Healthy Life Ad
Q & A

ကားပိတ်တဲ့ ဖိစီးမှုဝေဒနာ . . .

ဒေါက်တာဦးအုန်းကျော်(စိတ်ကျန်းမာရေးဆရာဝန်ကြီး)

ဆရာ . . ကျွန်တော်အခုတလော ကားကျပ်၊ ကားပိတ်တဲ့ ဒဏ်ကို မခံစားနိုင်ဘူး ဖြစ်နေပါတယ်။ ကားမောင်းရင်း ကားတွေ ပိတ်ပြီး ရှေ့တိုးလို့မရ၊ နောက်ကြောင်းပြန်လှည့်လို့ မရဖြစ်နေရင် ကျွန်တော့် စိတ်တွေ ဖိစီးနေတယ်၊ မွန်းကျပ်ပြီး အသက်ရှူမဝသလို ဖြစ်နေတယ် ဆရာ၊ တစ်ခါတလေ ရှေ့က ကားတွေကို ဖြစ်ချင်ရာဖြစ် တိုးတိုက်ပြီး မောင်းထွက်သွား လိုက်ချင်တာ . . စိတ်ကို မနည်းချုပ်တည်းထားရပါတယ်။ ဒီကြားထဲ လမ်းပြောင်းပြန်မောင်းတဲ့ ကားတွေ၊ ယာဉ်စည်းကမ်းမသိဘဲ မောင်းချင်သလို မောင်းတဲ့ ကားတွေ တွေ့တော့လည်း စိတ်ရှုပ်ရပြန်ရော . . အဲဒါ ကျွန်တော့်စိတ်ကို ဘယ်လိုထိန်းချုပ်သင့်ပါသလဲ ဆရာ။
ဦးထွန်းမြိုင်၊ လှည်းတန်း။

ဖြေ။ ။ ကားကျပ်ကားပိတ်တဲ့ အတွေ့အကြုံကို နေ့စဉ် ရင်ဆိုင်နေရရင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ စိုးရိမ်ကြောင့်ကြလွန်ကဲရောဂါနဲ့ စိတ်ကျရောဂါတွေ ဖြစ်ပွားဖို့ အလားအလာများကြောင်း တွေ့ရှိရပါတယ်။ အဲဒါကတော့ ရေရှည်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်ပါတယ်။ လတ်တလော ဖြစ်တတ်တဲ့ စိတ်တုန့်ပြန်ပြောင်းလဲမှုကိုလည်း တွေ့ရှိနိုင်ပါတယ်။

ကားကျပ်ကားပိတ်အခြေအနေကြောင့် ဖြစ်ပေါ်တတ်သည့် စိတ်ဝေဒနာ
(က) ကားကျပ်ကားပိတ်တဲ့ အခြေအနေမှာ စိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ ကားသံ၊ ဟွန်းတီးသံ၊ လူသံတွေကို ကြားနေရပါတယ်။ ကားအင်ဂျင်က ထွက်ရှိလာတဲ့ ကာဗွန်မိုအောက်ဆိုက်ဓာတ်၊ ဆာလဖာဒိုင် အောက်ဆိုက်ဓာတ်၊ နိုက်ထရိုဂျင်အောက်ဆိုက် ဓာတ်တွေကို ရှူရှိုက်နေရပါတယ်။ ဦးနှောက်ထဲမှာ အောက်ဆီဂျင်ဓာတ်ရယူမှု နည်းပါးလာပြီး ဓာတ် ငွေ့တွေရဲ့ ဒဏ်ကို ခံရပါတယ်။
ဒါကြောင့် အာရုံစူးစိုက်နိုင်စွမ်း ချို့ယွင်းလာတယ်၊ စိတ်တိုလာတယ်၊ သည်းခံချင်စိတ် လျော့နည်းလာတယ်၊ တွေးတောဆင်ခြင်ဆုံးဖြတ်နိုင်မှု အားနည်းလာတယ်၊ သာမန်အခြေအနေမျိုးမှာ ပြုမူလေ့မရှိတာမျိုးကို ပြုမူလုပ်ဆောင်လာတတ်တယ်။ ဥပမာ တဇွတ်ထိုး ကြားဝင်ဖြတ်မောင်းတာ၊ တခြားကားပေါ်က လူကို ရန်ထောင်တာတို့ ဖြစ်ပါတယ်။ ကားပေါ်က ဆင်းပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်တဲ့အထိ ဖြစ်တတ်ပါတယ်။ အဲဒီလို အပြုအမူကို “ ကားလမ်းပေါ်မှာ ဒေါသပေါက်ကွဲခြင်း” ( Road Rage )လို့ ခေါ်ဆိုကြပါတယ်။

(ခ) ကားကျပ်ကားပိတ်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရရင် အလုပ်နောက်ကျမှာ ပူပင်တာ၊ ဓာတ်ဆီဖိုး ကုန်မှာ/ ကားပျက်သွားမှာ စိုးရိမ်တာတွေ စိတ်ထဲပေါ်လာတတ်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းတွေဖြစ်တဲ့ “ ကော်တီစောဓာတ်”(Cortisol)နဲ့ “ အက်ဒရီ နယ်လင်ဓာတ်” ( Adrenalin) တွေ ပိုမိုထွက်ရှိလာတယ်လို့ ဆိုပါတယ်။
ဒါကြောင့် “ ကားကျပ်ကားပိတ် စိတ်ဖိစီးမှုဝေဒနာ” (Traffic Stress Syndrome) လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ လက္ခဏာတွေကတော့ ကြောက်ရွံ့တုန်လှုပ်သလို ခံစားရတာ၊ ချွေးစေးပြန်တာ၊ နှလုံးခုန်နှုန်းမြန်တာ၊ ခေါင်းကိုက်တာ၊ ပျို့အန်ချင်စိတ်ရှိတာ၊ ဒီနေရာက ထွက်ပေါက်ရှာပြီး မောင်းထွက်သွားလိုတာ စတာတွေ ဖြစ်ပါတယ်။ “ ကားကျပ်ကားပိတ် စိတ်ဖိစီးမှုဝေဒနာ”ဟာ ဆေး ပညာမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်နိုင်တယ်ဆိုတာ တော့ လက်ခံပါတယ်။


ကားကျပ်ကားပိတ်အခြေအနေကို ရင်ဆိုင်ရလျှင်

ကားကျပ်ကားပိတ်အခြေအနေထဲ ရောက်နေရင် အထက်မှာ ဖော်ပြခဲ့တဲ့ စိတ်ဖိစီးမှုလက္ခဏာတွေ သက်သာစေဖို့ ဘာတွေပြုမူလုပ်ဆောင်သင့်သလဲ။
(က) ကြိုတင် အသိပေးထားပါ
အလုပ်နောက်ကျမှာ၊ အိမ်ပြန်နောက်ကျမှာအတွက် စိုးရိမ်ပူပန်နေတာကို သက်သာစေဖို့ ကားရပ်ထားချိန်မှာ သက်ဆိုင်သူတွေကို မိုဘိုင်းဖုန်းနဲ့ အကြောင်းကြားထားနိုင်ပါတယ်။
(မှတ်ချက်။ ။ ကားမောင်းနေစဉ် မိုဘိုင်းဖုန်းပြောတဲ့ အလေ့အထကိုတော့ အားမပေးသင့်ပါ။)

(ခ) အခြေအနေကို ပြန်လည်သုံးသပ်ပါ
ကားကျပ်ကားပိတ်နေလို့ အလုပ်ခွင်ကို အချိန်မီမရောက်ရင် ရောက်တဲ့အချိန်မှာ ဘာတွေကို ဘယ်လို ဦးစားပေးပြီး လုပ်မယ်ဆိုတာ စဉ်းစားဆုံး ဖြတ်ထားလိုက်ပါ။ ဆက်ပြီး ပူပင်သောက ပွားမနေပါနဲ့တော့။

(ဂ) အသက်ပြင်းပြင်းနှင့် နှေးနှေးရှူရှိုက်ပါ
စိတ်နဲ့ထိန်းချုပ်ပြီး အသက်ပြင်းပြင်းနဲ့ နှေးနှေးရှူရှိုက်တာကို အကြိမ်ကြိမ် ပြုလုပ်ရင် စိတ်ခံစားမှု ပြင်းပြနေတာတွေ လျော့နည်းသွားပါလိမ့်မယ်။ ကားမောင်းနေစဉ်မှာ စိုးရိမ်စိတ်၊ ဒေါသစိတ်တွေကို ထိန်းချုပ်နိုင်တဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။

(ဃ) အာရုံပြောင်းရန် ကြိုးစားပါ
မော်တော်ကားတွေက ပက်ကျိကောင်လို ရွေ့နေတာ ကြည့်ပြီး အားမလိုအားမရ ဒေါသထွက်နေရင် အကျိုးရှိမှာ မဟုတ်ပါဘူး။ ရေဒီယို၊ စီဒီထဲက တေးဂီတသီချင်းကောင်းကောင်းလေးကို အာရုံစိုက်ပြီး နားထောင်လိုက်ပါ။ ကားက ရှေ့ကို မရွေ့ပေမယ့် စိတ်ထဲက ဒေါသငွေ့ကို လျော့နည်းစေနိုင်ပါတယ်။

(င) ကြိုးစားပြီး ပြုံးကြည့်ပါ
ရယ်စရာ ပျက်လုံးတစ်ခုကို စဉ်းစားပြီး အားရပါးရ ရယ်မောကြည့်ပါ၊ ကြိုးစားပြီး ပြုံးကြည့်ပါ၊ ရယ်လိုက်ရင် ပြုံးလိုက်ရင် စိတ်ထဲမှာ တင်းကျပ်နေတာတွေ ပြေလျော့သွားနိုင်ပါတယ်။

(စ) လက်ရှိအာရုံကို သတိမူပါ
မိမိရှေ့က ကားရဲ့ မှတ်ပုံတင်နံပါတ်ကို အလွတ်ရအောင် ကျက်ပါ။ အမျိုးအစား၊ ပုံသဏ္ဍာန်၊ အရောင်စတဲ့ အချက်အလက်တွေကို စူးစမ်းမှတ်သားပါ။ အလားတူ မြင်တွေ့သမျှ၊ ကြားရသမျှကို သတိမူပြီး မှတ်သားပါ။ စိတ်က တွေးတောဆင်ခြင် မှတ်သားရာမှာ အလုပ်ရှုပ်နေရင် စိတ်ခံစားမှုတွေကို သတိထားမိမှာ မဟုတ်ပါဘူး။

(ဆ) စိတ်ခံစားမှုကို ဓာတ်ခွဲကြည့်ပါ
ကားကျပ်ကားပိတ်အခြေအနေကြောင့် ခံစားလာရတဲ့ စိုးရိမ်စိတ်၊ ဒေါသစိတ်တွေကို အသိနဲ့ ဖမ်းပြီး ကြည့်ပါ။ “ငါ ဘာကြောင့် စိုးရိမ်နေရသလဲ”လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးမေးကြည့်ပါ၊ အဖြေရှာကြည့်လိုက်ပါ။ အဖြေမတွေ့ပေမယ့် စိုးရိမ်စိတ်၊ ဒေါသစိတ်တွေ သက်သာလာပါလိမ့်မယ်။ ကြာလာရင် မိမိစိတ်ကို ပိုမိုပြီး သိရှိနားလည်လာနိုင်ပါတယ်။

(ဇ) အမြင်မတော်တာကို လျစ်လျူရှုလိုက်ပါ
“ ဟိုတိုး ဒီဝင်၊ အော်ဟစ်ကြိမ်းမောင်း၊ လက်ခလယ်တစ်ချောင်း ထောင်ပြ” လုပ်နေတာမျိုးကို တွေ့ရရင် အဲဒီကားသမားကို လျစ်လျူရှူလိုက်ပါ။ မျက်နှာချင်းဆိုင်လာရင် ရိုရိုသေသေ ပြုံးပြလိုက်ပါ။ သူ့ကားကို တိုက်ပစ်လိုက်ချင်စိတ် ပျောက်ကွယ်သွားနိုင်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top