Healthy Life Ad
Health Tips

အမျိုးသားတို့တွင် အဖြစ်များသည့် လိင်ပိုင်းဆိုင်ရာပြဿနာများ

၊ ကိုထက် ၊

အိမ်ထောင်သည်အမျိုးသားတွေအနေနဲ့ လိင်ဆန္ဒလျော့နည်းတာ၊ ပန်းသေပန်းညှိုးရောဂါ အစရှိတဲ့ဝေဒနာတွေဖြစ်လာခဲ့ရင် အိမ်ထောင်ရေးမှာပျော်ရွှင်မှုနည်းပြီး စိတ်ဓာတ်ကျတတ်ပါတယ်။

– လိင်ဆန္ဒနည်းခြင်း

အမျိုးသားတွေမှာ လိင်မှုကိစ္စစိတ်ဝင်စားမှု မရှိတာရှားပါတယ်။ အမျိုးသားတွေမှာ လိင်ဆန္ဒနည်းလာပြီဆိုရင် ဒါကရုပ်ပိုင်း၊စိတ်ပိုင်းနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် တက်စတိုစတီရုန်းဟော်မုန်း လျော့နည်းမှုကစလို့ ပူပင်သောကများတာနဲ့ အိမ်ထောင်ရေးအဆင်မပြေတာတို့ကြောင့် ဖြစ်တတ်ပါတယ်။

လိင်ဆန္ဒလျော့နည်းတာသက်သာအောင် ဘယ်လိုဖြေရှင်းမလဲ

လိင်ဆန္ဒလျော့ပါးနေရင် ဆရာဝန်နဲ့သွားရောက်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ ဒါမှသာ ဆရာဝန်ကလူနာရဲ့ ကျန်းမာရေးရာဇဝင်ကိုမေးမြန်းပြီး လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေကို လုပ်ဆောင်ပါလိမ့်မယ်၊ တက်စတိုစတီရုန်းအဆင့် လျော့နည်းနေသလား၊ အိပ်မပျော်ဘူးလား၊ တခြားလိင်ပိုင်းဆိုင်ရာ ပြဿနာရှိသလား အစရှိတဲ့အချက်တွေကို စစ်ဆေးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးအဆင်မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျတာ၊ ပူပင်သောကများတာနဲ့ စိတ်ဖိစီးမှုတို့လို စိတ်ဝေဒနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

– သုက်လွှတ်မြန်ခြင်း

အချိန်မတိုင်မီပြီးဆုံးသွားတာကို သုက်လွှတ်မြန်တယ်လို့ ခေါ်ပါတယ်။ ဒီလိုဖြစ်တာက သင်ထင်ထားတာထက် ပိုအဖြစ်များပါတယ်။ Mayo Clinic ရဲ့လေ့လာမှုအရ အမျိုးသားသုံးဦးမှာတစ်ဦးနှုန်းဟာ ဘဝမှာတစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို သုက်လွှတ်မြန်လေ့ရှိတယ်လို့ သိရပါတယ်။ အများအားဖြင့် ပူပင်သောကများတာနဲ့ အပြစ်ရှိတယ်လို့ခံစားရတာ စတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့် ဖြစ်တတ်ပါတယ်။

သုက်လွှတ်မြန်တာကို ဘယ်လိုဖြေရှင်းမလဲ

သုက်လွှတ်မြန်တဲ့ပြဿနာကို လျှော့ချနိုင်ဖို့ အောက်ပါနည်းတွေကို သုံးပါ။

– ဘေ့စ်ဘောကို စဉ်းစားပါ

တကယ်ထိရောက်တဲ့နည်းပါ။ ဘေ့စ်ဘောပြိုင်ပွဲမှာ အာရုံစူးစိုက်မှုကောင်းရင် အနိုင်ရသလိုပဲ အာရုံစူးစိုက်မှုထားတာက စိတ်ကိုသက်သောင့်သက်သာ ဖြစ်နေစေပါတယ်။

– စိတ်ကိုထိန်းချုပ်လိုက်၊ ဖြေလျှော့လိုက်လုပ်ပါ

ပြီးဆုံးတော့မယ်ထင်ရင် လှုံ့ဆော်မှုကို ၃၀ စက္ကန့်လောက် ရပ်ထားပြီးမှပြန်စပါ။

– ခရင်မ်လိမ်းပါ

လိင်တံပေါ်မှာ ထုံဆေး (Local Anesthetic) လိမ်းတာကြောင့် မြန်မြန်ပြီးဆုံးစေတဲ့ လှုံ့ဆော်မှုကိုလျော့ကျစေပါတယ်။

– ပန်းသေပန်းညှိုးဖြစ်ခြင်း

အမျိုးသားတွေမစွမ်းဆောင်နိုင်တဲ့ အခြေအနေကိုခေါ်ပါတယ်။ အမျိုးသားကျန်းမာရေးတက္ကသိုလ်ရဲ့ ခန့်မှန်းချက်အရ အမေရိကန်လူမျိုး သန်း ၃၀ ဟာ ပန်းသေပန်းညှိုးရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။ ပန်းသေပန်းညှိုးရောဂါဖြစ်ရတဲ့ အကြောင်းရင်းက ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် ဖြစ်တာများပါတယ်။ ဒါပေမဲ့ ၇၀ ရာခိုင်နှုန်းက ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ သွေးတိုးတာ၊ ဆီးချိုရောဂါ၊ သွေးတွင်းကိုလက်စထရော အဆင့်မြင့်တက်တာနဲ့ သွေးလွှတ်ကြောမာကျောတာ အစရှိတဲ့အခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး မစွမ်းဆောင်နိုင်ဖြစ်ရတာပါ။ အသက်အရွယ်ကြီးတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

ပန်းသေပန်းညှိုးဖြစ်တာကို ဘယ်လိုဖြေရှင်းမလဲ

ပန်းသေပန်းညှိုးရောဂါဖြစ်ရင် ဆရာဝန်ဆီသွားပြဖို့ အရေးကြီးပါတယ်။ ပူပင်သောကကိုလျှော့ချနိုင်မယ့် ကုထုံးတွေကိုခံယူဖို့ လိုသလို Sex ကိစ္စအတောအတွင်း သွေးစီးဆင်းမှုကောင်းစေမယ့် ဆေးတွေလိမ်းတာ၊ သောက်တာကိုလည်း ပြုလုပ်နိုင်ပါတယ်။

အဆင်ပြေစေရန်

ဘဝနေထိုင်စားသောက်မှုပုံစံ အပြောင်းအလဲတချို့ဟာ အမျိုးသားတို့စွမ်းဆောင်ရည် ကောင်းအောင်ကူညီနိုင်ပါတယ်။

– ဆေးလိပ်ဖြတ်တာ၊

– အရက်ဖြတ်တာ၊

– ကိုယ်အလေးချိန်လျှော့ချတာ၊

– လေ့ကျင့်ခန်းပုံမှန်လုပ်တာတို့ ဖြစ်ကြပါတယ်။

(Ref; Yahoo)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top