Healthy Life Ad
Life Style

သွားကြားထိုးတံသုံးပြီး သွားကြားထိုးဖန်များလျှင် သွားဖုံးကိုထိခိုက်စေနိုင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မြန်မာလူမျိုးအချို့တွင် အစာစားပြီးတိုင်း သွားကြားထိုးတံဖြင့် သွားကြားထိုးကျင့်ရှိရာ ထိုအကျင့်သည် သွားဖုံးကိုထိခိုက်စေနိုင်ပြီး နောင်တွင်သွားကြားထဲ အစာပိုဝင်စေနိုင်ကြောင်း မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးကိုကိုမောင်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“သွားကြားထိုးတံနဲ့ သွားကြားထဲက အစာတွေကိုထုတ်လို့ရပါတယ်။ သွားကြားထိုးတံနဲ့ထိုးတာကို အကျင့်ပါအောင်မလုပ်ဖို့ အရေးကြီးပါတယ်။ သွားကြားထိုးတံနဲ့ အကျင့်ပါအောင် အမြဲထိုးနေရင် သွားဖုံးတွေကို စားသွားတတ်ပါတယ်။ အဲဒီအခါ အစာတွေပိုဝင်တတ်ပါတယ်။ သွားပွတ်ကြိုးနဲ့ထုတ်တာက သွားဖုံးမှာ အန္တရာယ်မရှိပါဘူး”ဟု ပါမောက္ခဦးကိုကိုမောင်က ဆိုသည်။

သွားကြားထဲ အစာဝင်သည့်အတွက် ဖယ်ထုတ်လိုလျှင် သွားပွတ်ကြိုးကိုသုံးရန် အကောင်းဆုံးဖြစ်သော်လည်း အဆင်သင့်မရှိပါက သန့်ရှင်းပြီးသား သွားကြားထိုးတံကို အသုံးပြုသင့်သည်။ “ကြုံရာထရံက နှီးကို ဖဲ့ထိုးတာမျိုး၊ ကလစ်၊ အပ်၊ တွယ်ချိတ် စတာတွေကိုယူပြီး ထိုးတာမျိုး၊ တွေ့ကရာ သွားကြားထိုးတံကိုယူပြီး ထိုးတာမျိုး မလုပ်သင့်ပါဘူး။ အဲဒီလိုလုပ်ရင် ပိုးဝင်တတ်ပါတယ်။ ပိုးဝင်တဲ့အခါ သွားဖုံးတွေရောင်တတ်တယ်၊ မျက်နှာပါရောင်တတ် ပါတယ်၊ ပြည်တည်နာဖြစ်တတ်ပါတယ်။ တစ်ခါတလေ ကြုံရာတုတ်နဲ့ သွားကြားထိုးတာကြောင့် မေးခိုင်ရောဂါပိုးတောင်ဝင်တတ်ပါတယ်။ ဒါကြောင့် မသန့်တဲ့ သွားကြားထိုးတံကို မသုံးသင့်ပါဘူးဟု ပါမောက္ခဦးကိုကိုမောင်က ပြောသည်။

ယခုခေတ်တွင် သီးသန့်ရရှိနေပြီဖြစ်သော သွားကြားထိုးတံကို အရက်ပြန်စိမ်ပြီး ခြောက်သွားမှ သုံးခြင်း၊ ပလတ်စတစ်သွားကြားထိုးတံကို သန့်ရှင်းမှုရှိစေရန် အရက်ပြန်စွတ်ပြီး သုံးခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း သိရသည်။ “သွားကြားထိုးတံကို အရက်ပြန်ထဲ ခဏလေးစွတ်ပြီး ခြောက်သွားမှ အသုံးပြုရပါမယ်။ အရက်ပြန်ထဲ စိမ်ထားပြီး ခြောက်အောင် ခါပြီးမှသုံးလည်းရပါတယ်။ သုံးပြီးသား သွားကြားထိုးတံတွေကိုတော့ ဘယ်တော့မှပြန်မသုံးသင့်ပါဘူး။ ပလတ်စတစ်သွား ကြားထိုးတံတွေဆိုရင် ပြန်သုံးလို့တော့ရပါတယ်။ ဒါပေမဲ့ အရက်ပြန်ထဲစိမ်ပြီး သေချာသန့်စင်ရမယ်၊ ခြောက်သွားမှသုံးရပါမယ်”ဟု ပါမောက္ခဦးကိုကိုမောင်က သွားကြားထိုးတံအသုံးပြုနည်း ကို အကြံပြုလိုက်ပါသည်။

Most Popular

Healthy Life Ad
To Top