Healthy Life Ad
Life Style

မြန်မာအမျိုးသမီးများ ဒုတိယအဖြစ်အများဆုံးနှင့် ဒုတိယသေဆုံးမှုအများဆုံး သားအိမ်ခေါင်းကင်ဆာ

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

သားအိမ်ခေါင်းကင်ဆာဟာ ရင်သားကင်ဆာပြီးရင် မြန်မာအမျိုးသမီးတွေ အဖြစ်အများဆုံး ကင် ဆာရောဂါဖြစ်သလို အဆုတ်ကင်ဆာပြီးရင် ဒုတိယသေဆုံးမှု အများဆုံး ကင်ဆာရောဂါ ဖြစ်နေပါတယ်။ အခုလို သားအိမ်ခေါင်းကင်ဆာကြောင့် မြန်မာအမျိုးသမီးတွေ သေဆုံးနေကြရတာဟာ အရှက်အကြောက်ကြီးတာနဲ့ သားအိမ်ခေါင်း ကင်ဆာအ ကြောင်း မသိတာကြောင့်ဖြစ်ပါတယ်။

ဆရာတို့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုကြီးက
ဒီသားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းကို တိတိကျကျ မသိကြဘူး။ ကျန်းမာရေးဗဟုသုတက အားနည်းကြပါတယ်။ ဘာကြောင့်ဖြစ်မှန်း မသိဘူး၊ ဘယ်လို ကာကွယ်ရမယ်ဆိုတာလည်း မသိဘူး၊ ဖြစ်လာရင်လည်း စောစောစီးစီးအဆင့်မှာ ဒီရောဂါဖြစ်မှန်းမသိကြဘူး၊ အဓိကကတော့ အသိပညာ ဆင်းရဲခြင်းကြောင့် ဆေးရုံဆေးခန်းတွေကို ဒီရောဂါဖြစ်တဲ့ အမျိုးသမီးတွေက နောက်ကျမှ ရောက်လာကြတယ် . .
အဲဒီအတွက် မသေသင့်ဘဲ သေသွားကြရတာ . . .

တကယ်တမ်းကျတော့ ဒီရောဂါဟာ တခြားကင်ဆာတွေနဲ့ မတူပါဘူး။ တခြားကင်ဆာတွေဆိုရင် ဘာကြောင့် ဖြစ်မှန်းလည်း မသိဘူး၊ ဘယ်လို ကာကွယ်ရမှန်းလည်း မသိပါဘူး။ ကုသမှုမှာလည်း မအောင်မြင်ဘူး။ ဒီသားအိမ်ခေါင်းကင်ဆာကျတော့ အဲဒီလို မဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သေသေချာချာ တိတိကျကျ သိထားပြီးပါပြီ။ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကိုလည်း တိတိကျကျ သိထားပြီးပါပြီ။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုရင် ဆရာတို့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုကြီးက ဒီသားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းကို တိတိကျကျ မသိကြဘူး။ ကျန်းမာရေးဗဟုသုတက အားနည်းကြပါတယ်။ ဘာကြောင့် ဖြစ်မှန်း မသိဘူး၊ ဘယ်လို ကာကွယ်ရမယ်ဆိုတာလည်း မသိဘူး၊ ဖြစ်လာရင်လည်း စောစောစီးစီးအဆင့်မှာ ဒီရောဂါဖြစ်မှန်း မသိကြဘူး၊ အဓိကကတော့ အသိပညာဆင်းရဲခြင်းကြောင့် ဆေးရုံဆေးခန်းတွေကို ဒီရောဂါဖြစ်တဲ့ အမျိုးသမီးတွေက နောက်ကျမှ ရောက်လာကြတယ် . .အဲဒီအတွက် မသေသင့်ဘဲ သေသွားကြရတာ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားပုံ
သားအိမ်ခေါင်းကင်ဆာဟာ HPV လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် အဖြစ်များပါတယ်။ မြန်မာလိုတော့ ကြွက်နို့ပိုးလို့ အလွယ်ခေါ်ပါတယ်။ ဒီပိုးဟာ လိင်ဆက်ဆံတာကနေတစ်ဆင့် ကူးစက်တဲ့ပိုး ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွား ဖို့အတွက် HPV ပိုးကူးစက်ခံရချိန်ကစပြီး ၁၀ နှစ် ကနေ အနှစ်၂၀ကြာမြင့်ပြီး ရောဂါစဖြစ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် သိဖို့ခက်ခဲပါတယ်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားသော အချက်များ

– ဆေးလိပ်သောက်ခြင်း၊

– အသက်ငယ်ရွယ်စဉ် ကလေးမွေးဖွားခြင်း၊

– ကလေးမွေးဖွားနှုန်း မြင့်မားခြင်း၊

– အိမ်ထောင်ဆက်များခြင်း၊

HIV နဲ့ တခြားလိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိခြင်း၊

– ဟော်မုန်းပါတဲ့ တားဆေးတွေကို ရေရှည်သုံးစွဲခြင်း စတာတွေက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်မားစေတဲ့ အကြောင်းရင်းတွေ ဖြစ်ကြပါတယ်။

သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ
သားအိမ်ခေါင်းကင်ဆာက များသောအားဖြင့် ရောဂါလက္ခဏာမပြပါဘူး။ ဒါကြောင့် အသံတိတ် လူသတ်သမားလို့တောင် ခေါ်တတ်ပါတယ်။ အများအားဖြင့် တွေ့ရတဲ့ လက္ခဏာတွေက ပုံမမှန် သွေးဆင်းတာ၊ အဖြူပုပ်တွေ ဆင်းတာ၊ ဆင်းတဲ့အဖြူက အနံ့နံတာ၊ မိန်းမကိုယ်အတွင်းပိုင်း နာကျင်ကိုက်ခဲတာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ၊ လင်မယား အတူတူနေပြီးချိန် နာကျင်တာ/ သွေးဆင်းတာ၊ အချိန်မဟုတ်ဘဲ ပုံမမှန်သွေးဆင်းတာတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေပေါ်ရင် လုံးဝ မပေါ့ဆဘဲ ဆရာဝန်နဲ့ သေချာပြပြီးတော့ ရောဂါရှာဖွေစမ်းသပ်ဖို့လိုပါတယ်။ မြန်မြန်ရှာဖွေစမ်းသပ်နိုင်ပြီး တစ်ခါတည်း ဆေးကုလိုက်မယ်ဆိုရင် ရောဂါက ပျောက်မှာပါပဲ။ ဒါဆိုရင် ဒီရောဂါကြောင့် မသေတော့ပါဘူး။

သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ
ငယ်ရွယ်စဉ်အချိန်မှာကတည်းက အမျိုးသမီးတွေကို မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာတွေ၊ လိင်ဆက်ဆံတဲ့အခါမှာ စည်းကမ်းရှိဖို့ သင်ပေးသင့်ပါတယ်။ အပျိုအရွယ် ၉ နှစ်ကနေ ၁၃ နှစ်ကြားထဲမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးလို့ရနေပါပြီ။ သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့်တွေကိုလည်း စစ်ဆေးလို့ ရနေပါပြီ။ သားအိမ်ခေါင်းကင်ဆာရောဂါကို စောစောစီးစီးတွေ့ရှိနိုင်ဖို့ သားအိမ်ခေါင်းအချွဲစစ်ဆေးမှုကိုလည်း ပြုလုပ်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်တဲ့ HPV ပိုးအတွက် ကာကွယ်ဆေးလည်း ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သားအိမ်ခေါင်းကင် ဆာကာကွယ်ဆေးကို အသက် ၉ နှစ်ကနေ ၁၅ နှစ် အတွင်း နှစ်ကြိမ်ထိုးဖို့နဲ့ အသက် ၁၅နှစ်နဲ့ အထက် အမျိုးသမီးတွေကတော့ ၃ကြိမ်ထိုးဖို့ အကြံပြုထားပါတယ်။

ဒီဗိုင်းရပ်စ်က လိင်ကတစ်ဆင့် ကူးစက်တာဖြစ်လို့ အဓိကအကျဆုံး ကာကွယ်တာကတော့ လိင်ကိစ္စမှာ စည်းကမ်းရှိဖို့ပါပဲ။ လိင်အပျော်အပါးတွေ ရှောင်ကြဉ်ရမယ်၊ အသက်ငယ်ငယ်နဲ့ လိင်မဆက်ဆံသင့်ဘူး၊ အပျိုစင်ဘဝကို ထိန်းသိမ်းစောင့်ရှောက်ရမယ်။ အိမ်ထောင်ကျရင် တစ်လင်တစ်မယားစနစ် ကျင့်သုံးရမယ်၊ ကိုယ်တိုင်ကလည်း အပျော်အဖော်တွေ မများရဘူး၊ မျက်နှာများတဲ့သူတွေနဲ့လည်း မဆက်ဆံရဘူး။ တစ်လင်တစ်မယားစနစ် မကျင့်သုံးနိုင်ရင် ကွန်ဒုံး သုံးရမယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အလေးပေးရမယ်၊ ဆေးလိပ်ငွေ့တွေကိုလည်း ဝေးဝေးကနေ ရှောင်ရမယ်။ သားအိမ်ခေါင်း ကင်ဆာက မျိုးရိုးမလိုက်တတ်ပါဘူး။

သားအိမ်ခေါင်းကင်ဆာ တွေ့ရှိလျှင်
နောက်တစ်ခါ သားအိမ်ခေါင်းကင်ဆာ ဖြစ်မှန်း သိနေပြီဆိုရင် စောစောစီးစီးသိတဲ့အခါ စောစောစီးစီး ထိထိရောက်ရောက် ဆေးကုလိုက်ရင် သားအိမ်ခေါင်းကင်ဆာကြောင့် မသေတော့ပါဘူး။ ဒါကြောင့် ရောဂါဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေကိုလည်း အစောကြီးကတည်းကသိဖို့ လိုပါတယ်။ကမ္ဘာမှာ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးကြရတဲ့ အမျိုးသမီး ၁၀ ဦးမှာ ၉ ဦးက ဖွံ့ဖြိုးဆဲ နိုင်ငံတွေကဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ အသက်အရွယ်အပိုင်းအခြားအရ အသက် ၄၅ နှစ် ကနေ ၅၄နှစ်ကြားမှာ အဖြစ်များဆုံးဖြစ်ပြီး အမျိုးသမီး ၁ သိန်းမှာ အယောက် ၂၀ လောက် ဖြစ်ပွား နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top