Healthy Life Ad
Health Tips

နှလုံးကျန်းမာဖို့ ဘာစားပေးရမလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နှလုံးဆိုတာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှလုံးကျန်းမာဖို့အတွက် အောက်ပါအစားစာတွေကို စားပေးရပါမယ်။

– ဆီ

သံလွင်ဆီမှာ ကောင်းတဲ့အဆီပါဝင်မှု မြင့်မားပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်မှုများတဲ့အတွက် နှလုံးသွေးလွှတ်ကြော မပိတ်အောင် ကာကွယ်ပေးပါတယ်။ ထောပတ်သီးမှာပါတဲ့ အဆီကလည်းနှလုံးအကျိုးပြုအဆီဖြစ်ပါတယ်။ ကောင်းတဲ့အဆီဟာ နှလုံးရောဂါဖြစ်စေတဲ့ သွေးလွှတ်ကြောမာကျောမှုကို လျော့ပါးသက်သာစေပါတယ်။

– သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်

စတော်ဘယ်ရီ ဒါမှမဟုတ် ဘလူးဘယ်ရီသီးကို တစ်နေ့ခွက်တစ်ဝက်လောက်စားပေးရင် သွေးတွင်းကောင်းတဲ့ ကိုလက်စထရော(HDL)ကို မြင့်တက်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ပါတယ်။ ရှစ်ပတ်ခန့် နေ့စဉ်စားရုံနဲ့ ကောင်းကျိုးရမှာ ဖြစ်ပါတယ်။ထောပတ်သီးဟာ မိုနိုမပြည့်ဝဆီ ပါဝင်မှုများတဲ့ သစ်သီးဖြစ်ပြီးသွေးခဲတာနဲ့ သွေးတွင်းကိုလက်စထရောအဆီကို လျော့ကျစေပါတယ်။ ဂရိတ်ဖရုမှာ ဗီတာမင်စီပါဝင်ပါတယ်။ ဂရိတ်ဖရုစားရင်လေဖြတ်တာကို ကာကွယ်ပြီး သွေးတွင်း ကိုလက်စထရောအဆင့်ကိုလျော့ကျစေတယ်လို့ သုတေသီတွေက သက်သေပြထားပါတယ်။ ဂရိတ်ဖရုမှာပါတဲ့ ပက်တင်မှာ ဖလေဗနွိုက်အစွမ်းရှိတဲ့အတွက် သွေးတိုးကျစေပြီး သွေးလွှတ်ကြောထဲက ရောင်ရမ်းမှုကို လျော့ပါးစေပါတယ်။ ချဉ်တဲ့ အသီးတွေမှာ ဟက်စ်ပါရီဒင်ပါပြီး သွေးစီးဆင်းမှုကို အားကောင်းစေပါတယ်၊ လေဖြတ်ဝေဒနာကို တွန်းလှန်စေပါတယ်။ရောင်စုံဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ကာရိုတီးနွိုက်အင်တီအောက်ဆီးဒင့်ဟာ နှလုံးကို ကာကွယ်ပေးပါတယ်။

– အင်တီအောက်ဆီးဒင့်

ကဖင်းထဲမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အတွက်အသင့်အတင့်သောက်ရင် နှလုံးလုပ်ငန်း ဆောင်တာတွေကို ကောင်းမွန်စေပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားစေပါတယ်၊ အယ်လ်ဇိုင်းမားရောဂါလို ရောဂါဝေဒနာဖြစ်နှုန်း လျော့ကျစေပါတယ်။

– အိုမီဂါ ၃ ဖက်တီးအက်ဆစ်

အိုမီဂါ ၃ ဖက်တီးအက်ဆစ်ဟာ သွေးတွင်း ထရိုင်ဂလစ်ဆရိုက်အဆီကို လျော့ပါးစေပါတယ်။ အဲဒီအတွက် နှလုံးရောဂါထခြင်း(Heart Attack) ဖြစ်နှုန်းလျှော့ကျစေပါတယ။် အိုမီဂါ ၃ ဖက်တီးအက်ဆစ် သွေးတိုးကို ကျစေပြီး သွေးခဲပိတ်ဆို့မှုကို လျှော့ကျစေပါတယ်၊ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်အောင်ထိန်းပေးပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top