Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ချိန် သတိပြုစရာ

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်အောင် စားသင့်ပါတယ်။ အစားအသောက်ကို စုံလင်မျှတအောင် စားသင့်ပါတယ်။ တချို့အမေတွေက ကိုယ်ဝန်ဆောင်တဲ့သမီးကို ‘အသားတွေ မစားနဲ့၊ ကလေးထွားမယ်၊ ပဲမစားနဲ့၊ ကလေး လေပါမယ်’ စသဖြင့် ပြောတတ်တယ်။ တစ်ခါတလေ ဘာစားရမှန်းကို မသိရလောက်အောင်ပါပဲ . . အဲဒီလိုနဲ့ ထမင်းနဲ့ ငါးခြောက်ဖုတ်လေးစားနေတဲ့ ကိုယ်ဝန်ဆောင်တွေ အများကြီးရှိနေပါတယ်။ ဒါကမှားယွင်းတဲ့ အယူအဆတွေဖြစ်လို့ တိုက်ထုတ်ပစ်ဖို့လိုပါတယ်။ အဲဒီအခါ ဗီတာမင်ဘီဝမ်းချို့တဲ့ပြီး ထုံနာကျင်နာဖြစ်တတ်တယ်၊ ဒါပေမဲ့ အဘိုးအဘွားတွေက ဆပ်ပြာကိုင်လို့ဖြစ်တာလို့ ထင်တတ်တယ်၊ ဒီအခြေအနေမှာ ဗီတာမင်ဘီဝမ်းကို အမြန်ဆုံးပေးနိုင်ဖို့လိုပါတယ်။

နောက်ထပ် ကိုယ်ဝန်ဆောင်မိခင်တွေ လုပ်လေ့ရှိတဲ့ အယူအဆမှားက ‘ဗိုက်ထဲက ကလေးအတွက်ပါ နှစ်ယောက်စာ စားမယ်’ဆိုတာပဲ ဖြစ်ပါတယ်။ အရင်က ငါးခါစားရင် အခု ၁၀ ခါစားမယ်ဆိုတာမျိုး လုပ်တတ်ကြတယ်။ တကယ်တမ်းကျတော့ ဗိုက်ထဲက ကလေးအတွက် အပိုဆောင်းပြီး များများစားလိုက်ရင် ကယ်လိုရီအပိုတိုင်းက အဆီအဖြစ် ခန္ဓာကိုယ်ထဲမှာသိုလှောင်သွားတယ်။ ကလေးမွေးပြီးသွားရော ကိုယ်အလေးချိန် အဆမတန် များသွားတတ်ပါတယ်။

နွားနို့၊ ကြက်ဥ/ဘဲဥစတာတွေကို မကျက်တကျက် မစားသောက်သင့်ဘူး။ ပိုးတွေပါတတ်လို့ အန္တရာယ်ပေးနိုင်ပါတယ်။ အသည်းစားရင် အားရှိတယ်ဆိုပြီး ကြက်သည်းကြက်မြစ်၊ ဝက်သည်း စတာတွေ နေ့စဉ်စားရင် အန္တရာယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိရစ္ဆာန်ကလီစာတွေထဲမှာ ဗီတာမင်အေ ပါဝင်တဲ့အတွက် ဗီတာမင်အေကများလွန်းရင် ကလေးကို ထိခိုက်စေနိုင်ပါတယ်။ ကော်ဖီနဲ့အရက်ကို မသောက်သင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top