Healthy Life Ad
International

တစ်ရက် အကြိမ် ၅၀ အန်တဲ့ ဆယ်ကျော်သက် ကျောင်းထွက်လိုက်ရ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၁၇ နှစ်အရွယ် အန်နာဂီးလက်စ်က ထူးဆန်းတဲ့ရောဂါတစ်မျိုးကြောင့် ကျောင်းကထွက်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က စဖြစ်ခဲ့တဲ့ရောဂါကြောင့် သူဟာ ခန္ဓာကိုယ်အလေးချိန်လည်း အကြီးအကျယ် ကျဆင်းသွားခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးတာတွေ၊ ဆေးရုံအလီလီတက်ခဲ့တာတွေ ရှိခဲ့ပေမယ့် ဆရာဝန်တွေက သူရောဂါကို တိတိကျကျအမည် တပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဦးနှောက်အမြှေးပါး ရောင်ရမ်းတာ၊ ဦးနှောက်အကျိတ်ပေါက်တာ၊ ဓာတ်မတည့်တာနဲ့ အော့အန်ရောဂါတွေ မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ပညာထူးချွန်တဲ့ ကျောင်းသူလေးဟာ မနက်မနက်အိပ်ရာကထဖို့ အားမရှိတာကြောင့်ပဲ ကျောင်းကထွက်လိုက်ရပါတယ်။ တစ်ရက်အကြိမ် ၅၀ စားသမျှ အန်နေရရှာတဲ့ သူက ရောဂါရဲ့ဇာစ်မြစ်ကိုသိရှိပြီး ရောဂါအမြန်ပျောက်ကင်းဖို့ ဆန္ဒပြင်းပြနေရှာပါတယ်။ ဆရာဝန်တွေက သူ့မှာ အစားစားတာနဲ့ပတ်သက်ပြီး ပြဿနာရှိသလားဆိုတာ မေးခဲ့ပါတယ်။ သူက ပြဿနာမရှိရုံသာမက အစားစားရတာကို နှစ်သက်ကြောင်းနဲ့ ကိုယ်တိုင်ချက်ပြုတ်ရတာကိုလည်း နှစ်သက်ကြောင်း ပြန်ပြောခဲ့ပါတယ်။

သူအစာစားချိန်မှာ ဇလုံတစ်ခုကိုအနားမှာ ဆောင်ထားရပြီး စားပြီးသမျှ ပြန်အန်ထွက်နေတယ်လို့ သိရပါတယ်။ သူက “ရောဂါလက္ခဏာတွေကို လူတွေသိရှိပြီး ကုသနိုင်မယ့်သူတစ်ယောက်ကို မျှော်လင့်နေတယ်။ အခုတော့ ဘဝက ရှင်လျက်နဲ့ သေနေရတာနဲ့မထူးပါဘူး”လို့ သနားစဖွယ်ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top