Healthy Life Ad
Q & A

သွားတက် သို့မဟုတ် ထပ်နေသော စွယ်သွား . . .

မေး။ ။ တချို့လူတွေ စွယ်သွားပေါက်ကြပါတယ်၊ ဒါက မျိုးရိုးလိုက်ပြီး ပေါက်တာပါလား၊ ဘာကြောင့် စွယ်သွားပေါက်ရသလဲ၊ မပေါက်အောင် ဘယ်လိုဆင်ခြင် ရမှာလဲ၊ စွယ်သွားပေါက်ရင် ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တတ်သလဲ၊ စွယ်သွားကို ပြင်ချင်ရင် ကုန်ကျစရိတ်များနိုင်သလား။

ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ စွယ်သွားဆိုတာ လူတိုင်းမှာ ပေါက်ပါတယ်။ စွယ်သွားပေါက်တဲ့အခါ ပုံမှန်အတိုင်းသူ့နေရာနဲ့သူပေါက် ရင် ဘာမှ မလှမပမဖြစ်ပါဘူး။ စွယ်သွားပေါက်ဖို့နေ ရာမရှိရင်သွားအပေါ်မှာ တက်ပေါက်ရာက သွားထပ် လိုဖြစ်ပါတယ်။ အဲဒါက နေရာမရှိလို့ဖြစ်ရတာပါ။

စွယ်သွားပေါက်ရသည့် အကြောင်းရင်း
ငယ်ငယ်က ငယ်သွားတွေ ပုံမှန်လဲရမယ့် အချိန်မှာ လဲပြီး ပေါက်တယ်ဆိုရင် သွားတွေက သူ့နေရာနဲ့သူ ဝင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ငယ်သွားလဲ ရမယ့်အချိန်မှာ ငယ်သွားတွေကျန်နေရင် စွယ်သွားက သူ့နေရာနဲ့သူ မဝင်ဘဲနဲ့ အပြင်ဘက်ကို ထွက်လာတယ်၊ ဒါမှမဟုတ် အတွင်းဘက် အာခေါင်ဘက်ကနေ ပေါက်လာပါတယ်။

စွယ်သွားက မျိုးရိုးလိုက်ပြီး ပေါက်တာလား
မျိုးရိုးလိုက်တာတော့ မဟုတ်ပါဘူး။ စွယ်သွားပေါက်တဲ့အခါ သွားထပ်လိုဖြစ်ပြီး အစွယ်လို ဖြစ်နေတာက မေးရိုးသေးလို့နေရာမရှိလို့ဖြစ်တယ်၊ နောက်တစ်ခုက ငယ်သွားခံနေလို့ အပေါ်ကနေ ထပ်ပေါက်ရာကဖြစ်ပါတယ်။

စွယ်သွားရှိရင် နောက်ဆက်တွဲ ဘာဖြစ်တတ်ပါသလဲ
စွယ်သွားရှိရင် သွားထပ်လို ဖြစ်နေတော့ ထိမိခိုက်မိတဲ့အခါ နှုတ်ခမ်းပေါက်ပြဲသွားတာ၊ သွေးထွက်သွားတာ ဖြစ်တတ်ပါတယ်။

ထပ်နေတဲ့ စွယ်သွားကို ပြုပြင်လို့ ရသလား
စွယ်သွားပေါက်တာ အနေအထားမမှန်တော့ဘူးလို့ အချိန်မီ သိရင် အသက် ၁၀နှစ်နဲ့ ၁၂ နှစ် ကြားမှာ သွားဆရာဝန်နဲ့ ပြရပါမယ်။ ပြင်လို့ရတယ် ဆိုရင် သွားညှိကုတာမျိုး လုပ်လို့ ရပါတယ်။ ပိုနေတဲ့ သွားကို နုတ်ပြီး စွယ်သွားကို သူ့နေရာနဲ့သူ အံဝင်အောင် ကုလို့ ရပါတယ်။ ဒါပေမဲ့ သူ့နေရာနဲ့ သူ အံဝင်ခွင်ကျဖြစ်ဖို့ဆိုရင် တစ်နှစ်လောက် အချိန် ယူရပါတယ်။ အောက်က သွားတွေ အကုန်စေ့နေပြီး အပေါ်ကနေစွယ်သွားက ထပ်ပေါက်တယ် ဆိုရင်တော့ စွယ်သွားကို နုတ်လိုက်ရင် မြန်မြန်ပြီးသွားပါတယ်။ ဒါပေမဲ့ စွယ်သွားမရှိတဲ့အခါကျတော့ လူတွေပြုံးတာ၊ ရယ်တာလုပ်ရင် သွားစွယ်လေးတွေရှိမှ ကြည့်လို့ လှပါတယ်။ စွယ်သွားမရှိရင် သွားတွေအကုန်လုံးက တုံးတိတိလေးတွေဖြစ်နေပြီး အလှအပမှာ ထိခိုက်မှု ရှိပါတယ်။ အကောင်းဆုံးကတော့ ထပ်ပြီး ပေါက်နေတဲ့စွယ်သွားကို သူ့နေရာနဲ့သူ ပြန်ဝင်အောင်လုပ်ပေး နိုင်တယ်ဆိုရင် ကောင်းပါတယ်။ စွယ်သွားထပ်ပေါက်နေတာကို သူ့နေရာနဲ့သူပြန်ဝင်ဖို့ကတော့ လူနာကလည်း မှန်မှန်လာပြနိုင်ရပါမယ်။ သွားညှိကုပညာရှင်တွေနဲ့ ကုသမှုခံယူရပါမယ်။ ကုန်ကျစရိတ်လည်း ရှိသလို အချိန်လည်းပေးရပါမယ်။ အကြမ်းအားဖြင့် လေးငါးသိန်းလောက် ကုန်ကျနိုင်ပါတယ်။
စွယ်သွားက နှုတ်ခမ်းအပေါ်မှာတက်ပြီး ပေါက်တာဖြစ်တဲ့အတွက် လျှာကိုတော့ မရှပါဘူး။ တချို့ဆိုရင် အဲဒီစွယ်သွားက ထပ်ပေါက်နေတာ ပိုလှသလို ဖြစ်တဲ့အတွက် သွားတက်ကလေးနဲ့ ဆိုပြီး ပြောကြပါတယ်။

စွယ်သွားထပ်နေတာကို အသက်ကြီးမှပြင်လို့ရသလား
စွယ်သွား ထပ်နေတာကို အသက် ၁၀နှစ်ကနေ ၁၂ နှစ်အတွင်း ပြုပြင်တာက အကောင်းဆုံး ဆိုပေမယ့် အသက်ကြီးမှ ပြင်ချင်တယ်ဆိုရင်လည်း ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top