Healthy Life Ad
Health Tips

ကောင်းသော အဆီ ပါဝင်မှုများသည့် အစာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အဆီဆိုတာ လူ့ခန္ဓာကိုယ်အတွက် အရေးပါပြီး စွမ်းအင်ထုတ်လုပ်မှု၊ ဆဲလ်ဖြစ်ပေါ်မှု၊ အောက်ဆီဂျင် သယ်ယူပို့ဆောင်မှု၊ သွေးခဲမှု စတာတွေမှာ ပါဝင်ကူညီပေးပါတယ်။ တချို့အဆီ၊ ဥပမာ အပင်ကရတဲ့ မပြည့်ဝဆီတွေက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် တိရစ္ဆာန်ထွက်အစာတွေကရတဲ့ ပြည့်ဝဆီတွေက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ သွေးကြောထဲမှာ မကောင်းတဲ့ အဆီတွေများပြီး ပိတ်ဆို့နေရင် သွေးကြောကျဉ်းတာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်းစတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အဆီတွေကို ရွေးချယ်စားသုံးဖို့လိုအပ်ပါတယ်။

– ငါး

ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ငါးဒန်ဗိုက်သားစတာတွေမှာ အိုမီဂါ ၃ ဖက်တီး အက်ဆစ်ပါဝင်တဲ့ အတွက် နှလုံးနဲ့ သွေးကြော ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒီငါးတွေမှာ ပရိုတင်းဓာတ်လည်း ပါဝင်တာကြောင့် ဆဲလ် နဲ့တစ်သျှူးတွေ ပြန်လည်ပြုပြင်ဖို့နဲ့ ကြီးထွားဖို့ အရေးပါပါတယ်။ လေ့လာမှုအရ ဒီလိုငါးတွေကိုများများ စားသူတွေက မစားသူတွေထက် နှလုံးရောဂါ၊ သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းခြင်းနဲ့ စိတ်ကျရောဂါတို့ ဖြစ်နိုင်ခြေလျော့ကျစေတယ်လို့ သိရပါတယ်။

– သံလွင်ဆီ

အဆီပါဝင်တဲ့ သံလွင်ဆီစစ်စစ်မှာ ဗီတာမင်ကေနဲ့ ဗီတာမင်အီးပါဝင်ပြီး အင်တီအောက်ဆီးဒင့် အဖြစ် လုပ်ဆောင်ပါတယ်။ သံလွင်ဆီမှာပါတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ ရောင်ရမ်းမှုကို တွန်းလှန်ပေးပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ သံလွင်ဆီက သွေးတိုးကိုကျစေတဲ့အတွက် နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

– ကြက်ဥ/ဘဲဥ

ကြက်ဥ၊ ဘဲဥမှာ ပရိုတင်းပါဝင်တဲ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီလည်း ပါရှိပါတယ်။ ကြက် ဥ/ဘဲဥတစ်လုံးမှာ ကိုလက်စထရော ၂၁၂ မီလီဂရမ် ပါဝင်တဲ့အတွက် တစ်နေ့တာ လိုအပ်တဲ့ ကိုလက်စထရောစုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းရှိပါတယ်။ ဒါက ကောင်းတဲ့ အဆီဖြစ်တဲ့အပြင် ဗီတာမင်၊ သတ္တုဓာတ်၊ အင်တီအောက်ဆီးဒင့်နဲ့ ကိုလင်း ဓာတ်လည်း ပါဝင်ပါတယ်။

– ထောပတ်သီး

ထောပတ်သီးမှာ အဆီ ၈၅ရာခိုင်နှုန်းကျော် ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးရှိပါတယ်။ ထောပတ်သီးဟာ လူတစ်ယောက် တစ်နေ့တာ အမျှင်ဓာတ် လိုအပ်ချက်စုစုပေါင်းရဲ့ ရှစ်ရာခိုင်နှုန်းကို ပေးနိုင်ပါတယ်။

– အညိုရောင် ချောကလက်

အညိုရောင်ချောကလက်မှာ အဆီ ၉ ဂရမ်နဲ့ ကယ်လိုရီ ၁၅၀ ပါဝင်ပါတယ်။ အညိုရောင် ချောကလက်မှာ ဗီတာမင်အေ၊ ဗီတာမင်ဘီနဲ့ ဗီတာမင်အီးတို့ အပြင် ပိုတက်ဆီယမ်၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ်တို့ လည်းပါဝင်ပါတယ်။ သီယိုဘရိုမင်းလို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်လည်း ပါဝင်တာကြောင့် သွေးတိုးကို ကျစေပြီး ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top