Healthy Life Ad
Life Style

ဆရာဝန်ဘဝနဲ့ ဆရာဝန်စိတ်ဓာတ် (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဒီတစ်ခါကုပေးရမယ့်လူနာက ဆရာဝန်ပေါက်စလေး တစ်ယောက်ပါ။ သူကတော့ အဖျားငွေ့ငွေ့နဲ့ တစ်လကြာအထိ မပျောက်လို့ ဓာတ်မှန်ရိုက်ကြည့်တော့မှ အဆုတ်တီဘီရောဂါဖြစ်နေတာ သိရပါတယ်။ တီဘီဆေးသောက်နေတာ တစ်လခွဲရှိနေပေမယ့် အဖျားဆက်ရှိနေတုန်းပါပဲ။ သလိပ်ပိုးမွေးလို့ အဖြေရလာတော့ ဆေးယဉ်ပါး တီဘီပိုးဖြစ်နေမှန်း သိရပါတော့တယ်။ ဆေးယဉ်တဲ့ တီဘီဆိုတာ ကုရခက်ပြီး ဆေးဒဏ်၊ ရောဂါဒဏ် နှစ်ခုစလုံး အကြာကြီးခံရမှာဖြစ်ပြီး တစ်ခါတစ်ရံ အသက်ပါ ဆုံးရှုံးရတတ်ပါတယ်။ သူရဲ့ အလုပ်သင်ဆရာဝန်ဘဝ ပြီးဆုံးလို့ နောက်ဆုံးနှုတ်ဆက်ပွဲနေ့မှာ ဆေးရုံတက်ရင်း သူငယ်ချင်းတွေကို အဝေးကပဲ နှုတ်ဆက်ခဲ့ရပါတယ်။

ဒီလို ဘဝပေးပြီး ဆေးပညာတွေ သင်ရတာ၊ လူနာတွေ ဆေးကုပေးနေတာဟာ တခြား အသက်မွေးဝမ်းကြောင်း (profession) ပညာတွေနဲ့ မတူတဲ့ စွန့်စားခန်းတွေ၊ စွန့်လွှတ်ခြင်းတွေအများကြီး ရှိပါတယ်။ ခက်ခဲတဲ့ဆေးပညာတွေ သင်ယူနိုင်အောင် ဝါသနာပါမှ ထူးချွန်မှ၊ တော်မှ၊ ကြိုးစားမှ အောင်မြင်နိုင်မှာဖြစ်လို့ အများက လေးစားအားကျမိကြတာပါ။ ဒီလိုအခြေအနေမျိုး ရနိုင်ဖို့ခဲယဉ်းပါတယ်။ ဒါကြောင့် ဒီပညာတတ်ကျွမ်းသူတွေဟာ မိမိကိုယ်ကိုယ် ဂုဏ်ယူရပါမယ်။ တန်ဖိုးလည်းထားရပါမယ်။ သူများတွေ မစွမ်းဆောင်နိုင်တာ ကိုယ်စွမ်းဆောင်နိုင်လို့ ဒီဘဝကို ကျေနပ်နေရမှာဖြစ်ပါတယ်။

ဒီလိုစွန့်လွှတ်ပြီး ဒီလို အပတ်တကုတ် ကြိုးစားခဲ့ရပြီး တစ်ခါတစ်ရံ အသက်ကိုတောင် ပေးချင်ပေးရတဲ့အထိရှိတဲ့ ဒီဆရာဝန်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေသူတွေဟာ အခုတလောမှာ ဘာလို့လူအများရဲ့ အပြစ်တင်ဝေဖန်မှုကို မကြာခဏ ခံနေကြရတာလဲ၊ မီဒီယာတွေ အရမ်းပွင့်လင်းလာတဲ့ခေတ်မို့ တစ်ဦးချင်းစီရဲ့ အရေးကိစ္စကို မိမိရဲ့ထင်ကြေး၊ မိမိရဲ့ ခံစားချက်တွေရောစပ်ပြီး ဖြန့်ဖြူးလိုက်တာဟာ ဆရာဝန်အားလုံးရဲ့ ပုံရိပ်ကို ညစ်နွမ်းစေတာ အမှန်ပါပဲ။ ဒီအချိန်မှာ စေတနာထားပြီး အထူးကြိုးစား အနစ်နာခံနေကြတဲ့ ဆရာဝန်တွေအဖို့ မိမိကို ပြောနေသလိုမျိုး ခံစားရတတ်ပါတယ်။

တကယ်လည်း ဆရာဝန်ကောင်းတွေ အများကြီးရှိပါတယ်။ နေ့စဉ်ဆေးရုံ၊ ဆေးခန်းပေါင်းများစွာကနေ များစွာသော ဆရာဝန်တွေက ပစ္စည်းကိရိယာမစုံတဲ့ကြားက များစွာသော လူနာတွေကို ဝေဒနာတွေ သက်သာပျောက်ကင်းအောင် အသက်ဘေးက လွတ်ကင်းအောင် ကုသပေးနေကြတာ ဘယ်သူမှ အထူးအဆန်း ဂုဏ်ပြုတာမရှိပါဘူး၊ ဂုဏ်ပြုစရာလည်း မလိုပါဘူး။ ဒါတွေဟာ ဆရာဝန်တွေရဲ့ ပုံမှန်ရှိရမယ့် အရည်အချင်းတွေပဲမို့ မထူးဆန်းပါဘူး။ ဆရာဝန်တွေ အားလုံးသာ ဆရာဝန်စိတ်ဓာတ်တွေ ထားရှိနိုင်မယ်ဆိုရင် ဆရာဝန်ရဲ့ဂုဏ်တွေ၊ တန်ဖိုးတွေ အများကြီး မြင့်တက်လာမှာ ဖြစ်ပါတယ်။

ဆရာဝန်နဲ့ လူနာတွေဟာ ဆန့်ကျင်ဘက် ရန်သူတွေ မဟုတ်ပါဘူး။ တစ်ဦးကိုတစ်ဦး အလေးထားရပါမယ်။ တစ်ဦးချင်းစီရဲ့မကျေလည်တဲ့ အရေးကိစ္စကို မိမိတို့ရဲ့ သက်ဆိုင်တဲ့ ဆရာဝန်နဲ့ အချင်းချင်းဖြေရှင်းရမယ်၊ ဖြေရှင်းမရတဲ့ ပေါ့ဆမှု၊ ဆိုးရွားတဲ့ လွဲမှားမှု၊ နစ်နာမှုတွေကို ဆေးကောင်စီကို တိုင်ကြားပြီး ဖြေရှင်းနိုင်ပါတယ် . . .

လူနာတွေဘက်မှာလည်း ဆရာဝန်တွေကိုလေးစားပြီး အားကိုးနေကြတဲ့ လူနာတွေလည်း အများကြီးရှိပါတယ်။ ဆရာဝန်နဲ့ လူနာတွေဟာ ဆန့်ကျင်ဘက် ရန်သူတွေမဟုတ်ပါဘူး။ တစ်ဦးကိုတစ်ဦး အလေးထားရပါမယ်။ တစ်ဦးချင်းစီရဲ့မကျေလည်တဲ့ အရေးကိစ္စကို မိမိတို့ရဲ့သက်ဆိုင်တဲ့ ဆရာဝန်နဲ့ အချင်းချင်းဖြေရှင်းရမယ်၊ ဖြေရှင်းမရတဲ့ ပေါ့ဆမှု၊ ဆိုးရွားတဲ့ လွဲမှားမှု၊ နစ်နာမှုတွေကို ဆေးကောင်စီကို တိုင်ကြားပြီး ဖြေရှင်းနိုင်ပါတယ်။ ဆေးပညာရဲ့ အတိမ်အနက်နဲ့ဖြစ်တတ်တဲ့ သဘောတရားကို ကောင်းကောင်း နားမလည်တဲ့ ဘေးလူစကားကို ယုံပြီး မိမိထင်မြင်ချက်နဲ့ ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ရင်လည်း တခြားတစ်ဖက်မှာ မဟုတ်ဘဲ ဖြေရှင်းခွင့်မရှိဘဲ အထင်လွဲခံရရင် အလွန်နစ်နာပါမယ်။

နားလည်သွားလို့ ပြန်ပြေလည်သွားရင်လည်း မီဒီယာကနေ ပြန်ဖြေရှင်းပေးမယ့်သူမရှိလို့၊ တစ်သက်တာ အမည်းစက်ဖြစ်စေလို့ အလွန်နစ်နာပါတယ်။ ဒီပြဿနာတွေ တော်တော်များများဟာ လူနာတွေကို ကောင်းစွာနားလည်အောင် မပြောပြလို့၊ ဆရာဝန်ကောင်း တစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ ဆရာဝန်စိတ်လိုအပ်နေသေးလို့ စတာတွေအပေါ် အခြေခံပါတယ်။

ဆရာဝန်စိတ်ဓာတ် မရှိသူတချို့ရဲ့ လုပ်ရပ်ကြောင့် ဆရာဝန်အများ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်အားလုံးက ဆရာဝန်စိတ်ဓာတ်လေးတွေ ပိုမွေးကြမယ်ဆိုရင် ဒီလို ဝေဖန်ပြစ်တင်ခံရတာ နည်းပါးလာမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အသက်မွေးဝမ်းကြောင်းပညာ (Profession) လောကကို မိမိတို့ ထိန်းသိမ်းဖို့ လိုပါတယ်။ ထားရှိရမယ့် ဆရာဝန်စိတ်ဓာတ်ဆိုတာကို ဆက်ပြီး ရှင်းပြလိုပါတယ်။

ဆရာဝန်ကောင်းတစ်ဦးမှာ ထားရှိသင့်တဲ့ ကျင့်ဝတ်ဆိုတာရှိပါတယ်။ ဒီလိုကျင့်ဝတ်တွေ၊ စည်းကမ်းတွေ၊ သတ်မှတ်ချက်တွေကို မသိနားမလည်သေးခင်ကတည်းက ကျွန်မတို့ ဆရာဝန်အတော်များများရဲ့ စိတ်ထဲမှာ ကိန်းဝပ်ပြီးသားရှိကြပါတယ်။ ငယ်စဉ်က “ကြီးလာရင် ဘာလုပ်မလဲ”လို့ မေးလာတိုင်း ဆရာဝန်ကြီး လုပ်ချင်ကြသူတွေဟာ ‘ဆရာဝန်ကြီးဖြစ်လာရင် လူတွေရဲ့အသက်ကို ကယ်တင်ပေးနိုင်မယ်၊ သူများမလုပ်နိုင်တဲ့ အလုပ်ကို ဆရာဝန်တွေက လုပ်ပေးနိုင်မယ်၊ အများအားကိုးတာကို ခံယူရမယ်၊ ဒါဘယ်လောက်မွန်မြတ်သလဲ’ဆိုတာ တွေးမိပြီး စိတ်ကူးယဉ်ခဲ့ကြတာ၊ ဆရာဝန်ဖြစ်ချင်နေခဲ့ကြတာ များပါတယ်။

ဆရာဝန်ကြီးတချို့ရဲ့ ဂုဏ်အဆင့်အတန်းနဲ့ ကြွယ်ဝမှုကို အားကျမိတာလည်း တစ်စိတ်တစ်ပိုင်း ပါသူရှိကြမယ်လို့ ရိုးသားစွာဝန်ခံရပါမယ်။ ဒါတွေကြောင့် သူများတွေ ပျော်ပွဲရွှင်ပွဲသွားလည်း ကိုယ်က အောင့်အည်းပြီးမသွားဘဲ၊ မပျော်ပါးဘဲ စာဖတ်ကြရပါတယ်။ စာတော်မှ ဆရာဝန်လိုင်းရမှာမို့ အိပ်ရေးပျက်ခံပြီး အပတ်တကုတ် ကြိုးစားကြရပါတယ်။ ဆေးကျောင်းသားဘဝမှာလည်း သူများပျော်တိုင်း မပျော်ရဘဲ supple (မအောင်လို့ ထပ်မံဖြေဆိုရတဲ့ စာမေးပွဲ) မထိအောင်၊ စာမေးပွဲမကျအောင် အတော်ကြိုးစားရပါတယ်။

ဒီလိုနဲ့ ဆရာဝန်တွေ ဖြစ်လာတော့လည်း ဒီအတိုင်း ရိုးရိုးဆရာဝန်ဘဝထက် ပိုပြီးသိ၊ ပိုပြီးတတ်တဲ့ အထူးကုကြီးတွေ ဖြစ်မြောက်ရေးကို ကြိုးပမ်းကြရပြန်ပါတယ်။ လူတစ်ရာမှာ တစ်ယောက်သာ အခွင့်အရေးရှိတဲ့ ဘွဲ့လွန်သင်တန်းကို တက်ရောက်ခွင့်ရဖို့ ဆက်လက်ပြီး ကြိုးစားကြရပြန်ပါတယ်။ ဆရာဝန်ဆိုတဲ့ လူတွေကလည်း မတင်းတိမ်နိုင်ပါဘူး။ တော်သထက် တော်ချင်ကြပါတယ်၊ တတ်သထက် တတ်ချင်ကြပါတယ်၊ ပညာလောဘရှိကြပါတယ်။

ဒီစိတ်ဓာတ်လေးကြောင့်လည်း ငယ်စဉ် အတန်းတွေမှာကတည်းက သူငယ်ချင်းတွေထက်ကျော်ပြီး ဆေးကျောင်းရောက်လာကြသူတွေပါပဲ။ အနယ်နယ်အရပ်ရပ်က ဒီလို လူတွေပဲ စုဝေးနေတဲ့ လူစုဟာ ဆေးကျောင်းသား၊ နောက်တော့ ဆရာဝန်တွေ ဖြစ်လာကြတာပဲ မဟုတ်ပါလား။ ဒီဆရာဝန်ရဲ့ ပညာလောဘ သို့တည်းမဟုတ် စာဖတ်နေရတဲ့ ဒုက္ခတွေက ဘယ်တော့ အဆုံးသတ်ပါ့မလဲ။ ဆရာဝန်တစ်ဦး ဖြစ်လာဖို့ သိပ်အလွယ်ကြီးတော့ မဟုတ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top