Healthy Life Ad
Health Tips

ချွေးထွက်များတဲ့ အမျိုးသားတွေ အနံ့မထွက်စေဖို့ . . .

ကိုမိုး

အမျိုးသားတစ်ယောက်ဟာ ကိုယ်ခန္ဓာအနံ့ဆိုး ထွက်နေရင် လူကြားထဲလှုပ်ရှားသွားလာရာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကို လေးစားစိတ်လျော့ကျသွားတတ်ပါတယ်။ ပူပြင်းချိန်မှာ ချွေးထွက်များတာကြောင့် ခန္ဓာကိုယ်အနံ့ဆိုး ထွက်တတ်တဲ့အတွက် အထူးဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိ်ု ထိန်းသိမ်းသင့်ပါတယ်။

(၁) ရေမှန်မှန် ချိုးပါ
ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင်နေတာက ကိုယ်နံ့ဆိုးတဲ့ ပြဿနာကင်းစေတဲ့ ပထမဆုံး နည်းလမ်းပါ။ တစ်နေ့ အနည်းဆုံးတစ်ကြိမ် ရေချိုးပေးရင်တောင် ချွေးတွေကင်းစင်ပြီး အရေပြားမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကို လျော့ပါးစေပါတယ်။ ချွေးထွက်များတဲ့ နေရာတွေကို ရေစိုဝတ်နဲ့ မကြာခဏ ဆေးကြောပွတ်တိုက်ပေးတာကြောင့် ကိုယ်နံ့ဆိုးထွက်တာ သက်သာစေပါတယ်။

(၂) ဘက်တီးရီးယားပိုးသတ်ဆပ်ပြာကို သုံးပါ
ဘက်တီးရီးယားပိုးသတ်ဆပ်ပြာ တိုက်ပြီး ရေချိုးတဲ့အတွက် ဘက်တီးရီးယားပိုးတွေကို လျော့ကျစေပြီး ကိုယ်နံ့ဆိုးကို သက်သာစေပါတယ်။

(၃) ရေချိုးပြီး ခြောက်အောင် သုတ်ပါ
ရေချိုးပြီးချိန်မှာ သန့်ရှင်းတဲ့တဘက်နဲ့ ခြောက်အောင်သုတ်ပေးပါ။ ချွေးထွက်များတဲ့ နေရာတွေကို ခြောက်အောင်သုတ်ပါ။ အရေပြားခြောက်သွေ့ သန့်ရှင်းနေမှသာ အဲဒီနေရာတွေမှာ ဘက်တီးရီးယားပိုး ပေါက်ဖွားဖို့ ပိုခက်ခဲသွားပါလိမ့်မယ်။ ကိုယ်နံ့ဆိုး ကင်းသွားပါလိမ့်မယ်။ တဘက်ကို တခြားသူနဲ့အတူ မသုံးဘဲ သီးသန့်ထားပါ။

(၄) သင့်တော်သည့် ချွေးနံ့ထိန်းလိမ်းတောင့် ရွေးချယ်ပါ
သင်က ချွေးထွက်များလွန်းတဲ့ သူမဟုတ်ရင် ချွေးတိတ်ဆေးကို သုံးစရာ မလိုပါဘူး။ ချွေးနံ့ထိန်းလိမ်းတောင့်ကို ရွေးချယ်ရုံနဲ့ အရေပြားက ဘက်တီးရီးယားအနံ့ကို ဖုံးအုပ်သွားမှာပါ။ ချွေးနံ့ထိန်းလိမ်းတောင့်ကို တစ်နေ့ နှစ်ကြိမ်၊ မနက်တစ်ကြိမ်၊ ညနေခင်း တစ်ကြိမ် လိမ်းပေးပါ။

(၅) သန့်ရှင်းစင်ကြယ်သည့် အဝတ်အစားဝတ်ပါ
သင်က ချွေးထွက်များလွန်းရင် နေ့စဉ်နေ့တိုင်း အဝတ်အစားတွေကို လဲပေးသင့်ပါတယ်။ အဲဒီနည်းက ကိုယ်နံ့ဆိုးတွေကို ကင်းစင်သွားစေမှာပါ။ ခြေထောက်အနံ့ဆိုးထွက်ရင် ခြေအိတ်ကို လဲပေးပါ။ အဲဒီလို လုပ်တာကြောင့် ခြေသဲဝဲစားတာနဲ့ တခြား မလိုလားအပ်တဲ့ အရေပြား ဝေဒနာတွေကို ကင်းစင်စေမှာဖြစ်ပါတယ်။

(၆) ဆော်ဒါမှုန့်ကို သုံးပါ
ဆော်ဒါမှုန့်ဟာ ကိုယ်နံ့ဆိုးကို ပြယ်ပျက်စေတဲ့ အရာပါ။ ချိုင်း(ဂျိုင်း)နေရာမှာ ရေနဲ့ဖျော်ထားတဲ့ ဆော်ဒါမှုန့် သုတ်လိမ်းပေးတာကြောင့် ချွေးထွက်တာကို လျော့ကျစေပါတယ်။ ကော်မှုန့်ကို ရေဖျော်ပြီး လိမ်းပေးရင်လည်း ချွေးတွေကို ကောင်းကောင်း စုပ်ယူနိုင်ပါတယ်။

(၇) အစားအသောက်ကို ဂရုစိုက်ပါ
စားတဲ့ အစာနဲ့ ကိုယ်နံ့ကလည်း ဆက်စပ်နေပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းနဲ့ တခြားပူစပ်တဲ့ အစာတွေလို ဟင်းခတ်အမွှေးအ ကြိုင်တွေကို နည်းနည်းပဲ စားပေးပါ။ ကော်ဖီနဲ့ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေ၊ အရက်သေစာတွေကို တတ်နိုင်သမျှ မသောက်ပါနဲ့။ ဒီအရည်တွေက ချွေးပိုထွက်စေနိုင်ပါတယ်။

(၈) ချိုင်းမွေးကို သေချာသန့်စင်ပါ
ချိုင်းမွေးတွေကို ရိတ်ပေးရင် ချွေးထွက်တာနဲ့ ချိုင်းအနံ့ဆိုးထွက်တာကို လျော့ပါးစေပြီး ဘက်တီးရီးယား ပေါက်ပွားမှုမဖြစ်အောင် ကာကွယ်ပေးပါ တယ်။

(၉) တစ်ကိုယ်ရေ အသုံးအဆောင်များကို ကိုယ်ပိုင် အဖြစ်သာ သုံးပါ
တဘက်၊ ရှူးဖိနပ်၊ ခြေအိတ်စတဲ့ တစ်ကိုယ်ရေ အသုံးအဆောင်တွေကို ကိုယ်တစ်ယောက်တည်းပဲသုံးပြီး တခြားသူနဲ့ အတူ မျှမသုံးသင့်ပါဘူး။

Tip

အပြင်ထွက်ပြီး အလုပ်လုပ်နေသူတွေအတွက် ချွေးထွက်တာကို ရှောင်လွှဲလို့မရပါဘူး။ ချွေးထွက်ပေမယ့် အနံ့ဆိုးမထွက်အောင်ပဲ ဂရုစိုက်သင့်ပါတယ်။ ရေများများ သောက်တာ၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ များများ စားတာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးထိန်းသိမ်းတာ၊ အဝတ်အစားတွေကို သေချာလျှော်ဖွပ် မီးပူတိုက်ပြီးမှ ဝတ်တာတို့ကို လိုက်နာဖို့အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top