Healthy Life Ad
Life Style

မြန်မာလူမျိုး ၇၀ရာခိုင်နှုန်းကျော်တွင် အစာအိမ်ရောဂါပိုးရှိနေ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မြန်မာလူမျိုး ၇၀ရာခိုင်နှုန်းကျော်တွင် ကင်ဆာဖြစ်လာနိုင်သည့် အစာအိမ်ရောဂါပိုးရှိနေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်းဌာနမှ ပါမောက္ခဒေါက်တာဦးသိန်းမြင့်က အစားအသောက်နှင့် အစာအိမ်ရောဂါအကြောင်း ဟောပြောပွဲတွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ၇၀ရာခိုင်နှုန်းကျော်လောက်က အစာအိမ်ရောဂါပိုးရှိနေတယ်၊ တစ်ကမ္ဘာလုံးဖြစ်တယ်၊ မဖြစ်တဲ့တိုင်းပြည်မရှိပါဘူး။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် လူဦးရေရဲ့ ၅၀ရာခိုင်နှုန်းလောက်မှာ အစာအိမ်ရောဂါပိုး ရှိနေပါတယ်” ဟု ပါမောက္ခဦးသိန်းမြင့်ကပြောသည်။

အစာအိမ်ပိုး H.pylori ပိုးကိုလည်း ကင်ဆာဖြစ်စေနိုင်သော အရာအဖြစ် ၁၉၉၄ ကစပြီး ကမ္ဘာ့အစာအိမ် အူလမ်းကြောင်းအဖွဲ့အစည်းက သတ်မှတ်ခဲ့ပြီး ကင်ဆာဖြစ်စေနိုင်သော အရာများ (Class 1 Carcinogen) ထဲတွင် အသည်းရောင် အသားဝါဘီပိုး၊ စီပိုး၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ Abestoes တို့ ပါဝင်ကြောင်းသိရသည်။

“ဒီပိုးက သန့်ရှင်းတဲ့ရေနဲ့ မသန့်ရှင်းတဲ့ အစားအသောက်ကနေကူးနိုင်တယ်၊ ခန္ဓာကိုယ်ကထွက်တဲ့ တံတွေး၊ မစင်ကနေ ကူးနိုင်ပါတယ်၊ အသက်သိပ်ကြီးတဲ့ သူတွေမှာ ဒီပိုးကို ပိုတွေ့ရပါတယ်။ တစ်အိမ်တည်းမှာ လူတွေအများကြီးပေါင်းနေရင် ပိုတွေ့ရပါတယ်။ မိသားစုများပြီး ပိုထူထပ်တဲ့ သူတွေမှာ ပိုအဖြစ်များတယ်။

‘မသန့်ရှင်းတဲ့ အစားအသောက်၊ လက်နဲ့နယ်ထားတဲ့ အစားအသောက်တွေထဲမှာ အစာအိမ်ရောဂါပိုးကို ပိုတွေ့ရပါတယ်’ ဟု ပါမောက္ခဦးသိန်းမြင့်ကပြောသည်။ ဆိတ်၊ သိုး၊ ခွေး၊ ကြောင်၊ ယင်ကောင် စသည်တို့တွင်လည်း ပိုးတွေ့ရသဖြင့် လက်ပွန်းတတီးနေသူများတွင် ရှိနိုင်ကြောင်းသိရသည်။

“အစာအိမ်ရောဂါပိုးကို လက်ဖက်စိမ်း လက်ဖက်ရည် (Green Tea) သောက်ရင်တားနိုင်တယ်လို့ဆိုတယ်၊ ရှမ်း ပြည်နယ်မှာ လေ့လာမှု လုပ်တုန်းက အဲဒီက လူမျိုးတွေမှာ အစာအိမ်ရောဂါပိုးတွေ့တာ နည်းပါတယ်။ သူတို့က Green Tea သောက်လို့လားတော့ မပြောတတ် ပါဘူး။ ဝိုင်နီကလည်း အစာအိမ်ရောဂါပိုးကို တားနိုင်တယ်၊ သေသေချာချာ လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ ဒိန်ချဉ်ကလည်း တားနိုင် တယ်လို့ ဆိုပါတယ်”ဟု ပါမောက္ခဦးသိန်းမြင့်က ပြောသည်။

ခန္ဓာကိုယ်ထဲ အစာအိမ်ရောဂါပိုးဝင်သွားလျှင် အူသိမ်ဦးပိုင်းတွင် အနာ (Duodenal Ulcer) ဖြစ်ခြင်း၊ အစာအိမ်အမြှေးပါးရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း တို့ဖြစ်တတ်ကာ ခြုံပြောရမည်ဆိုပါက အစာအိမ်ရောဂါပိုးဝင်သည့်အခါ ၉၀ ရာခိုင်နှုန်းက အစာအိမ်ကို ထိကြောင်းနှင့် အစာအိမ်ရောဂါ ပိုးဝင်သူသုံးယောက်လျှင် တစ်ယောက်ခန့် အစာမကြေဖြစ်တတ်ကြောင်းသိရသည်။

Most Popular

Healthy Life Ad
To Top