Healthy Life Ad
Health Tips

ကိုအင်ဇိုင်း ကျူ-၁၀ (CoQ10) ပါဝင်မှု အများဆုံး အစာများနှင့် ကောင်းကျိုး

စူး ( ဆေးဝါးတက္ကသိုလ် )

ကိုအင်ဇိုင်း ကျူ-၁၀က အင်ဇိုင်း၊ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင်အဖြစ် ဆောင်ရွက်ပါတယ်။ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ထုတ်လုပ်ပြီး အသည်း၊ နှလုံး၊ ပန်ကရိယနဲ့ ကျောက်ကပ်တွေထဲမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ ကိုအင်ဇိုင်း ကျူ-၁၀က စွမ်းအင်ထုတ်လုပ်တာကနေ ဆဲလ်တွေကို ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်တဲ့အဆင့်အထိ လုပ်ဆောင်ပေးလေ့ ရှိပါတယ်။ အသက်ကြီးတာနဲ့ တခြားအကြောင်းတွေကြောင့် CoQ10 ကို အစားအသောက်ကနေ ရဖို့ အရေးကြီးပါတယ်။ မျှတကောင်းမွန်တဲ့ အစားအ သောက်စားနေတယ်ဆိုရင် CoQ10 ချို့တဲ့မှာ မစိုးရိမ်ရပါဘူး။ CoQ10ကို အသား၊ ငါး၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ တွေ့ရနိုင်ပါတယ်။

ဒီနေ့ခေတ်မှာ CoQ10ကို နှလုံးရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ နာတာရှည် နုံးချည့်ညောင်းညာတဲ့ ရောဂါလက္ခဏာစုစတဲ့ ကျန်းမာရေး ပြဿနာတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ အထူးသဖြင့် HIV ရှိသူနဲ့ စိတ်ဖိစီးမှုများနေသူတွေမှာ ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပါတယ်။

အင်ဇိုင်းအဖြစ် ထမ်းဆောင်ပါတယ်
CoQ10ဟာ ခန္ဓာကိုယ်ဆဲလ်တွေ အသုံးပြုနိုင်တဲ့ စွမ်းအင်ထုတ်လုပ်နိုင်ဖို့ အင်ဇိုင်းတစ်မျိုးအနေနဲ့ လုပ်ဆောင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နိုင်စွမ်း လျော့ကျသူတွေ၊ စိတ်ရောကိုယ်ပါ ပင်ပန်းအားနည်းသူတွေမှာ CoQ10 ကို နေ့စဉ် အားဖြည့်ဆေးအနေနဲ့ မှီဝဲနိုင်ပါတယ်။

ဗီတာမင်အဖြစ် လုပ်ဆောင်ပါတယ်
ကျွမ်းကျင်သူအများစုက CoQ10ကို ဗီတာမင်လို အရာအဖြစ်ဆိုကြပါတယ်။ အကြောင်းက တော့ CoQ10က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်အောင် ဗီတာမင်တစ်မျိုးသဖွယ် လုပ်ဆောင်ပေးလို့ ဖြစ်ပါတယ်။

အင်တီအောက်ဆီးဒင့်အဖြစ် လုပ်ဆောင်ပါတယ်။
CoQ10က ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိတဲ့အတွက် အင်တီအောက်ဆီးဒင့် အဖြစ်ဆိုကြပါတယ်။ ကျန်းမာတဲ့ ဆဲလ်တွေကို အကာအကွယ်ပေးပြီး နှလုံးသွေးကြောစနစ် ကျန်းမာဖို့၊ နာတာရှည်ရောင်ရမ်းမှု လျော့ကျဖို့နဲ့ အိုမင်းမှုကို ဟန့်တားဖို့ အသုံးဝင်ပါတယ်။

CoQ10 ထုတ်လုပ်မှု လျော့ကျသွားစေသည့် အချက်များ
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ခန္ဓာကိုယ်ကနေ CoQ10ကို သဘာဝအရ ထုတ်လုပ်ပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်တွေမှာ CoQ10 ပါဝင်တဲ့ အစာတွေကို ပိုစားဖို့ လိုအပ်သလို တစ်ခါတလေ အားဖြည့်ဆေးအနေနဲ့ မှီဝဲရတတ်ပါတယ်။ CoQ10 ထုတ်လုပ်မှု လျော့ကျစေတဲ့ အချက်တွေမှာ အသက်ကြီးလာတာက အသိသာဆုံးအချက် ဖြစ်ပါတယ်။ တခြားအချက်တွေက နေဒဏ်ခံရတာ များလွန်းတာပဲဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားမှာရှိတဲ့ CoQ10အဆင့်ကို လျော့ကျစေနိုင်ပါတယ်။

တချို့ဆေးဝါးတွေကလည်း ခန္ဓာကိုယ်ကနေ CoQ10 ထုတ်လုပ်မှုကို လျော့နည်းစေပါတယ်။ ဥပမာပြောရရင် သွေးတိုးရောဂါရှိသူတွေ မှီဝဲလေ့ရှိတဲ့ ဘီတာဘလော့ကာလို ဆေးတွေက CoQ10 ထုတ်လုပ်မှုကို လျော့ကျစေနိုင်ပါတယ်။

CoQ10 ပါဝင်သည့် အစားအသောက်များ
ဃသျှ၁၀ ရရှိနိုင်တဲ့ အစားအသောက်မျိုးစုံ ရှိပါတယ်။ အကောင်းဆုံး အစာတချို့က အသားနဲ့ တိရစ္ဆာန်ကလီစာတွေပဲ ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါးနဲ့ ငါးဒန်လို အဆီများတဲ့ငါးတွေမှာ CoQ10 ပါဝင်မှု များပါတယ်။ အခွံမာသီး၊ အစေ့အဆန်နဲ့ ဟင်းသီးဟင်းရွက် ဆီတွေကနေလည်း CoQ10 ရရှိနိုင်သလို သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်အများစုမှာလည်း CoQ10 ပါဝင်မှု ရှိပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top