Healthy Life Ad
Child

မွေးကင်းစကလေး ဖျားနေကြောင်း ပြသသည့် လက္ခဏာ ၁၀ ခု

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မွေးကင်းစကလေးတွေ ဖျားနေသလား၊ ကျန်းမာရေး ကောင်းနေသလားဆိုတာ မိဘအများစုက မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါနောက် မကျသင့်ဘဲ နောက်ကျတဲ့အဖြစ်မျိုး ရှိတတ်တဲ့တွက် မွေးကင်းစကလေး ဖျားနေတဲ့ လက္ခဏာတွေကို ရေးသားလိုက်ရပါတယ်။

(၁) အအေးမိခြင်း
မွေးကင်းစကလေးက နှစ်ပတ်ကျော်ကြာတဲ့အထိ ဖျားနေပြီး အပြင်းအထန် ချောင်းဆိုးနေရင် ဒါမှမဟုတ် အသက်ရှူရခက်ခဲနေရင် အအေးမိဝေဒနာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၂) ကိုယ်ပူခြင်း
မွေးကင်းစကလေးငယ်တွေမှာ အသေးအမွှား ဖျားနာတာက အဖြစ်များပေမယ့် သာမိုမီတာနဲ့ တိုင်းတာပြီး ကိုယ်ပူနေသလားဆိုတာ ဆန်းစစ်ရပါမယ်။ အသက် သုံးလအောက် ကလေးတွေ ဖျားနေရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။ ကလေးအသက် သုံးလနဲ့ ခြောက်လအတွင်းမှာ ကိုယ်အပူချိန် ၁၀၂ ဒီဂရီ ဖာရင်ဟိုက်နဲ့ အထက်ဆိုရင် မသက်မသာ ဖြစ်တာ၊ ဂျီကျတာ၊ ကတုန်ကယင်ဖြစ်တာတွေ ခံစားရနိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၃) ငိုကြွေးခြင်း
ဗိုက်ဆာတဲ့အခါ၊ အိပ်ငိုက်တဲ့အခါနဲ့ သေးစိုနေတဲ့အခါ ကလေးတွေက ငိုကြွေးလေ့ရှိပါတယ်။ မွေးကင်းစအရွယ်မှာ ငိုကြွေးတာက ပုံမှန်ဖြစ်ပေမယ့် ပုံမှန် ငိုကြွေးတာနဲ့ မတူဘဲ နာမကျန်းဖြစ်နေချိန်မှာ ကလေးတွေက ထူးထူးခြားခြား ငိုကြွေးတတ်ပါတယ်။ ငိုကြွေးတာက သင့်အတွက် ထူးခြားတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

(၄) အစာကို ငြင်းဆန်ခြင်း
ကလေးက အစာကို ကောင်းစွာ မစားဘူးဆိုရင် ဒါမှမဟုတ် အစာမစားဘဲ ငြင်းဆန်နေတယ်ဆိုရင် နာမကျန်းတဲ့ လက္ခဏာဖြစ်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၅) ဝမ်းလျှောခြင်း
ဝမ်းထဲ သွေးပါနေရင် ဒါမှမဟုတ် ကလေးက တစ်နေ့တည်းနဲ့ ဝမ်းအရည် ခြောက်ကြိမ်ကျော်သွားနေရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

(၆) အန်ခြင်း
မွေးကင်းစကလေးတွေမှာ ရံဖန်ရံခါ အန်တာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ကလေးက ၁၂ နာရီကျော်ကြာတဲ့အထိ အန်နေရင် ဖျားတာ ဒါမှမဟုတ် ဝမ်းလျှောတာ ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ချက်ချင်းပြပါ။

(၇) ရေဓာတ်ခမ်းခြောက်ခြင်း
ကလေးဟာ အန်တာ၊ ဝမ်းပျက်တာတို့နဲ့တွဲပြီး ရေဓာတ်ခမ်းခြောက်မှု အဖြစ်များပါတယ်။ ကလေးကို ဓာတ်ဆားရည်တိုက်ပေမယ့် မသောက်ရင် ဒါမှမဟုတ် အကုန် ပြန်အန်နေရင် ဆရာဝန်နဲ့ ပြပါ။

(၈) အနီစက်၊ အနီကွက်များပေါ်ခြင်း
ကလေးအရေပြားမှာ အနီစက်တွေ၊ အနီကွက်တွေပေါ်လာတာကို လျစ်လျူရှုမထားပါနဲ့။ ဖျားတာ၊ လည်ချောင်းနာတာ၊ ဝမ်းလျှောတာတို့နဲ့ တွဲဖြစ်လေ့ရှိပါတယ်။

(၉) အသက်ရှူရခက်ခဲခြင်း
ကလေးက အသက်ရှူရခက်ခဲနေရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ အသက်ရှူရခက်ခဲတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– ကလေးက ပုံမှန်ထက် အသက်ရှူမြန်နေရင်၊

– ကလေးနှုတ်ခမ်း ဒါမှမဟုတ် အရေပြားက အပြာရောင်သမ်းနေရင်၊

– ကလေး အသက်ရှူလိုက်တိုင်း ရင်အုံပိုင်း၊ နံရိုးကြားရှိ တစ်သျှူးတွေ ချိုင့်ဝင်နေရင်။

(၁၀) ချက်ကြိုးတစ်ဝိုက် ရောင်ရမ်းခြင်း
ကလေးရဲ့ ချက်ကြိုးနေရာတစ်ဝိုက် ရောင်ရမ်းနေရင် ဒါမှမဟုတ် လိင်တံက အနီရောင်ပြောင်းလာရင် ဒါမှမဟုတ် သွေးစို့နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top