Healthy Life Ad
Life Style

ဆီးချိုရောဂါရှိသူတို့တွင် အဖြစ်များသည့် အနာ့ပဆုပ် (Carbuncle)

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အနာ့ပဆုပ်က လူ့ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေမှာ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ အနာ့ပဆုပ်က ကုပ်ပိုး၊ ကျောကုန်း စတဲ့ အရေပြားထူတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။ အနာ့ပ ဆုပ်က အရေပြားရဲ့အောက်မှာ စဖြစ်တာပါ။ တချို့လူတွေမှာကျတော့ အရေပြားမျက်နှာပြင်မှာရှိတဲ့ အမွှေးလေးတွေ (Hair Follicle)မှာ ကူးစက်ပိုး(Staphylococcus Infection)ဝင်ပြီး စဖြစ် တတ်ပါတယ်။ ပိုးတွေက အရေပြားအောက်မှာ စုပြီး တဖြည်းဖြည်း လှိုက်စားလာပါတယ်။ နောက်ပိုင်းကျတော့ ပြည်တွေဖြစ်ပြီး အရေပြားကနေ ပေါက်ထွက် လာတတ်ပါတယ်။ ပိုးက အရေပြားအောက်မှာ အောင်းပြီး ဘေးတွေကို ပြန့်နှံ့လှိုက်စားနေတဲ့အတွက် လူနာအတော်များများက စဖြစ်ချိန်မှာ သိပ်ဂရုမစိုက်မိတတ်ပါဘူး။ အဲဒီတော့ လူနာတွေက ဆရာ ဝန်ဆီရောက်လာတဲ့အခါ အနာကြီးက အလွန်ကြီးမားပြီး ပေါက်ထွက်လာမှ ရောက်လာတတ်ပါတယ်။

မေး။ ။ အနာ့ပဆုပ်က ဘယ်လို ရောဂါရှိသူတွေမှာ အတွေ့ရများပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါရှိတဲ့သူနဲ့ ဝတဲ့သူတွေမှာ အနာ့ပဆုပ်က အဖြစ်များတတ်ပါတယ်။ ပြီးတော့ တစ်ကိုယ် ရေသန့်ရှင်းရေး မကောင်းတဲ့သူတွေမှာလည်း အနာ့ပဆုပ်က အဖြစ်များပါတယ်။ ဆီးချိုရောဂါရှိတိုင်း ဖြစ်တာမဟုတ်ပါဘူး။ ဆီးချိုရှိပေမယ့် ဆီးချိုရောဂါကို သေချာမကုသရင်၊ သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးဆိုရင် ကူးစက်ပိုး ဝင်လွယ်ပြီး အနာ့ပဆုပ် ဖြစ်တတ်ပါတယ်။ ဝတဲ့သူတွေက ကျောကုန်းနဲ့ လည်ကုပ်မှာ အရေပြားထူတဲ့အပြင် အဲဒီနေရာတွေကို ဖိအားပေးပါတယ်၊ ပြီးတော့ အဲဒီအရေပြားတွေက သွေးသိပ်မဝပါဘူး။ အဲဒီမှာ ပွန်းပဲ့ရာက စပြီး ကူးစက်ပိုးဝင်တဲ့အခါ ပိုးတွေ လျှောက်ပြန့်ရာက အနာဖြစ်လွယ်ပါတယ်။

မေး။ ။ အနာ့ပဆုပ် မဖြစ်အောင် ဘယ်လို ကာကွယ်လို့ ရပါသလဲ ဆရာ။
ဖြေ။ ။ အနာ့ပဆုပ်မဖြစ်အောင် ဆီးချိုရောဂါရှိသူတွေက ဆီးချိုရောဂါကို ကောင်းကောင်း ထိန်းချုပ်ရပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ကောင်းကောင်း ထိန်းရပါမယ်။ အရေပြားရဲ့ ပြောင်းလဲမှုကို အမြဲတမ်း စစ်ဆေးနေရပါမယ်။ အရေပြား ထိခိုက်မှု မရှိအောင်၊ မပွန်းပဲ့အောင် အမြဲ ဂရုစိုက်ပေးရပါမယ်။ ဆီးချိုရှိသူတွေက တစ်ခါတလေ အနာပေါက်လို့ ပေါက်နေမှန်းမသိတဲ့အတွက် မိသားစုဝင်တွေက သူ့ကျောကုန်းအရေပြားတွေကို စစ်ဆေးပေးရပါမယ်။

အနာ့ပဆုပ်ပေါက်တဲ့အခါ ဖြစ်ခါစမှာ ကိုယ့်အရေပြားကို သေချာ ဂရုစိုက်တယ်ဆိုရင် သိသာပါတယ်။ တင်းတယ်၊ နာတယ်၊ နီတယ် . . အဲဒီလို လက္ခဏာလေးတွေ ပြတတ်ပါတယ်။ အနာ့ပဆုပ်က ကျောကုန်းမှာ ဖြစ်တာများတော့ ကိုယ့်ဘာသာ မမြင်ရတတ်ပါဘူး။

မေး။ ။ အနာ့ပဆုပ်ပေါက်တဲ့အခါ ဘယ်လို လက္ခဏာတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ အနာ့ပဆုပ်ပေါက်တဲ့အခါ ဖြစ်ခါစမှာ ကိုယ့်အရေပြားကို သေချာ ဂရုစိုက်တယ်ဆိုရင် သိသာပါတယ်။ တင်းတယ်၊ နာတယ်၊ နီတယ် . . အဲဒီလို လက္ခဏာလေးတွေ ပြတတ်ပါတယ်။ အနာ့ပဆုပ်က ကျောကုန်းမှာ ဖြစ်တာများတော့ ကိုယ့်ဘာသာ မမြင်ရတတ်ပါဘူး။ တခြားသူတွေက သေချာဂရုစိုက်ပေးတယ်ဆိုရင်တော့ ဒီလို ပိုးစဝင်ခါစအခြေအနေမှာသိရင် စောစော ကုသပျောက်ကင်းတတ်ပါတယ်။ သာမန်လူတွေမှာဆိုရင်တော့ ဒီလို အနာ့ပဆုပ် ပေါက်ရင် ပျောက်တာ မြန်ပေမယ့် ဆီးချိုရောဂါရှိသူတွေမှာတော့ ဆီးချိုကို ကောင်းကောင်းမထိန်းနိုင်ရင် ပိုးအပွားမြန်တဲ့အတွက် ပြည်တွေက အရေပြား အောက်ထဲအထိ လှိုက်စားသွားတတ်ပါတယ်။

မေး။ ။ အနာ့ပဆုပ်ပေါက်ရင် ဘယ်လို ဂရုစိုက်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အနာ့ပဆုပ်ဖြစ်နေမှန်း စောစောစီးစီးသိနေတဲ့အခါ ပြည်ကို ဖောက်ထုတ်ရပါတယ်။ အရေပြားမှာရှိတဲ့ အနာကို ဖောက်ပြီး ပြည်တွေကို ထုတ်လိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။ ဒါပေမဲ့ အနာက ကြီးလေလေ၊ ပျောက်ဖို့အချိန်ကြာလေလေပဲ။ အနာက အရေပြားအောက်ကို လှိုက်စားနေတဲ့အတွက် အနာက ကြီးလေလေ၊ အောက်အထိ ဖောက်ထုတ် ရလေလေပါပဲ။ အဲဒီအခါ အနာက ဟောက်ပက်ကြီးဖစ်ပြီး ဆေးထည့်ရတာ၊ အနာပြန်ပြည့်အောင် လုပ်ရတာ အချိန် နှစ်ပတ်လောက် ကြာသွားတတ်ပါတယ်။ သဘောကတော့ အနာက တစ်လက်မပတ်လည် ဖြစ်တာနဲ့ ငါးလက်မပတ်လည်ဖြစ်တာက သိပ်ကို ကွာခြားသွားပါပြီ။ ငါးလက်မပတ်လည်လောက် ဖြစ်တဲ့အခါ အနာက ကြီးသွားပြီး ပျောက်ကင်းဖို့ ပို ကြန့်ကြာသွားတတ်ပါတယ်။ အရေပြားကပ်တဲ့ Skin Graft လုပ်ဖို့ လိုအပ်ပါတယ်။

မေး။ ။ အနာ့ပဆုပ်ပေါက်တာက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါသလား ဆရာ။
ဖြေ။ ။ တချို့လူတွေကျတော့ အနာ့ပဆုပ်ဖြစ်ပြီး ဆေးရုံကို နောက်ကျမှ ရောက်လာတဲ့အခါ သွေးဆိပ် တက်ပြီး အသက်အန္တရာယ် ထိခိုက်တာတောင် ဖြစ်တတ်ပါတယ်။ မြောက်ဥက္ကလာဆေးရုံမှာဆိုရင် ပြီးခဲ့တဲ့ လက အနာ့ပဆုပ်ဖြစ်ပြီး နောက်ကျမှ ရောက်လာတယ်၊ လာတဲ့အချိန်မှာ သွေးပေါင်တွေကျ၊ သွေးထဲပိုးတွေ ဝင်ပြီး သွေးဆိပ်တက်ရာက နှစ်ယောက် ဆုံးသွားတာ တွေ့ခဲ့ရပါတယ်။
မေး။ ။ အနာ့ပဆုပ် ပေါက်တာကို ကုသမှု ပေးတဲ့အပိုင်းနဲ့ ပတ်သက်ပြီး သိပါရစေ ဆရာ။
ဖြေ။ ။ အနာ့ပဆုပ် ခွဲတဲ့အခါ ထုံဆေးနဲ့တော့ မရပါဘူး၊ ခွဲခန်းထဲမှာ မေ့ဆေးနဲ့ပဲ ခွဲထုတ်ရပါတယ်။ ပြည်တွေ က အနာဘေးတွေ လျှောက်ပြန့်နေတဲ့အတွက် အကုန်လုံးကို ဖောက်ထုတ်ပစ်ရပါတယ်။

မေး။ ။ အနာ့ပဆုပ်ပေါက်တာက အဖြစ်များပါသလား ဆရာ။
ဖြေ။ ။ ဆီးချိုရှိပြီး သွေးတွင်း သကြားဓာတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်တဲ့သူတွေ၊ အထူးသဖြင့် တစ် ကိုယ်ရေသန့်ရှင်းရေးကလည်း မကောင်းဘူးဆိုရင် အဖြစ်များပါတယ်။ ဆရာတို့ ခွဲစိတ်ဆရာဝန်တွေမှာ တစ်ပတ်- တစ်ပတ် အနည်းဆုံး လူနာ နှစ်ယောက်၊ သုံးယောက်လောက်တော့ တွေ့နေရပါတယ်။

မေး။ ။ အနာ့ပဆုပ်က အိပ်ရာထဲလဲနေတဲ့သူတွေမှာကော ဖြစ်တတ်ပါသလား ဆရာ။
ဖြေ။ ။ အိပ်ရာထဲ လဲနေတဲ့သူတွေမှာ ဖြစ်တတ်တာက အိပ်ရာနာ(Bed Sore) ဖြစ်ပါတယ်။ အိပ်ရာနာက ကျတော့ ပြည်သိပ်မတည်ပါဘူး၊ ကျောကုန်းအရေပြားဟာ သွေးသိပ်မဝတဲ့အတွက် ဖိအားများရာက သွေးမလျှောက်တော့ပါဘူး၊ အဲဒီအတွက် အနာဖြစ်တာပါ။ အနာ့ပဆုပ်က ကူးစက်ပိုးဝင်ပြီး ပြည်တည်တာပါ။ ပိုးဝင်တာဖြစ်တဲ့အတွက် ကူးစက်တတ်လို့ အနာ့ပဆုပ်ရှိသူကို ပြုစုတဲ့အခါမှာလည်း လက်အိတ်နဲ့ ကိုင်တွယ်သင့်ပါတယ်။

မေး။ ။ အနာ့ပဆုပ်နဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါရှိရင် ဆီးချိုကို ကောင်းကောင်း ထိန်းရပါမယ်၊ စနစ်တကျ ဆေးကုရပါမယ်။ သန့် သန့်ရှင်းရှင်း နေရပါတယ်။ တကယ်လို့ အနာ့ပဆုပ် ဖြစ်လာခဲ့ပြီဆိုရင် စောစောစီးစီးကတည်းက ဆရာဝန်နဲ့ သေချာပြပြီး ကုသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top