Healthy Life Ad
Child

ချစ်စရာကောင်းတဲ့ သင့်ကလေးလေးကိုနှိပ်ပေးရအောင်

၊ ကိုထက် ၊

တွားသွားအရွယ်ကလေးလေးတွေကို နှိပ်နယ်ပေးတာကြောင့် ကျန်းမာရေးကောင်းကျိုး ရရှိစေပါတယ်။ ကလေးကိုအစာစားခါနီးနဲ့ စားပြီးချိန်တွေမှာ မနှိပ်ပေးသင့်ပါဘူး၊ တစ်ရေးအိပ်ချင်နေချိန်မှာလည်း မနှိပ်ပေးသင့်ပါဘူး။ ကလေးကအနှိပ်ခံဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ ကြမ်းပြင်ပေါ် တဘတ်စောင်တစ်ထည်ခင်းပြီး ကလေးကိုဆီအနည်းငယ် လိမ်းပေးပါ။ ကလေးကိုနှိပ်ရင်း ကလေးကိုကြည့်ရတာ မသက်မသာဖြစ်နေပုံပေါ်ရင် ဒါမှမဟုတ် ငိုကြွေးရင် နှိပ်တာကိုရပ်ပြီး ပွေ့ဖက်ပေးပါ။

ခြေထောက်

အရင်ဆုံး ကလေးရဲ့ခြေထောက်တွေကို စတင်နှိပ်ပေးသင့်ပါတယ်။ ခြေထောက်က ခန္ဓာကိုယ်တချို့အစိတ်အပိုင်းတွေထက် တုံ့ပြန်မှုပိုနည်းပါတယ်။ ဆီနည်းနည်းလိမ်းပြီး ကလေးခြေထောက်တစ်ဖက်စီကို ညင်ညင်သာသာနှိပ်ပေးပါ။

ခြေဖမိုး

ကလေးခြေဖမိုးတစ်ဖက်ကို ဦးတည်ရာတစ်ဖက်တည်းကိုပဲ အကြိမ်အနည်းငယ် ညင်ညင်သာသာ လှည့်ပေးပါ။ ပြီးရင် ခြေကျင်းဝတ်ကနေ ခြေချောင်းလေးတွေအထိ ဖြည်းဖြည်းချင်းနှိပ်ပေးပါ။ နောက်ခြေထောက်ပြောင်းပြီး နှိပ်ပေးပါ။

ခြေဖဝါး

သင့်လက်မနှစ်ဖက်ကိုအသုံးပြုပြီး ကလေးခြေဖဝါးကို စက်ဝိုင်းပုံလှည့်လည်ကာ နှိပ်ပေးပါ။

ခြေချောင်းလေးများ

သင့်လက်မနဲ့ လက်ညှိုးကိုသုံးပြီး ကလေးရဲ့ခြေချောင်းတစ်ချောင်းစီကို ညင်ညင်သာသာ ဆွဲယူပေးပါ။ ခြေချောင်း ၁၀ ချောင်းလုံးကို အညောင်းပြေအောင် လုပ်ပေးရပါမယ်။

လက်မောင်း

ကလေးရဲ့လက်မောင်းကို သင့်လက်ပေါ်တင်ပြီး ချိုင်း (ဂျိုင်း) နေရာကနေ လက်ကောက်ဝတ်အထိ ထပ်ခါထပ်ခါနှိပ်ပေးပါ။ လက်ကောက်ဝတ်ကို ညင်ညင်သာသာလှည့်ပေးပါ။ နောက်တစ်ဖက်ကို ဒီအတိုင်းထပ်မံပြုလုပ်ပါ။

လက်ဖဝါး

ကလေးရဲ့လက်ဖဝါးပေါ် သင့်လက်မနှစ်ဖက်တင်ပြီး စက်ဝိုင်းပုံစံလှည့်ပေးပါ။

လက်ချောင်း
ကလေးရဲ့လက်ချောင်းတစ်ချောင်းကို သင့်လက်မနဲ့ လက်ညှိုးကြားထားပြီး ညင်ညင်သာသာဆွဲယူပေးပါ။ လက်ချောင်း ၁၀ ချောင်းစလုံး နှိပ်ပေးရမှာဖြစ်ပါတယ်။

ရင်ဘတ်

ကလေးရဲ့ရင်ဘတ်ပေါ် သင့်လက်နှစ်ဖက်တင်ကာ ဆုတောင်းတဲ့ပုံစံလုပ်ပါ။ သင့်လက်တွေကို ဖြည်းဖြည်းချင်း အပြင်ဘက်ကိုတွန်းတဲ့ပုံစံမျိုး လုပ်ပေးပါ။ အကြိမ်များများလုပ်ပေးပါ။

နောက်ကျော
ကလေးကိုမှောက်ပြီး သင့်လက်ချောင်းထိပ်လေးတွေကိုသုံးကာ ကလေးလည်ပင်းကနေ တင်ပါးဆီကို ကျောရိုးတစ်လျှောက် စက်ဝိုင်းပုံလေးတွေ လှည့်လည်နှိပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top