Healthy Life Ad
Child

သွားပဲ့ခြင်း

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဘာကြောင့် သွားပဲ့တတ်ပါသလဲဆရာ။

ဖြေ. “ကြာကြာဝါးမယ့် သွား၊ အရိုးကြည့်ရှောင်”ဆိုတဲ့ မြန်မာစကားပုံ ရှိပါတယ်။ ကိုယ်က ဂရုမစိုက်ဘဲနဲ့ အမာတွေကို ဝါးမယ်ဆိုရင် သွားကပဲ့နိုင်ပါတယ်၊ ကွဲသွားနိုင်ပါတယ်။ သဘာဝတရားအရ ဘယ်အရာမဆို ဉာဏ်နဲ့ယှဉ်ပြီး သုံးရပါတယ်။ ရေခဲတုံးကြီးတွေကို ကိုက်မယ်၊ အရိုးကြီးတွေကို အရမ်းကာရော ကိုက်လိုက်မယ်၊ ဝါးလိုက်မယ်၊ ပုလင်းအဖုံးတွေ သွားနဲ့ကိုက်ဖွင့်မယ် . . ဒါတွေက သွားကိုအသုံးပြုပြီး မလုပ်သင့်တဲ့ အရာတွေဖြစ်ပါတယ်။ သိပ်မာတဲ့ အရာတွေဆိုရင် သေးငယ်အောင်လုပ်ပြီးမှ ဝါးရပါမယ်။

ဥပမာ သစ်ကြားသီးဆိုရင် သွားနဲ့ကိုက်ပြီး အခွံခွာတာမျိုး မလုပ်သင့်ပါဘူး။ အဲဒီလိုမာတဲ့ အရာတွေကို သွားနဲ့ကိုက်လိုက်တဲ့အခါ အဆင်မသင့်ရင် သွားက ကွဲသွားနိုင်ပါတယ်။ သွားကပဲ့သွားနိုင်ပါတယ်။ အရိုးတွေကိုကိုက်ရင် များသောအားဖြင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွားမပဲ့အောင် အမာတွေကို ကြည့်ရှောင်ဖို့လိုပါတယ်။

မေး. သွားတွေပိုးစားနေရင် သွားပဲ့နိုင်ခြေ များပါသလားဆရာ။

ဖြေ. သွားမှာ ပိုးစားနေတယ်ဆိုရင် ဥပမာ ရှေ့သွားတွေမှာ သွားကြားထဲမည်းနေတဲ့အခါ တစ်ခုခုကိုက်လိုက်ရင် အဲဒီသွားက ပဲ့သွားနိုင်ပါတယ်။ သွားနှစ်ချောင်းမှာ ပိုးစားနေရင် အဲဒီသွားနှစ်ချောင်းစလုံး တစ်ပြိုင်တည်း ပဲ့ချင်လည်း ပဲ့သွားမယ်။ ဒါမှမဟုတ် ပိုးစားနေတဲ့တစ်ချောင်းက ပဲ့ချင်လည်း ပဲ့နိုင်တယ်။ အံသွားတွေမှာ ပိုးစားနေရင်လည်း အံသွားမှာ အပေါက်တွေရှိနေရင် အမာတွေကိုက်လိုက်ရင် အဲဒီသွားကပဲ့ပြီး ထွက်သွားတတ်ပါတယ်။ ဒါက သွားပိုးစားလို့ဖြစ်ရတာပါ။

သွားက အကြောမရှိတဲ့အခါ သွားက သေသွားတယ်၊ အဲဒီအခါ သွားက ဆတ်နေတယ်၊ ဆတ်နေတဲ့အခါ တစ်ခုခုနဲ့ ကိုက်မိရင် သွားက ကွဲသွားပါတယ်။ အကြောထုတ်ထားတယ်ဆိုရင် သွားဆရာဝန်နဲ့ ချိန်ထားရင် ချိန်းဆိုချက်အတိုင်းသွားရောက်ပြီး အဲဒီသွားကို ပြန်လည်ထိန်းသိမ်းဖို့လိုပါတယ် . . .

မေး. သွားအကြောထုတ်ထားရင်ကော သွားပဲ့နိုင်ခြေရှိပါသလားဆရာ။

ဖြေ. နောက်ဖြစ်တတ်တဲ့ အကြောင်းတစ်ခုက သွားကိုအကြောထုတ်ထားတယ်ဆိုရင် သွားဆရာဝန်တွေက သွားကိုပြန်ပြီး စွပ်ပေးထားလေ့ရှိပါတယ်။ တစ်ခါတလေ မစွပ်ဘဲသွားကို ဖာရုံပဲဖာထားတယ်ဆိုရင် အဲဒီသွားက ပိုပြီးပဲ့လွယ်ပါတယ်။ အဆင်မသင့်တာနဲ့ သွားကကွဲသွားနိုင်ပါတယ်။ သွားက အကြောမရှိတဲ့အခါ သွားကသေသွားတယ်၊ အဲဒီအခါ သွားကဆတ်နေတယ်၊ ဆတ်နေတဲ့အခါ တစ်ခုခုနဲ့ကိုက်မိရင် သွားကကွဲသွားပါတယ်။ အကြောထုတ်ထားတယ်ဆိုရင် သွားဆရာဝန်နဲ့ချိန်ထားရင် ချိန်းဆိုချက်အတိုင်း သွားရောက်ပြီး အဲဒီသွားကို ပြန်လည်ထိန်းသိမ်းဖို့လိုပါတယ်။

မထိန်းသိမ်းဘဲနဲ့ အကြောထုတ်ပြီးပြီ၊ အနာသက်သာသွားပြီ၊ ပျောက်သွားပြီဆိုပြီးထားလိုက်ရင် အစာတွေကိုဝါးတဲ့အခါ၊ စားတဲ့အခါ အဲဒီသွားက ကွဲသွားတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ သွားတွေအကြောထုတ်ပြီးရင် ပြန်စွပ်ပေးရပါမယ်။ ရှေ့သွားတွေမှာကျတော့ အကြောထုတ်ပြီးရင် သွားကအရောင်ပြောင်းသွားပါတယ်၊ အညိုရောင်ပြောင်းသွားတတ်ပါတယ်။ အဲဒီလိုပြောင်းသွားတဲ့သွားက ဆတ်လွယ်တယ်၊ ဆတ်သွားတဲ့အခါ သွားက ကွဲလွယ်ပါတယ်။ သွားပုံစံအတိုင်းရအောင်၊ လှအောင်လုပ်ပြီး ပြန်စွပ်ထားဖို့လိုပါတယ်။

မေး. တခြားသွားပဲ့စေတဲ့ အခြေအနေကော ရှိပါသေးသလားဆရာ။

ဖြေ. ပါးစပ်တစ်ဝိုက်မှာပဲဖြစ်ဖြစ်၊ မျက်နှာ၊ လည်ပင်းနဲ့ ဦးခေါင်းပိုင်းမှာ ကင်ဆာဖြစ်ရင် ဓာတ်ရောင်ခြည်ပေး ကုသရလေ့ရှိပါတယ်။ အဲဒီလို ဓာတ်ရောင်ခြည်သင့်ထားတဲ့ သွားတွေက များသောအားဖြင့် ဆတ်နေတတ်ပါတယ်။ သွားရဲ့ အကြောတွေကသေသွားပြီး သွားတွေက ဆတ်နေတတ်ပါတယ်၊ အဲဒီလို သွားတွေကို ပိုပြီးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

မေး. သွားပဲ့တာမဖြစ်စေဖို့ အထူးသတိထားသင့်တဲ့ အချက်ရှိရင်လည်း ပြောပြပေးပါဦးဆရာ။

ဖြေ. သွားပဲ့တာမဖြစ်စေဖို့ ဆရာပြောတဲ့ အထက်ကအချက်တွေအပြင် သွားကို ညှာညှာတာတာဝါးပေးဖို့ လိုအပ်ပါတယ်။ အစာမာမာတွေကို တတ်နိုင်သမျှ မဝါးသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top