Healthy Life Ad
Health Tips

သင့်ခန္ဓာကိုယ်အသံကို နားဆင်ပြီး ရောဂါကို စောစောစီးစီး တွေ့ရှိစေနိုင်မည့် နည်းလမ်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

နောင်နှစ်အနည်းငယ်အတွင်း သင့်မှာဘယ်လို ရောဂါတွေဖြစ်လာနိုင်တယ်ဆိုတာ သင့်ခန္ဓာကိုယ်က သဲလွန်စပေးနေပါတယ်။ အဲဒီအချက်တွေကို စစ်ဆေးပြီး စောစောကုသမှု ခံယူလိုက်မယ်ဆိုရင် ကြီးကျယ်တဲ့ ရောဂါဖြစ်လာတော့မှာ မဟုတ်ပါဘူး။

– သင့်အနံ့ခံအာရုံကိုဆန်းစစ်ပြီး သတိမေ့မှတ်ဉာဏ် လျော့နည်းရောဂါဖြစ်နိုင်ခြေကို ခန့်မှန်းပါ

အနံ့ခံနိုင်စွမ်းကျဆင်းတာက အယ်လ်ဇိုင်းမားရောဂါရဲ့အစောဆုံးလက္ခဏာတစ်ခုဖြစ်တယ်လို့ အမေရိကန် အာရုံကြောဝေဒနာလေ့လာမှုအရ သိရပါတယ်။ အယ်လ်ဇိုင်းမားရောဂါကြောင့် အနံ့ခံစနစ် ပြောင်းလဲမှုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အသက် ၇၀ ကျော်ချိန်မှာ အနံ့ခံအာရုံတဖြည်းဖြည်း ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့အချိန်မှာ အနံ့ခံ အာရုံ ဆုံးရှုံးရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

– သင့်ဆံစပ်ကို စစ်ဆေးပြီး သိုင်းရွိုက်ရောဂါဖြစ်နိုင်ခြေကို ခန့်မှန်းပါ

လည်ပင်းမှာရှိတဲ့ လိပ်ပြာပုံ အင်ဒိုခရိုင်းဂလင်း (သိုင်းရွိုက်)ဟာ ဟော်မုန်းတွေကို အမြောက်အများ ထုတ်တဲ့အခါ အလုပ်ကောင်းကောင်း မလုပ်တော့ဘဲ ဆံပင်ပေါက်တဲ့အပိုင်းမှာ သက်ရောက်မှုတွေ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ရောဂါကြောင့် ဆံပင်ကျွတ်တာအပြင် ဆံပင်ခြောက်သွေ့တာ၊ ကြမ်းတမ်းတာတို့လည်း ဖြစ်နိုင်ပါသေးတယ်။ သိုင်းရွိုက်အလုပ်လုပ်ပုံ မမှန်တာကြောင့် မျက်ခုံးလည်း ပါးတတ်ပါတယ်။

– သင့်အသွင်အပြင်ကို စစ်ဆေးပြီး နှလုံးရောဂါထခြင်း(Heart Attack)ဖြစ်နိုင်ခြေကို ခန့်မှန်းပါ

အသက်နဲ့စာရင် ပိုအိုမင်းဟန်ပေါက်နေသူတွေဟာ အိုမင်းတဲ့ လက္ခဏာတွေဖြစ်တဲ့ ဆံပင်ဖြူတာ၊ ထိပ်ပြောင်တာ၊ အရေးကြောင်းထင်တာနဲ့ မျက်ခမ်းမှာ ကိုလက်စထရောစုပုံတာ စတဲ့ လက္ခဏာ ၃-၄ ခုမရှိသူတွေနဲ့ စာရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းနဲ့ နှလုံးရောဂါထနိုင်ခြေ ၅၇ ရာခိုင်နှုန်း ပိုများပါတယ်။ အရွယ်နဲ့မလိုက်ဘဲ ဆံပင်တွေဖြူတာ၊ ထိပ်ပြောင်တာ၊ အရေးကြောင်းထင်တာ စတဲ့ လက္ခဏာ သုံးခုရှိနေတယ်ဆိုရင် နှလုံးကျန်းမာရေးကို စစ်ဆေးသင့်နေပြီ ဖြစ်ပါတယ်။

– သင့်ခံတွင်းနံ့ကို စစ်ဆေးပြီး ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းပါ

ခံတွင်းနံ့ဟာ သွားဖုံးရောဂါကို ဖော်ပြနိုင်တဲ့ လက္ခဏာတစ်ခုပါ။ ခံတွင်းနံ့ နံတာက ပန်းသေ ပန်းညှိုးရောဂါနဲ့ ဆက်စပ်နေပါတယ်။ အသက် ၃၀နဲ့ ၄၀ ကြား အမျိုးသားတွေအနက် ပြင်းထန်တဲ့ သွားဖုံးရောဂါ ခံစားနေရသူတွေဟာ သွားဖုံး ကျန်းမာရေး ကောင်းမွန်တဲ့ သူတွေထက် ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ခြေ သုံးဆကျော် ရှိတယ်လို့ တူရကီ လေ့လာသူတွေက ဆိုပါတယ်။သွားဖုံးကျန်းမာစေဖို့ တစ်နေ့ နှစ်ကြိမ် သွားတိုက်တာ၊ နေ့စဉ် သွားကြားထိုးကြိုး ထိုးတာနဲ့ တစ်နှစ် နှစ်ကြိမ် သွားဆရာဝန်နဲ့ ပြသတာတို့ကို လိုက်နာသင့်ပါတယ်။

– သင့်မျက်စိကို စစ်ဆေးပြီး မှတ်ဉာဏ်ကျဆင်းမှုကို ခန့်မှန်းပါ

မျက်စိထဲမှာ သွေးကြောကျယ်တဲ့ အသက် ၃၈ နှစ်အရွယ်ရှိသူတွေဟာ သွေးကြောကျဉ်းတဲ့ သူတွေထက် ဉာဏ်ရည်ဉာဏ်သွေး စစ်ဆေးမှုမှာ ရလဒ်မကောင်းကြောင်း လေ့လာမှုတစ်ခုအရ သိရပါတယ်။ မျက်စိထဲက သွေးပြန်ကြောတွေက ဦးနှောက်ထဲက သွေးကြောတွေနဲ့ အရွယ်အစား၊ တည်ဆောက်ပုံနဲ့ လုပ်ငန်းဆောင်တာ ဆင်တူနေပါတယ်။ မျက်စိကျန်းမာရေး မကောင်းရင် မှတ်ဉာဏ်ထိခိုက်နေနိုင်တာကြောင့် တစ်နှစ်တစ်ကြိမ် မျက်စိစစ်ဆေးသင့်ပါတယ်။

– သင့်အကြားအာရုံကို စစ်ဆေးပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းပါ

ဆီးချိုရောဂါရှိတဲ့သူတွေဟာ ရောဂါမရှိသူတွေထက် အကြားအာရုံ စစ်ဆေးမှု ခံယူဖို့ နှစ်ဆကျော် ပိုလိုအပ်ပါတယ်။ အံ့အားသင့်စရာ ကောင်းတာက အသက် ၆၀ အောက် ဆီးချိုရောဂါ ရှိသူတွေဟာ အသက်ကြီးတဲ့ ဆီးချိုရောဂါ ရှိသူတွေထက်အကြား အာရုံ ထိခိုက်မှု ဖြစ်နိုင်ခြေ ပိုများနေတာပါပဲ။ သွေးတွင်းသကြားဓာတ်မြင့်တက်မှုဟာ နားထဲက သွေးကြောတွေကို ထိခိုက်စေနိုင်လို့ပါ။

(Ref; msn)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top