Healthy Life Ad
Life Style

လူတိုင်းပါဝင်နိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့သော ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဒေါက်တာသန်းမင်းထွဋ်ဆိုလျှင် ပင်းတယမြို့သူမြို့သားများက သူတို့မြို့ဆေးရုံမှ ပြောင်းရွှေ့ခွင့်မရစေရန် လက်မှတ်များထိုးပြီးဆန္ဒပြမည်အထိ ကြည်ညိုလေးစားတန်ဖိုးထားကြောင်း လူအများကြားဖူးကြပေလိမ့်မည်။

ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ “ဆရာ့ဘဝမှာ ဒါကပထမဆုံးမဟုတ်ဘူး။ ဒါမျိုးလေးခါရှိပြီ။ ၁၉၉၂ ခုမှာ ကျောင်းပြီးတယ်၊ ၂၀ဝ၂ ခုနှစ်မှာ အစိုးရအလုပ်စဝင်တယ်၊ ပြည်ဆေးရုံမှာ ၂၀ဝ၅ ခုနစ်အထိ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ကျတယ်၊ ၂၀ဝ၅ကနေ ၂၀၁၀ အထိ ပေါက်ခေါင်းဆေးရုံမှာ ငါးနှစ်တာဝန်ကျတယ် . . အဲဒီငါးနှစ်တာအတွင်း ၂၀ဝ၇ ခုနှစ်မှာ ဂန့်ဂေါမြို့နယ်ထဲက ကျောတိုက်နယ်ဆေးရုံကို ပြောင်းရွှေ့ခွင့်တာဝန် တစ်ခုထွက်တယ်၊ ဆရာက ပေါက်ခေါင်းဆေးရုံကနေ ကျောတိုက်နယ်ဆေးရုံကိုပြောင်းပြီး အလုပ်ဝင်တယ်၊ အဲဒီအချိန်မှာပေါက်ခေါင်းမြို့က မြို့သူမြို့သားတွေနဲ့ အဖွဲ့ပေါင်း ၂၁ ခုက ဝန်ကြီးဆီသွားတွေ့ပြီး ‘ ဒီလက်ထောက်ဆရာဝန်လေးကို အပြောင်းမခံနိုင်ပါဘူး’ လို့ သွားပြောတယ်။ အဲဒါနဲ့ “ မူလအမိန့်စာကိုပယ်ဖျက်ပြီး ပေါက်ခေါင်းဆေးရုံမှာပင် ပြန်လည်တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်သည်” ဆိုတဲ့ အမိန့်စာရောက်လာတော့ အထုပ်အပိုးတွေနဲ့ ပေါက်ခေါင်းပြန်ရောက်ပြီး ၂၀ဝ၉ ခုနှစ်မှာ မြို့နယ်ခွဲဆရာဝန်ဆိုတဲ့ရာထူးနဲ့ ပြောင်းဖို့ဖြစ်လာတယ်။ အဲဒီမှာလည်း ပေါက်ခေါင်းမြို့သူ၊ မြို့သားတွေစုပြီး တိုင်းမှူးဆီသွားပြောကြပြန်တယ်။ တိုင်းမှူးကဝန်ကြီးကို ပြန်ပြောလိုက်တာနဲ့ အဲဒီမှာဆရာက ပေါက်ခေါင်းမှာဒုတိယအကြိမ် ထပ်မံတာဝန်ထမ်းဆောင်ရတယ်။

၂၀၁၁ ခုနစ်မှာ ဆေးရုံအုပ်ချုပ်မှုပညာဒီပလိုမာ ရခဲ့တယ်။ အဲဒီမှာ ဘာသာစုံဂုဏ်ထူးထွက်ခဲ့တယ်။ ပင်းတယကို သွားပါ၊ တစ်နှစ်ကြာရင် လက်ထောက်ညွှန်ကြားရေးမှူးရာထူးပေးပြီး ပြန်ခေါ်မယ်ဆိုပြီး လွှတ်လိုက်တယ်။ ၂၀၁၁မှာ ပင်းတယရောက်ပြီး ၂၀၁၃ မှာ ဆရာ့ကိုရာထူးတိုးပေးဖို့ နေပြည်တော်ကလှမ်းခေါ်တော့ ပင်းတယမြို့သူမြို့သားတွေက ‘ ဒီဆရာတော့ အပြောင်းမခံနိုင်ဘူး ’ ဆိုပြီး တစ်ညတည်းမှာ လက်မှတ်သုံးထောင်ရအောင် ထိုးကြတယ်။ ဆရာအင်တာဗျူးသွားဖြေတဲ့ဆီကို အဲဒီလက်မှတ်တွေထိုးထားတဲ့စာ ပို့လိုက်တယ်။ ဖြစ်ချင်တော့ အင်တာဗျူးဖြေတဲ့ ၁၇ ယောက်ထဲမှာ ဆရာကပထမရခဲ့တယ်။ အဲဒီတော့ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးပေးမယ့်အချိန်မှာ လက်မှတ်ထိုးထားတဲ့စာကရောက်လာတာနဲ့ ဆရာနစ်နာလိမ့်မယ်ဆိုပြီး လူကြီးတွေကဆရာ့ကို မေးပါတယ်။

“ မင်းရာထူးယူမလား၊ ပင်းတယမှာပဲ နေမလား” ဆိုတော့ “ ကျွန်တော် ငယ်သေးတယ်၊ ရာထူးက ဘယ်အချိန်ယူယူ ရပါတယ်၊ ပင်းတယမှာ ကျွန်တော်ပရဟိတအလုပ်တွေဆက်လုပ်စရာ အများကြီးရှိပါတယ်” လို့ဖြေလိုက်တော့ ကျန်တဲ့ ၁၆ ယောက်က ရာထူးတိုးပြီးဆရာကျန်ခဲ့တယ်။

နောက်တစ်ပတ်လောက်ကြာမှာ ဆရာ့တစ်ယောက်တည်းကို ပင်းတယဆေးရုံမှာပဲ လက်ထောက်ညွှန်ကြားရေးမှူး တိုးပေးလိုက်သည် “ ဆိုတဲ့စာရောက်လာတယ်” ဟု ဒေါက်တာသန်းမင်းထွဋ်က ဆိုသည်။

အဆိုပါရာထူးမှာ ပင်းတယဆေးရုံတွင် ယခင်ကတစ်ခါမှမရှိခဲ့ဘဲ ဒေါက်တာသန်းမင်းထွဋ်အတွက် သီးသန့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ ၂၀၁၄မှာ ဆရာ့ကို ကလောဆေးရုံကိုပြောင်းရွှေ့ဖို့ အမိန့်စာထွက်ခဲ့တယ်။ အဓိကကတော အထက်ကလူကြီးတွေက ဆရာ့ကိုရာထူးတိုးပေးချင်တာပါ၊ ကလောမှာ တာဝန်ထမ်းဆောင်ပေမယ့် ပင်းတယကိုလည်း သွားကြည့်လို့ရတယ်ဆိုပြီးပေးပေမယ့် ဒီတစ်ခါတော့ပင်းတယမြို့သူမြို့သား လူနှစ်သောင်းကျော်က ‘ဆရာ့ကို အပြောင်းမခံနိုင်ပါဘူး’ ဆိုပြီး ဝိုင်းလက်မှတ်ထိုးကြပါတယ်။ 9အဲဒီမှာ အထက်ဗမာပြည်ဆေးရုံကြီးများ ကွပ်ကဲရေးမှူးဆရာ ဦးဝင်းခက ဖုန်းနဲ့ပြောတယ်၊ အဲဒါနဲ့ ဆရာကလည်း “ ဘိုးဘွားရိပ်သာထောင်နေလို့၊ ကျွန်တော်ပြောင်းရမယ်ဆိုတဲ့စာထွက်တာနဲ့ အဘိုးအဘွားတွေ ထမင်းမစားဘဲနေနေကြပါတယ်၊ ပြောင်းလို့မဖြစ်သေးပါဘူး” ဆိုပြီးငြင်းလိုက်တယ်။ အဲဒါနဲ့ ဆရာဦးဝင်းခက ကိုယ်တိုင်ရောက်ချလာပြီး “ညွှန်ချုပ်ကလာပြီး ရာထူးယူဖို့ပြောရတာတို့ ဝန်ထမ်းလောကမှာမရှိပါဘူး၊ ငါ့အားနာပြီးယူစမ်းပါကွာ” ဆိုတော့ “ကျွန်တော် ယူချင်တာပေါ့၊ ဒီရာထူးယူလိုက်ရင် ကျွန်တော့်ဘဝမှာ တက်လမ်းတွေအများကြီးပဲ၊ ဒါပေမဲ့ မြို့မိမြို့ဖဘိုးဘွားရိပ်သာ အဘိုးအဘွားတွေနဲ့ တွေ့ကြည့်ပါဦး” ဆိုပြီး တွေ့လိုက်တဲ့အခါမှာ ဆရာကြီးသဘောပေါက်သွားပါတယ်”

ဒေါက်တာသန်းမင်းထွဋ်သည် ငယ်စဉ်ကတည်းက ပရဟိတသမားဘဝကို မြတ်နိုးတန်ဖိုးထားခဲ့သူဖြစ်ပြီး စာတော်သူလည်းဖြစ်၍ ပရဟိတဆန်သောဆရာဝန်ဘဝကို လျှောက်လှမ်းခဲ့သူဖြစ်သည်။

ငယ်ငယ်လေးကတည်းက သူများကိုဘာလုပ်ပေးရရင် ကောင်းမလဲဆိုပြီး စဉ်းစားခဲ့တာ၊ ခြောက်တန်း -ခုနစ်တန်းလောက်ကတည်းက ကြက်ခြေနီအလုပ်တွေ လုပ်ခဲ့ရတယ်။ အဲဒီကြက်ခြေနီအလုပ်က ပရဟိတလုပ်နိုင်ဖို့ ဆရာ့ကိုသင်ပေးခဲ့တယ်။ နောက်တစ်ခုက စာအုပ်တွေပါ၊ စာအုပ်တွေကလည်း ပရဟိတသမားဘဝကို သင်ပေးခဲ့တယ်။ စာဖတ်ရင်းနဲ့လည်း အထိုက်အလျောက် ထူးချွန်တဲ့သူဖြစ်လာတော့ ဆရာဝန်အလုပ်က ပရဟိတဆန်တဲ့အလုပ်ဖြစ်တယ်ဆိုပြီး ရွေးဖြစ်ခဲ့တာပါ။
ဆေးကျောင်းတက်နေရင်းမှာပဲ စာသင်ကျောင်းတွေ ထောင်လိုက်သေးတယ်။ မြောက်ဒဂုံမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို စာသင်ဖို့အတွက် ဝေဇယန္တာလူငယ်များ ဖွံ့ဖြိုးရေးကျောင်းဆိုပြီး အသက် ၁၉ -၂၀ လောက်မှာ ထောင်ဖြစ်ခဲ့ပါတယ်” ဟု ဆရာဝန်ဘဝရွေးချယ်ခဲ့ပုံကို ပြောပြခဲ့သည်။

ပရဟိတဆရာဝန်ခရီးလမ်း လျှောက်လှမ်းရာတွင် လမ်းပြကြယ်အဖြစ် လေးစားအားကျရသူ ဆရာဝန်များသည် ပြည်ပတင်မက ပြည်တွင်း၌လည်းရှိကြောင်း ဆရာဒေါက်တာသန်းမင်းထွဋ်က ဆိုသည်။

“ အဲလ်ဘတ်ရွိုက်ဇာဆိုတဲ့ နိုဗယ်ဆုရထားတဲ့ ဆရာဝန်ကြီး၊ သူဟာ အာဖရိကတိုက်ထဲက အနာကြီးရောဂါသည်တွေကို သွားဆေးကုပြီး သူ့ဘဝတစ်ခုလုံးကို အဲဒီမှာရင်းနှီးလိုက်တဲ့သူ . . နောက်တော့ နော်မန်ဘတ်သွန်းဆိုတဲ့ ဆရာဝန်ကြီး၊ သူကလည်း ဆရာအားကျရတဲ့ နှလုံးလှဆရာဝန်ပါ။

မြန်မာပြည်ထဲမှာ အားကျသူကတော့ ဆရာကြီးနာဂသိန်းလှိုင်ပါ။ တောင်တန်းဒေသတွေ သွားရောက်ပြီး ဆေးကုသမှုပေးခဲ့တဲ့ ဆရာဝန်ကြီးဖြစ်ပါတယ်။

လူတွေသိပ်မကြားဖူးဘဲနဲ့ ဆရာအားကျရတဲ့ ဆရာဝန်တစ်ယောက်ရှိပါတယ်။ သူက ဒေါက်တာစောဝါးထူးပါ။ မော်လမြိုင်အနာကြီးရောဂါကုဆေးရုံရဲ့ ဆေးရုံအုပ်ကြီးဖြစ်ပါတယ်၊ သူကတော့ ဆုံးသွားပါပြီ။ တကယ်တော့ သူ့ဘဝဖြတ်သန်းမှုကို ဆရာသိပ်တန်ဖိုးထားပါတယ်။ သူဟာတကယ့်ကို ဆင်းဆင်းရဲရဲနဲ့ ကလေးဘဝကတည်းက ဆရာဝန်ဖြစ်လာအောင် ကြိုးစားခဲ့ရတယ်။ ဆရာဝန်ဖြစ်လာတော့ တောင်ပေါ်ဒေသတွေလှည့်ပြီး ဆေးကုတယ်၊ ဆေးကုနေရင်းတန်းလန်းနဲ့ အနာကြီးရောဂါလူနာတွေ ရှိတယ်လို့သတင်းကြားတာနဲ့ မော်လမြိုင်တောင်ပိုင်းက အနာကြီးရောဂါကုဆေးရုံကိုသွားပြီး ဆေးကုပေးခဲ့တယ်။ ၂၀၁၀ သူဆုံးတဲ့အချိန်အထိ အနာကြီးရောဂါသည်တွေကြားထဲမှာပဲ နှစ်ပေါင်း ၃၀ ကျော်နေခဲ့တယ်။ သူဆုံးသာသွားတယ်၊ ဘာဆုမှလည်း မရခဲ့ဘူး၊ ဘယ်သူမှလည်း အသိအမှတ်မပြုခဲ့ဘူး၊ ဒါပေမဲ့သူက သူ့ဘဝကိုကျေကျေနပ်နပ်နဲ့ ရှင်သန်သွားခဲ့တာ . . ဆရာသူ့ဘဝကို အင်မတန်လေးစားအားကျခဲ့ပါတယ်”

မြောင်းမြသားဖြစ်သူ ဒေါက်တာသန်းမင်းထွဋ် သည် လက်ရှိတွင်ပင်းတယမြို့၌ တာဝန်ထမ်းဆောင်ခဲ့သည်မှာ ငါးနှစ်ပြည့်တော့မည်ဖြစ်ပြီး ရွာလှည့်ဆေးကုခြင်း၊ အဝီစိတွင်းတူးခြင်း၊ ဘိုးဘွားရိပ်သာထောင်ခြင်း၊ စာသင်ကျောင်းဆောက်ခြင်း အစရှိသည့်ပရဟိတအလုပ်များကို လုပ်ဆောင်ခဲ့သည်။

“ ရွာတွေလှည့်ဆေးကုတာ အခုချိန်ထိ ၁၉၅ ကြိမ်ရှိပါပြီ။ လူနာပေါင်း သုံးသောင်းလေးထောင်လောက် ကုပေးခဲ့ပြီးပါပြီ။ ၁၉၅ ကြိမ်သွားတာက လွယ်လွယ်ကူကူလမ်းတွေ မဟုတ်ပါဘူး။ တောင်ပေါ်လမ်းတွေ၊ ဖိနပ်ခါးကြားထိုး ဆေးအိတ်လွယ်ပြီးလျှောက်ရတဲ့ လမ်းတွေကိုသွားခဲ့တာပါ။ ပင်းတယတစ်ဝိုက်မှာ ဆရာမရောက်ဖူးတဲ့ ရွာတစ်ရွာမှမရှိတော့ပါဘူး။ ပအို့၊ ပလောင်၊ ဓနုစသဖြင့် ဆရာအစုံဆေးသွားကုခဲ့ပါတယ်။ ဒါက နံပါတ်တစ် ဆရာ့အလုပ်ပါ။

နံပါတ်နှစ်က အဲဒီရွာတွေကိုဆေးသွားကုရင်းနဲ့ ဘာတွေလိုလဲဆိုတာ ဆရာတွေ့ခဲ့ပါတယ်၊ အဲဒီမှာ ကျောင်းမရှိတဲ့ရွာလေးတွေ တွေ့တယ်၊ အဲဒါနဲ့ သွပ်မိုးအုတ်ကာ စာသင်ကျောင်းလေးကျောင်း ဆောက်လုပ်ပေးခဲ့ပါတယ်။

နောက်တော့ ကိုယ့်ဘာသာအလှူခံပြီး ဆေးပေးခန်းလေးတွေ ဆောက်ပါတယ်။ စာကြည့်တိုက်တွေ ဆောက်ပါတယ်၊ လမ်းဖောက်တယ်၊ ရေတွင်းတူးတယ်၊ ဘိုးဘွားရိပ်သာထောင်တယ်။

အခုလက်ရှိလုပ်နေတာက ဘုတ်တလုတ်ရေကန်ကြီးဆယ်ပြီး ရေပြန်ထည့်တဲ့အလုပ်ကို ဆရာလုပ်နေခဲ့ပါတယ်။ ပြီးတော့ ဇူလိုင်လ ၁၂ ရက်နေ့ မှာ ဗိုလ်မှူးကြီးဗထူး ရာပြည့်အခမ်းအနား ကျင်းပဖို့စီစဉ်နေပါတယ်” ဟု ဆရာကပြောပြခဲ့သည်။

စစ်တပ်မရှိ၊ ဘာသာခြားမရှိ၊ ဆေးပြားကိစ္စ အနည်းငယ်မှအပ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုမရှိသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဆရာဒေါက်တာသန်းမင်းထွဋ်အတွက် အခက်ခဲဆုံးကျော်လွှားခဲ့ရသည့်ကိစ္စမှာ ယုံကြည်မှုတည်ဆောက်ခြင်းပင် ဖြစ်သည်။

“ ဆရာမရောက်ခင် ဆေးရုံရဲ့ရှေ့သမိုင်းကြောင်းက မကောင်းလှဘူး။ ဆေးရုံရောက်တဲ့နေ့ မနက်ငါးနာရီလောက်မှာ ဆေးရုံကိုဆရာရှာလို့ မတွေ့ခဲ့ဘူး။ ဘာဖြစ်လို့ မတွေ့သလဲဆိုတော့ ဆေးရုံက ခြုံတွေနဲ့ပိတ်အုပ်နေလို့ပဲ။ ရှာတွေ့ပြန်တော့ ဆရာ့ကို ဘယ်သူထွက်ကြိုသလဲဆိုရင် ဆေးရုံက သန့်ရှင်းရေးအလုပ်သမားလေး။ “ ဆရာမ ဘယ်ရောက်နေလဲ” ဆိုတော့ “ ဆရာမ အိပ်နေတယ် ” တဲ့။ ဆရာလာမယ့်နေ့နဲ့ နေရမယ့်အိမ်ကို သန့်ရှင်းရေးလုပ်ပေးဖို့ ဖုန်းကြိုဆက်ပြီး မေတ္တာရပ်ခံထားပေမယ့် အိမ်ကလည်းရှုပ်ပွလို့၊ ဆရာ့ကို ပေါက်ခေါင်းမြို့ကလူတွေကလိုက်ပို့တော့ သူတို့ကပဲ အိမ်သန့်ရှင်းရေး လုပ်ပေးခဲ့တယ်။

ဆရာရေချိုးခန်းထဲမှာ စီးဖို့ဖိနပ်ကို ဈေးထဲသွားဝယ်တော့ ဖိနပ်ဆိုင်ကမေးတာနဲ့ “ ဆေးရုံကိုအခုပြောင်းလာတဲ့ ဆရာကြီးကိုလိုက်ပို့တာ ” လို့ ပေါက်ခေါင်းကလူတွေကပြောတော့ “ ဆေးရုံဆိုတာ အသံတောင်မကြားချင်ဘူး ” လို့ ဖိနပ်ဆိုင်ကပြန်ဖြေခဲ့သတဲ့။ အဲဒီလိုဆေးရုံကို တူးတူးခါးခါးမုန်းနေတဲ့သူတွေ ဆေးရုံကိုချစ်လာအောင် လုပ်ရတာအခက်ဆုံးပါပဲ ”

ဟု ဆရာကဆိုသည်။

ပရဟိတအလုပ်သည် ဘဝတစ်ခုလုံး ရင်းနှီးလုပ်ဆောင်ရသဖြင့် နားလည်မှုရှိသော ပါရမီဖြည့်ဖက်အကြောင်းကို ဆရာကယခုလို ပြောပြခဲ့သည်။

“ ဆရာ့ဇနီးက ဆရာ့ကိုနားလည်လို့သာ ဆရာအခုလို လုပ်လို့ရတာပါ။ ဆရာလုပ်တဲ့အလုပ်က ပိုက်ဆံရှာတဲ့ အလုပ်မှမဟုတ်တာ၊ ပိုက်ဆံကုန်တဲ့ အလုပ်ပဲလေ၊ ဒီတော့ တော်ရုံတန်ရုံ နားလည်မှုမရှိဘဲနဲ့တော့ မရနိုင်ပါဘူး။ ဆရာတို့က နှစ် ၂၀ ကျော်လောက် နားလည်မှုရှိရှိ သိကျွမ်းခဲ့ကြပြီဆိုတော့ သူကလည်း ပိုက်ဆံမက်တဲ့သူမဟုတ်ဘူး၊ ဆရာပြောင်းရွှေ့ဖို့၊ ရာထူးတိုးဖို့ဖြစ်လာတိုင်း သူ့ကိုတိုင်ပင်တယ်၊ ‘ ရာထူးလိုချင်လား၊ ပင်းတယမှာပဲ နေချင်သလား ’ ဆို တော့ ‘ ရာထူး ဘာလုပ်မှာလဲ၊ ကိုယ့်ကိုချစ်တဲ့ခင်တဲ့ သူတွေနဲ့နေရတာ စိတ်ချမ်းသာတယ် ‘ လို့ ဖြေတယ်။ ဆရာ့သမီးလေးကလည်း အေးချမ်းတဲ့ဘဝကို သဘောကျတယ်။ ဒါပေမဲ့ဆရာက ဒေသတစ်ခုကိုအတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးအောင်လုပ်ပြီးရင် ကျန်တဲ့နေရာတွေမှာလည်း ဆက်ပြီးဖွံ့ဖြိုးအောင် လုပ်ပေးချင်တဲ့ဆန္ဒရှိပါတယ်။ ဒီတစ်နေရာတည်းမှာပဲ လင်းနေဖို့မဟုတ်ဘူး။ ကျန်တဲ့နေရာတွေမှာလည်း ဒီအလင်းတွေ ဆက်ပေးရမယ်လို့ နားလည်ထားပါတယ် . . .

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသဖွံ့ဖြိုးတိုးတက်ဖို့ တာဝန်အရှိဆုံးလူက ဆရာမဟုတ်ဘူး၊ ဓနုတိုင်းရင်းသားတွေပဲ ဖြစ်တယ်၊ ဒီတိုင်းရင်းသားတွေ ပညာတတ်ဖို့လိုတယ်၊ တိုင်းရင်းသားတွေပညာတတ်ဖို့မှာ ကလေးတွေအတွက် စာသင်ကျောင်းတွေ ဆောက်ရမယ်၊ လူကြီးတွေပညာတတ်ဖို့အတွက် စာကြည့်တိုက်တွေထောင်ရမယ်၊ စာဖတ်ပြီးပညာတတ်လာမှ လိမ်ရင်လိမ်မှန်းသိမယ်၊ အမှန်နဲ့အမှားကို ခွဲခြားဆန်းစစ်နိုင်မယ်၊ အဲဒီအခါကျမှ ဒီဒေသက တကယ်တိုးတက်လာမယ် “ လို့ ပင်းတယသားတွေကို ဆရာခဏခဏ ပြောပြပါတယ် ”

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မေတ္တာ၊ စေတနာအရင်းခံ၍ လူတိုင်းပါဝင်နိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပုံကမူ လူတိုင်းပါးစပ်ဖျားတွင် ပြောစမှတ်တွင်ခဲ့ပြီဖြစ်သည်။

“ တောင်ပေါ်ရွာမှာ ရမ်းကုတွေချည်းပဲ၊ မြို့ပေါ်မှာတောင် ရှိသေးတာ၊ တောင်ပေါ်ရွာဆိုတော့ ပိုဆိုးတာပေါ့၊ ဆရာရောက်တော့ ရမ်းကုတွေနဲ့တွေ့တယ်၊ သူတို့ကိုမကုနဲ့လို့ပြောရင် “ ဟုတ်ကဲ့၊ ဟုတ်ကဲ့ “ ပြောပြီး ဆရာကျောခိုင်းလိုက်တာနဲ့ ကုမယ့်သူချည်းပဲ။ အဲဒါနဲ့ သူတို့ကိုနိုင်အောင် ဘယ်လိုလုပ်ရပါ့မလဲလို့စဉ်းစားပြီး ရွာတွေမှာ ရှစ်တန်းအောင်တဲ့သူတွေကိုခေါ်ပြီး ဆရာ့ဆေးရုံမှာ တစ်နှစ် Training ပေးတယ်၊ တစ်နှစ်ကို ၂၇ ယောက် Training ပေးလိုက်တာ အခုလေးနှစ်အတွင်း လူ ၁၁၀ ရှိသွားပြီ။ ပင်းတယမှာ ၁၃၈ ရွာပဲရှိပေမယ့် အဲဒီရွာတွေက လူ ၁၁၀ကို Training ပေးလိုက်တယ်၊ အဓိက ကလေးမွေးတတ်အောင် သင်ပေးတယ်၊ တီဘီရောဂါရှာဖွေတဲ့သင်တန်း၊ HIV ဆိုင်ရာသင်တန်း၊ ငှက်ဖျားသင်တန်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း၊ ကြက်ခြေနီသင်တန်း၊ ရှေးဦးပြုစုနည်းသင်တန်း စသဖြင့် ရှိသမျှ Volunteer သင်တန်းတွေ အားလုံးကိုသင်ပေးလိုက်တယ်။ အဲဒီကလေးတွေက ဆရာ့ဆေးရုံမှာတစ်နှစ်နေပြီး ပြန်လည်းပြန်သွားရော ဘယ်လူနာလာလာ အရေးပေါ်မှန်သမျှ သူတို့ရှင်းတတ်သွားတယ်၊ သူတို့ကဆရာ့ဆီကို ဖုန်းနဲ့လှမ်းဆက်သွယ်တယ်၊ အဲဒီအခါ အရေးပေါ်ကုထုံးကို ဆရာက ဖုန်းနဲ့ပေးလို့ရသွားတယ်။ အဲဒီတော့ မသေတော့ဘူး။ အဲဒီလူနာကို ဆရာ့ဆီလွှဲဖို့ စီစဉ်ရတယ်။ အဲဒီအတွက် ရွာ ၇၀ လောက်မှာ ပရဟိတအဖွဲ့ ၇၀ လောက်ဖွဲ့ထားတယ်။ အဲဒီပရဟိတအဖွဲ့တွေမှာ ကားလေးတွေရှိတယ်။

ရွာကသားဖွားဆရာမက ဆရာ့ဆီကိုလှမ်းဖုန်းဆက်ရင် အရေးပေါ်ကုထုံး လှမ်းပေးလိုက်တယ်၊ ပြီးရင် သူနဲ့အနီးဆုံးမှာရှိတဲ့ ပရဟိတအဖွဲ့ကို ကားအကူအညီလှမ်းတောင်းလိုက်တယ်၊ အဲဒီကားက အဲဒီရွာသွားပြီး လူနာကို ဆေးရုံခေါ်လာတယ်။ ဆရာကဆေးကုပြီး အဲဒီကားကလူနာကို ရွာပြန်ပို့ပေးတယ်။ အဲဒီစနစ်ကြီးအောင်မြင်သွားတော့ ဆရာ့ဆေးရုံကလည်း အောင်မြင်သွားတာ ဖြစ်ပါတယ်။

ဒီစနစ်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကွန်ယက်ရယ်၊ ပရဟိတကွန်ယက်ဆိုပြီး နှစ်ပိုင်းပါတယ်။
ရွာတစ်ရွာမှာ မီးလန့်ပြီဆိုရင် ရွာကမသိသေးပေမယ့် ဆရာ့တပည့်တွေက ကြိုဖုန်းဆက်လို့ ဆရာသိနှင့်နေပြီ။ ရွာမှာမှုခင်းသိလည်း ရဲမသိခင် ဆရာကြိုသိနေပြီ။ အဲဒီမှာ ပရဟိတအဖွဲ့တွေကို ဆရာက လှမ်းကွပ်ကဲလိုက်တော့ ပရဟိတအဖွဲ့တွေက ကယ်ဆယ်ရေးတွေသွားလုပ်ကြတယ်။ ဒီစနစ်ကြီးကို လူတိုင်းပါဝင်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ( Everyone Participating Health System ) လို့ နာမည်ပေးထားပါတယ် ”

ရောက်ရှိရာအရပ်ဒေသတိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သူ ဒေါက်တာသန်းမင်းထွဋ်သည် ၂၀၁၃ ခုနစ်တွင် 7Day Hero ဆု၊ ပင်းတယမြို့သူမြို့သားအားလုံးက ပေးအပ်သည့် ပင်းတယနှလုံးလှ မီးအိမ်ရှင်ဆု၊ ၂၀၁၄ တွင် လူမှုထူးချွန်ဆု၊ ၂၀၁၅ တွင် ကျန်းမာရေးထူးချွန်ဆု၊ ၂၀၁၆ တွင် ပြည်သူ့ဂုဏ်ရည်ဆု စသည်တို့ကို ရရှိခဲ့သူဖြစ်သည်။

“ အဲဒီထဲမှာ ပင်းတယနှလုံးလှမီးအိမ်ရှင်ဆု ဆိုတာ ဆရာတန်ဖိုးအထားဆုံးဆုပါပဲ။ ဘယ်သူမှရတာမဟုတ်ဘူး။ ကိုယ့်မြို့သူမြို့သားတွေက ကိုယ့်ကိုချစ်လို့ခင်လို့ ပေးခဲ့တာပါ။ ဆုရဖို့ လုပ်တာမဟုတ်ပေမယ့် ရတော့ပျော်ပါတယ်၊ ဒါပေမဲ့ သိလာတာက ဆုတစ်ခုရတိုင်းရတိုင်း တာဝန်တွေပိုကြီးလာတယ်ဆိုတာ သိလာပါတယ်။ ဆုနဲ့ထိုက်တန်အောင် နေရ၊ ထိုင်ရ၊ သွားရ၊ လာရ၊ လုပ်ရကိုင်ရတယ်၊ အလုပ်တွေ ပိုလုပ်ရပါတယ် ” ဟု ဆရာကပြောပြခဲ့ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top