံရတာလည်း မနည်းပါ။ တစ်ခါတစ်ရံ ဆေးမတိုးတဲ့တီဘီပိုး (MDRTB) မျိုးနဲ့ ကြုံမိပါက ကုသအောင်မြင်ဖို့ခဲယဉ်းပြီး အသက်ပေးကြရတာလည်း ရှိပါတယ်။ နောက်လည်း ရှိနေဦးမှာ ဖြစ်ပါတယ်။

ဒါတွေကို ပြည်သူလူထုတိုင်း မသိကြပါ။ ရောဂါသိပ်ကြီးလို့ ကြေးကြီးတဲ့ ကုသမှုခံယူမှ အသက်ရှင်နိုင်တော့မယ့် အခြေအနေ၊ ဥပမာ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်ပြီဆိုရင် မကုသနိုင်တော့ပါ။ ကုသနိုင်ဖို့လည်း အတော်စုဆောင်းပြီး ရှိရပါမယ်။ ဒီလိုကုသမှုကို ကုန်သည်၊ သူဌေးတွေအတွက် ထမင်းစား၊ ရေသောက် နိုင်ငံခြားကို သွားရောက်ကုသနိုင်ပေမယ့် ကျွန်မတို့ ဆရာဝန်တွေ လူတိုင်း ကုသနိုင်ခဲပါတယ်။ ဒါတွေကို သိပေမယ့်လည်း ဆရာဝန်ဘဝမှာ မကုသ၊ မကိုင်တွယ်လို့ မရပါဘူး။ သတိထားဖို့ပဲ ရှိပါတယ်။

နိုင်ငံတကာမှာ ဆေးကုသရာ၌ လူနာကသာ အဓိကနေရာမှာ ဦးစားပေးပြီး ကုသရတဲ့ ခေတ်ဖြစ်နေပါပြီ။ (patient-centered approach) ဆေးကုသမှုဟူသမျှ လူနာကိုသိရှိအောင် ရှင်းလင်းပြောပြပြီးမှ ကုထုံးကို ရွေးချယ်ရပါတယ်။ တချို့ရောဂါတွေ (ဥပမာ- ကင်ဆာ)မှာ ရောဂါကုထုံးကို ဆရာဝန်က အရင်ရှင်းပြပြီးရင် လူနာကိုယ်တိုင် ပါဝင်ရွေးချယ်ရပါတယ်။

‘ငါ ဆရာဝန်၊ ငါ ကောင်းအောင် ကုပေးနေတာပဲ၊ ငါကုသပေးသလို ခံယူ၊ ဘာမှ စောဒကမတက်နဲ့၊ ကောင်းရင် ပြီးရော’ ဆိုပြီး ခံယူရမယ့် စိတ်ဓာတ်မျိုး မရှိသင့်တော့ပါ။ ကျွန်မတို့ ဆရာဝန်တွေဟာ ‘ဆရာဝန်စိတ်ဓာတ်’လေး အမြဲကိန်းဝပ်ပြီး မိမိတို့ရဲ့ လူနာတွေကောင်းဖို့အတွက် နံပါတ်တစ် ဦးစားပေးထားမယ်ဆိုရင် ဆရာဝန်အသိုင်းအဝန်းရဲ့ ဂုဏ်သိက္ခာတွေ ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ် . . .

“ငါ ဆရာဝန်၊ ငါ ကောင်းအောင် ကုပေးနေတာပဲ၊ ငါကုသပေးသလို ခံယူ၊ ဘာမှ စောဒကမတက်နဲ ့ ၊ ကောင်းရင် ပြီးရော” ဆိုပြီး ခံယူရမယ့် စိတ်ဓာတ်မျိုး မရှိသင့်တော့ပါ။ ကျွန်မတို့ ဆရာဝန်တွေဟာ “ဆရာဝန်စိတ်ဓာတ်”လေး အမြဲကိန်းဝပ်ပြီး မိမိတို့ရဲ့ လူနာတွေ ကောင်းဖို့အတွက် နံပါတ်တစ် ဦးစားပေးထားမယ်ဆိုရင် ဆရာဝန်အသိုင်းအဝန်းရဲ့ ဂုဏ်သိက္ခာတွေ ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ဆရာဝန်တွေရဲ့ အနစ်နာခံ၊ စွန့်လွှတ်တတ်တဲ့ အမွန်မြတ်ဆုံးစိတ်ဓာတ်တွေနဲ့ ကယ်တင်ရတဲ့အလုပ်၊ ဝေဒနာ သက်သာအောင် ကုသပေးရတဲ့အလုပ်၊ သာမန်လူတွေ မလုပ်နိုင်တဲ့၊ မလုပ်တတ်တဲ့ အလုပ်မျိုးကို လုပ်နိုင်တဲ့ ကျွန်မတို့ ဆရာဝန်အားလုံးရဲ့ ဘဝတွေဟာ တကယ်ပဲ ဂုဏ်ယူစရာ ကောင်းလှပါတယ်။

ဒီလို ဆရာဝန်တွေလည်း အများကြီး ရှိကြပါတယ်။ ၁၀ဝမှာ တစ်ယောက် ဆရာဝန် စိတ်ဓာတ်မရှိခဲ့လို့ ဖြစ်ပျက်ခဲ့တာတွေ ဒါမှမဟုတ် ဆရာဝန်ဘက်က မမှားပေမယ့် လူနာက ဖြစ်ပျက်စဉ်ကို မရှင်းလင်းလို့ အထင်အမြင်လွဲတဲ့ ကိစ္စတွေကို ပုံကြီးချဲ့ပြီး မီဒီယာတွေက ဝေဖန်နေတာကို ဖတ်မိတိုင်း ဆရာဝန်အများအတွက် ရင်နာမိပါတယ်၊ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါကြောင့် ဒီလိုဆရာဝန်လောကကို အမည်းကွက်စွန်းစေတဲ့ အဖြစ်အပျက်တွေ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ကြဖို့ ကျွန်မတို့ ဆရာဝန်အားလုံးရဲ့တာဝန်ပဲ ဖြစ်ပါတယ်။

အားလုံး ‘ဆရာဝန်စိတ်ဓာတ်’ကောင်းများ ထားနိုင်ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top