Healthy Life Ad
Health Tips

ပန်းနာရင်ကျပ်ရောဂါနှင့် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)

ပန်းနာရင်ကျပ်ရောဂါရှိသူအတွက် သီးသန့်အစားအသောက်ရယ်လို့ မရှိပေမယ့် ပန်းနာရင်ကျပ်ဖြစ်လာပြီဆိုရင် အစားအသောက်တချို့နဲ့ မတည့်တာဖြစ်တတ်ပါတယ်။ ဒါကြောင့် စားရမယ့်အစာ၊ ရှောင်ရမယ့်အစာဆိုတာ ရှိလာပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံရှိဖို့ကလည်း အရေးကြီးပါတယ်။

ပန်းနာရင်ကျပ်ရောဂါရှိသူတို့ စားသင့်သည့်အစားအသောက်များ

ပန်းနာရင်ကျပ်ရောဂါရှိသူတွေ အဓိကစားသင့်တာက ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ ဖလေးဗိုးနွိုက်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် စတဲ့အာဟာရဓာတ်တွေ အများဆုံးပါတဲ့အစားအသောက်တွေကို စားသောက်ပေးရပါမယ်။

(၁) ပန်းသီး

အဓိကက ပန်းသီးစားရပါမယ်။ ပန်းသီးမှာ အင်တီအောက်ဆီးဒင့် အများဆုံးပါဝင်တဲ့အတွက် ပန်းနာရင်ကျပ်ရောဂါရှိသူတွေက ပန်းသီးနဲ့တည့်ပါတယ်။ ပန်းသီးကိုပျားရည်စိမ်ပြီး စားတာမျိုးလုပ်နိုင်ပါတယ်။

(၂) ထောပတ်သီး

ထောပတ်သီးမှာအဓိက အိုမီဂါ ၃ ဖက်တီး အက်ဆစ်ပါတဲ့အတွက် ပန်းနာရင်ကျပ်ရောဂါသည်တွေမှာ တည့်ပါတယ်။

(၃) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ အယ်လီစင်ဆိုတဲ့ ဓာတ်ပါဝင်ပါတယ်။ အဲဒီအယ်လီစင်ဓာတ်က ပန်းနာရင်ကျပ်ရောဂါဝေဒနာကို သက်သာလျော့ပါးစေပါတယ်။ ပြီးတော့ လေပြွန်ကျဉ်းတာကို သက်သာစေပါတယ်။ ကြက်သွန်ဖြူကတော့ အမြဲတမ်းစားလို့ရတဲ့အတွက် နေ့စဉ်နေ့တိုင်းစားပေးသင့်ပါတယ်။

(၄) ဖရုံစေ့ကဲ့သို့ အစေ့အဆန်များ

ဖရုံစေ့တို့လို အစေ့အဆန်တွေစားပေးရင် အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့အတွက် ပန်းနာရင်ကျပ်ရောဂါအတွက် သင့်တော်ပါတယ်။ ဖရုံစေ့ကိုလည်း သရေစာအဖြစ် စားပေးနိုင်ပါတယ်။

(၅) မုန်လာဥနီ

မုန်လာဥနီက ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်းတွေပါဝင်တဲ့အတွက် ပန်းနာရင်ကျပ်ရောဂါရှိသူတွေ စားနိုင်ပါတယ်။ မုန်လာဥနီကိုဖျော်ရည်ဖျော်ပြီး တစ်ပတ်သုံးကြိမ် သောက်လို့ရပါတယ်။
ပန်းနာရင်ကျပ်ရောဂါရှိသူတွေ တခြားစားလို့ရတဲ့ အစားအသောက်တွေကတော့ ငရုတ်သီးစိမ်းအပွတွေ၊ ဆီးချိုသီး၊ သခွားမွှေးသီး စတာတွေဖြစ်ပါ တယ်။ ဒါတွေက အင်တီအောက်ဆီးဒင့် အများဆုံးပါဝင်တဲ့အတွက် ပန်းနာရင်ကျပ်ရောဂါရှိသူတွေနဲ့ တည့်ပါတယ်။ ခြုံပြောရရင် ပန်းနာရင်ကျပ်ရောဂါရှိသူတွေက အသီးအရွက်နဲ့အသီးအနှံကို များများစားသင့်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါရှိသူတို့ ရှောင်ကြဉ်သင့်သည့် အစားအသောက်များ

ပန်းနာရင်ကျပ်ရောဂါရှိသူတွေနဲ့ မတည့်တဲ့အစားအသောက်တွေလည်း ရှိပါတယ်။

မြေပဲ

ပန်းနာရင်ကျပ် ရောဂါဖြစ်နေချိန်မှာ ရှောင်ရမယ့်အစားအစာတွေကတော့ အဓိကအားဖြင့် မြေပဲဖြစ်ပါတယ်။ မြေပဲက ဓာတ်မတည့်မှုဖြစ်တတ်တဲ့အတွက် အဓိကရှောင်သင့်ပါတယ်။

ကြက်ဥ

မြန်မာနိုင်ငံမှာ ကြက်ဥနဲ့ဓာတ်မတည့်မှု ဖြစ်တတ်တာကရှားပေမယ့် တချို့လူတွေ ပန်းနာရင်ကျပ်ရောဂါထနေချိန်မှာ ကြက်ဥသွားစားလိုက်ရင် ပိုပြီးရောဂါဆိုးစေပါတယ်။

နွားနို

နွားနို့နဲ့ပတ်သက်ပြီးပြောရရင် တချို့လူတွေ ပန်းနာရင်ကျပ်ရောဂါဖြစ်ချိန်မှာ နွားနို့သောက်လိုက်ရင် သက်သာသွားတာရှိပေမယ့် တချို့လူတွေမှာကျတော့ နွားနို့သောက်လိုက်ရင် ပိုဆိုးသွားတာလည်း ရှိပါတယ်။ ပိုဆိုးသွားတာက နွားနို့ထဲမှာပါတဲ့လက်တို့စ်နဲ့ မတည့်တဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။

ဆား

ပန်းနာရင်ကျပ်ရောဂါရှိသူတချို့ဟာ သွေးတိုးရောဂါနဲ့ တွဲဖြစ်တတ်တဲ့အတွက် ဆားရှောင်ပေးရပါမယ်။ ဆားများတဲ့ အစားအသောက်တွေကလည်း ပန်းနာရင်ကျပ်ဝေဒနာကို ဓာတ်မတည့်မှုဖြစ်စေပါတယ်၊ လေပြွန်ငယ်လေးတွေကို ကျုံ့စေနိုင်ပါတယ်။

ပင်လယ်စာ

ပင်လယ်စာတွေထဲမှာ အခွံမာတဲ့ခရု၊ ပြည်ကြီးငါး စတာတွေက ပန်းနာရင်ကျပ်ဝေဒနာကို ပိုဆိုးစေတဲ့အတွက် ရှောင်သင့်ပါတယ်။

ကော်ဖီနှင့်ဝိုင်

တချို့ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာ ကော်ဖီသောက်လိုက်ရင် နည်းနည်းရှင်းသွားတာရှိပေမယ့် ကော်ဖီသောက်ပြီး နှစ်နာရီ – သုံးနာရီလောက်ကြာ ရင် ပိုကျပ်သွားတတ်ပါတယ်။ ကဖင်းပါတဲ့ကော်ဖီပဲဖြစ်ဖြစ်၊ လက်ဖက်ရည်ပဲဖြစ်ဖြစ် ပန်းနာရင်ကျပ်ရောဂါဆိုးနေတဲ့အချိန်မှာ မသောက်သင့်ပါဘူး။
အဲဒီလိုပဲ ဝိုင်သောက်ရင် ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေတဲ့အတွက် ရှောင်စေချင်ပါတယ်။

အဆီ

ပန်းနာရင်ကျပ်ရောဂါရှိသူတွေက Trans Fat (ပြောင်းလဲဆီပါဝင်တဲ့အစာ) များတဲ့အစာတွေကို ရှောင်သင့်ပါတယ်။ အကြော်၊ အဆီများတဲ့အစာတွေကို အဓိကရှောင်သင့်ပါတယ်။ အဆီများတဲ့ ဟင်းအနှစ်တွေကို ရှောင်သင့်ပါတယ်။

ဆာလဖိုက်ပါသည့်အစာ

ဆာလဖိုက်ပါတဲ့ အစာတွေဖြစ်တဲ့ သနပ်(သရက်သီးသနပ်)၊ သစ်သီးယိုစတာတွေကို ရှောင်သင့်ပါတယ်။ ဆာလဖိုက်တွေထည့်ပြီး အေးခဲအောင်လုပ်ထားတဲ့ ပုစွန်တွေကိုရှောင်သင့်ပါတယ်။ တစ်ခါတလေ လက်ဖက်တွေစားရင်ဖြစ်တတ်လို့ ပန်းနာရင်ကျပ်ထနေချိန်မှာ ရှောင်သင့်ပါတယ်။ အချဉ်ဖောက်ထားတဲ့အစာ (ဥပမာ – မုန်ညင်းချဉ်) ကိုလည်း သတိထားသင့်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါရှိသူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံ

ပန်းနာရင်ကျပ်ရောဂါရှိသူတွေက လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက လေပြွန်ငယ်လေးတွေ မကျုံ့စေဖို့အတွက် အသုံးဝင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဖြည်းဖြည်းနဲ့ညင်သာတဲ့ လေ့ကျင့်ခန်း (ဥပမာ လမ်းလျှောက်လေ့ကျင့်ခန်း) ကို ရွေးချယ်လုပ်ဆောင်သင့်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါရှိသူတွေအနေနဲ့ အရင်ကဒီအစာကို စားလိုက်မိလို့ပိုဆိုးသွားတယ်ဆိုရင် အဲဒါကိုရှောင်သင့်ပါတယ်။

ပရုတ်လုံး၊ ခြင်ဆေးခွေ စတဲ့အနံ့တွေကြောင့်လည်း ပန်းနာရင်ကျပ်ရောဂါထတယ်ဆိုရင် အဲဒီလိုအနံ့တွေကို ရှောင်ပေးဖို့လိုပါတယ်။

ပန်းနာရင်ကျပ်ရောဂါဖြစ်သူတွေကို သတိထားလိုက်ရင် ကိုယ်အလေးချိန်များနေတာ တွေ့ရပါတယ်။ အဲဒီအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ဖြစ်အောင် ဝိတ်ချပေးရပါမယ်။

ကိုယ်နေတဲ့အခန်းထဲမှာ ကိုယ်နဲ့မတည့်တဲ့ ခြင်ဆေးနံ့ထွန်းတာ၊ ရေမွှေးဖျန်းတာတို့ မလုပ်သင့်ပါဘူး။ ကိုယ်နေတဲ့အခန်းက အောက်ဆီဂျင်များများဝင်ပြီး သန့်စင်နေအောင်လုပ်ပေးရပါမယ်။ ဖြစ်နိုင်ရင် လေသန့်စက်သုံးသင့်ပါတယ်။

သတိပြုရန်

ပန်းနာရင်ကျပ်ရောဂါက သူဖြစ်ချင်တဲ့အချိန်မှာ ထဖြစ်တတ်ပါတယ်။ ဥပမာပြောရရင် ဓာတုပစ္စည်းလေးတစ်ခုခုနဲ့ မတည့်တဲ့အခါ ပန်းနာရင်ကျပ်ရောဂါထတတ်ပါတယ်။

အစက ပန်းနာရင်ကျပ်ရောဂါမရှိဘဲ ကိုယ်ဝန်ဆောင်တဲ့သူတွေမှာ တစ်ခုခုနဲ့မတည့်တာလေးနဲ့ ပန်းနာရင်ကျပ်ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။

သွေးဆုံးတဲ့အရွယ်မှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် ပန်းနာရင်ကျပ်ရောဂါထတာမျိုး ဖြစ်လာတတ်ပါတယ်။ နောက်တစ်ခုက ဟော်မုန်းအစားထိုးကုသမှု ခံယူနေသူတွေမှာလည်း ပန်းနာရင်ကျပ်ရောဂါ ဖြစ်လာတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ပန်းနာရင်ကျပ်ဖြစ်လာပြီဆိုရင် အစားအသောက်ကိုထိန်းရပါမယ်၊ ကိုယ်အလေးချိန်ကို ထိန်းရပါမယ်၊ ကိုယ်နေတဲ့ပတ်ဝန်းကျင်ကို လေထုသန့်စင်အောင်ထားရပါမယ်။ ကိုယ်အလေးချိန်က တက်နေရင်လျှော့ချပေးရပါမယ်။ နောက်တစ်ခုက ပန်းနာရင်ကျပ်ရောဂါရှိသူတွေက တရားထိုင်တာနဲ့ ယောဂကစားတာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top