Healthy Life Ad
Q & A

အံဆုံးသွား အသုံးဝင်သလား . . .

မေး။ ။ အံဆုံးသွားက အသုံးမဝင်ဘူးလို့ ကြားဖူးလို့ပါ ဆရာ၊ တကယ်အသုံးမဝင်ဘူးလား ဆရာ။

ကိုထွေး၊ မရမ်းကုန်းမြို့နယ်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ အံဆုံးသွားဆိုတာ ပုံမှန်အနေအထားမှာ သွားကထွက်ပြီး ရှိနေမယ်ဆိုရင် အသုံးကျတဲ့အထဲမှာ ပါပါတယ်။ တစ်ခါတလေ အောက်က အံဆုံးရှိပြီး အပေါ်က အံဆုံးမရှိဘူးဆိုရင် အပေါ်အံဆုံးမရှိတဲ့အတွက် အောက်က အံဆုံးက ရှည်ရှည်ပြီး တက်လာကာ အပေါ်ကသွားဖုံးကို ထိတတ်တယ်၊ အဲဒီလို အခြေအနေမှာဆိုရင်တော့ အသုံးမဝင်ဘူးလို့ပြောလို့ရပါတယ်။ သွားဆိုတာ အပေါ်သွားနဲ့ အောက်သွားဆိုပြီး နှစ်ခု ကြိတ်ဝါးရတာ ဖြစ်တဲ့အတွက် အောက်သွားပဲရှိနေပြီး အပေါ်သွား မရှိဘူးဆိုရင် ကြိတ်ဝါးလို့ မရပါဘူး။ အပေါ်သွားပဲရှိပြီး အောက်သွားမရှိရင်လည်း ကြိတ်ဝါးလို့ မရပြန်ပါဘူး။ အပေါ်သွားရှိပြီး အောက် သွားမရှိရင်လည်း အပေါ်သွားက ရှည်ကျလာတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့အတွက် ကြိုတင်ပြီး နုတ်ခိုင်းတာပါ။

သွားအပြည့်အစုံရှိတယ်၊ အပေါ်အံဆုံးလည်းရှိတယ်၊ အောက်အံဆုံးလည်းရှိတယ်ဆိုရင်တော့ ဒီသွားက အသုံးကျတဲ့ အထဲမှာပါပါတယ်။ တစ်ခုဂရုစိုက်စရာရှိတာက အံဆုံးအထိဆိုရင် သွားတိုက်ရ ခက်ခဲတတ်တယ်၊ သွားတိုက်တဲ့အခါ နည်းစနစ်မမှန်ဘူးဆိုရင် သွားတိုက်နည်းမမှန်တဲ့အတွက် အစာတွေ ဝင်ဝင်အောင်းပြီး ပိုးစားတာ ဖြစ်နိုင်ခြေပိုများပါတယ်။

အပေါ်အံဆုံးတွေက ပုံမှန်မဟုတ်ရင်ဘေးကို ချော်ပေါက်တတ်တဲ့အတွက် ပါးဘက်ကို ရောက်တတ်ပါတယ်။ အဲဒီအခါ သွားပွတ်တံက ပိုပြီး မရောက်တဲ့အတွက် သွားပိုးစားတာ ပိုဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သွားကြားထဲကို အစာတွေ ဝင်ပြီးကပ်နေတာ ပိုများတတ်ပါတယ်။ အဲဒီအခါ ပိုးစားလွယ်တာကြောင့် အဲဒီအံဆုံးကို နုတ်ခိုင်းရတာပါ။ ပိုးစားတာကို ဂရုမစိုက်မိရင် အဲဒီအံဆုံးနဲ့ ကပ်နေတဲ့ သွားကိုပါ နုတ်ပစ်ရတဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ အံဆုံးတွေ ဖြစ်နေရင်၊ ဘေးကိုချော်ပေါက်နေရင်၊ လျှာဘက်၊ အတွင်းဘက်၊ အာခေါင်ဘက်ပေါက်နေရင် အဲဒီသွားတွေကို နုတ်ပစ်တာ အကောင်းဆုံးပါပဲ။ ပုံမှန်အံဆုံးရှိပြီး အပေါ်အောက် ပြည့်စုံတယ်၊ သွားကို ကောင်းကောင်း ဂရုစိုက်တယ်ဆိုရင် ဘာမှနုတ်စရာမလိုပါဘူး။ အသုံးကျတဲ့ သွားထဲမှာလည်းပါပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top