Healthy Life Ad
Health Tips

အရက်စွဲသူများတွင် ချို့တဲ့တတ်သည့် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် ၊ (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

မေး။ ။ အရက်စွဲသူတွေက ဘယ်လို အာဟာရဓာတ်တွေ ချို့တဲ့တတ်ပါသလဲ ဆရာမ။
ဖြေ။ ။ အရက်စွဲတဲ့ သူတွေမှာ အဓိက ချို့တဲ့တတ်တဲ့ ဗီတာမင်က ဗီတာမင် B1 ဖြစ်ပါတယ်။ ပြီးတော့ ဗီတာမင်ဘီအုပ်စု(B Complex)လည်း ချို့တဲ့တတ်ပါတယ်။ ကျန်တဲ့ ဗီတာမင်ဓာတ်တွေလည်း လျော့တာရှိပါတယ်။ တကယ်တော့ အရက်သောက်မယ့် အစား နွားနို့သောက်ပေးရင် အကောင်းဆုံးပါ။

မေး။ ။ အရက်ကို မသောက်ရ မနေနိုင်တဲ့ သူတွေအနေနဲ့ ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုစားသောက် ပေးသင့်ပါသလဲ ဆရာမ။
ဖြေ။ ။ အရက်သောက်ခါနီးကျရင် ကြက်ဥနှစ်လုံးကို အကာကျက် ဒါမှမဟုတ် အစိမ်းလိုက်သောက်ထားရပါမယ်။ အဲဒီတော့ အစာအိမ်ထဲ အစာရောက်သွား ပြီးချိန်မှာ အရက်သောက်လိုက်မယ်ဆိုရင် အသည်းကနေ နည်းနည်းနည်းနည်းချင်း ပြန်စစ်ထုတ်သွားပါတယ်။ အဲဒီအခါ အရက်သောက်ပြီး ချက်ချင်းလည်း မမူးတော့ပါဘူး။ ဒါကြောင့် အရက်ကို မသောက်ရမနေနိုင်ဘဲစွဲနေရင် ကြက်ဥသောက်ထားဖို့ လိုပါတယ်။

မေး။ ။ အရက်သောက်တာများရင် ဘယ်လိုအားဆေးတွေကို အဓိက မှီဝဲသင့်ပါသလဲ ဆရာမ။
ဖြေ။ ။ အရက်သောက်လိုက်ရင် ဗီတာမင် B1 နဲ့ ဘီအုပ်စု လျော့နည်းတတ်တဲ့အတွက် ဗီတာမင်ဘီအားဆေးကို မှီဝဲပေးရပါမယ်။ အားဆေးထိုးရပါတယ်။ အရက်မသောက်တဲ့အချိန်မှာ အူသိမ် (Jejunum) ကနေ ဗီတာမင်ဘီ အများဆုံး ဆွဲအောင် နွားနို့ ပြန်သောက် ပေးရပါတယ်။

မေး။ ။ အရက်စွဲသူတစ်ယောက် အရက်ဖြတ်ချိန်မှာ ဘယ်လို အာဟာရဓာတ်တွေကို အဓိက ဖြည့်တင်းပေးသင့်ပါသလဲ ဆရာမ။
ဖြေ။ ။ အရက်စွဲသူတစ်ယောက် အရက်ဖြတ်ချိန်မှာ ဗီတာမင်ဘီအုပ်စုပါတဲ့ အစားအသောက်တွေကို အဓိက ဖြည့်တင်းပေးသင့်ပါတယ်။ ဗီတာမင်ဘီအုပ်စု အများဆုံး ပါဝင်တာက နွားနို့၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။ ဘူးရွက်၊ ကန်စွန်းရွက်၊ ကညွတ်စတာတွေ စားပေးသင့်ပါတယ်။ အသားကို တစ်ရက် ၁၀ ကျပ်သား စားပေးရပါမယ်။ ဟင်းသီးဟင်းရွက်ကို တစ်နေ့ သုံးခွက် စားပေးရပါမယ်။ နွားနို့ နှစ်ခွက်၊ ကြက်ဥ နှစ်လုံး စားပေးရပါမယ်။

မေး။ ။ အရက်စွဲသူတွေက အသည်းအားဆေးသောက်ရင် အသည်းကို မထိခိုက်အောင် ကာကွယ်နိုင်ပါသလား ဆရာမ။
ဖြေ။ ။ သိပ်မကာကွယ်နိုင်ပါဘူး။ နည်းနည်းတော့ သက်သာပေမယ့် တကယ်အရက်ကို အလွန်အကျွံသောက် သူတွေမှာတော့ ဘယ်လို အားဆေးပဲ သောက်သောက် အသည်းမထိခိုက်အောင် မကာကွယ်နိုင်ပါ ဘူး။ အရက်ကို မသောက်ရမနေနိုင်ဘူးဆိုရင် အရက်ကို ချင့်ချိန်သောက်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အမျိုးသမီးဆိုရင် တစ်နေ့ အရက် တစ်ပက်၊ အမျိုးသားဆိုရင် တစ်နေ့ အရက် နှစ်ပက်ထက် ပိုပြီး မသောက်သင့်ပါဘူး။ အရက်ကို ချင့်ချိန်သောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top