Healthy Life Ad
Health Tips

သွားကြားပွတ်ကြိုး ဘယ်လို သုံးရမလဲ . . .

မေး။ ။ ကျွန်တော်က အသက် ၆၀ ကျော် သက်ကြီးရွယ် အိုတစ်ဦးဖြစ်ပြီး အစာစားပြီးတိုင်း သွားကြားထဲ အစာညပ်လေ့ရှိပါတယ်။ အစာကို သွားကြားပွတ်ကြိုးနဲ့ ထုတ်ယူရမှာ ဖြစ်ပေမယ့် ထုတ်ယူရမှာ ခက်ခဲပြီး မထုတ်တတ်ပါဘူး။ ဒါကြောင့် သွားကြားပွတ်ကြိုးကို အသုံးပြုပြီး ပါးစပ်ထဲက အပေါ်၊ အောက်၊ ဘေးနှစ်ဖက်ရှိသွားတွေကို ဘယ်လို အစာထုတ်ယူလို့ ရပါသလဲ ပုံနဲ့တကွ ရှင်းပြပေးပါ ခင်ဗျား။

ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ သွားကြားပွတ်ကြိုးမရှိရင် သွားကြားထဲ အစာဝင်နေရင် ထုတ်လို့ရတဲ့ နည်းလမ်းတွေက သွားကြားထိုးတံနဲ့ ထုတ်လို့ရပါတယ်။ နောက်တစ်ခုက သွားပွတ်တံနဲ့သွားတိုက်ရင်း ဆွဲဆွဲချလိုက်ရင်လည်း ညပ်နေတဲ့ အစာတွေ ထွက်သွားပါတယ်။ အစာက သိပ်မြဲပြီး မထွက်နိုင်ရင် သွားကြားထိုးတံနဲ့ ထိုးပြီး ထုတ်လို့ရပါတယ်။ သွားကြားထိုးတံကို အမြဲအကျင့်ပါပြီး မလုပ်ဖို့အရေးကြီးပါတယ်။ အမြဲထိုးနေရင် သွားဖုံးတွေ စားပြီး အဲဒီနေရာမှာ အစာပိုဝင်တတ်ပါတယ်။ သွားပွတ်ကြိုးနဲ့ ထုတ်တာကတော့ သွားဖုံးတွေအပေါ် အန္တရာယ် မရှိပါဘူး။

သွားတွေ စေ့လွန်းနေရင် သွားပွတ်ကြိုးနဲ့ ထုတ်ရတာ နည်းနည်းခက်ပါတယ်။ သွားပွတ်ကြိုး ဝင်သာရုံရှိတယ်ဆိုရင်တော့ အစာထုတ်ရလွယ်ပါတယ်။ မှန်ကို ကြည့်ပြီး သွားကြားထဲ ကြိုးဝင်အောင်ထည့်၊ လက်တစ်ဖက်က သွားကြားထဲက ကြိုးကိုတင်းနေအောင် ဆွဲထား၊ နောက်တစ်ဖက်က ပြန်ဆွဲပြီးကြားထဲ ဝင်သွားတဲ့အခါ အောက်ကို အစာဆွဲချလိုက်ပါ၊ အောက်သွားဆိုရင် အပေါ်ကို ဆွဲတင်လိုက်ပါ . . သွားကြားထဲကို သွားပွတ်ကြိုးလေး ဝင်သွားရပါမယ်။ ကိုယ့်သွားက စေ့လွန်းနေလို့ မဝင်နိုင်ဘူးဆိုရင်တော့ သွားပွတ်ကြိုးနဲ့ လုပ်လို့ မရပါဘူး။ သွားထပ်နေတယ် ဆိုရင်လည်း သွားပွတ်ကြိုး သွင်းလို့ မရတတ်ပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ သန့်ရှင်းတဲ့ သွားကြားထိုးတံနဲ့ပဲ ထုတ်ပေးသင့်ပါတယ်။ မရရင် သွားဆရာဝန် ဆီသွားပြီး ညပ်နေတဲ့ အစာကို ထုတ်သင့်ပါတယ်။

သွားပွတ်ကြိုး အသုံးပြုနည်း

(၁) သွားပွတ်ကြိုး ၁၅၀ စင်တီမီတာလောက်ယူပြီး လက်ခလယ်နှစ်ဖက်မှာ မြဲနေအောင်ချည်ပါ။ အလယ်မှာ သွားကြားထဲ ထိုးထည့်နိုင်အောင် အနည်းငယ် ဟထားပေးရပါမယ်။

(၂) လက်မနဲ့ လက်ညှိုးကို သုံးပြီး သွားနှစ်ချောင်းကြားထဲ လျှောဝင်အောင် ညင်ညင်သာသာ ထိုးသွင်းပါ။ သွားဖုံးနေရာအထိ သွားပွတ်ကြိုးကို မထည့်ပါနဲ့။

(၃) သွားအောက်ခြေကနေ အပေါ်အောက်ရွေ့လျားတဲ့ ပုံစံနဲ့ သွားပွတ်ကြိုးကို ဆွဲပါ။ ဒီနည်းအတိုင်း တ ခြားသွားတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

(၄) အံဆုံးသွားမျက်နှာပြင်ကို ပုံမှာ ပြထားတဲ့အတိုင်း ပွတ်ဆွဲပေးပါ။

မှတ်ချက်။ ။ သွားပွတ်ကြိုး မသုံးခင် လက်ကို စင်ကြယ်အောင် ဆေးကြောထားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top