Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် ကျောက်ကပ်ထိခိုက်မှု

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ဆီးချိုသွေးချိုရောဂါထိန်းချုပ်မှုမကောင်းတာကြောင့် ကျောက်ကပ်ထိခိုက်နိုင်ခြေများပါသလား ဆရာ။

ဖြေ။ ။ သုတေသန စာတမ်းတွေအရ လူနာ ၁၀ဝမှာ ၃၀ရာခိုင်နှုန်းက ဆီးချိုရောဂါ သက်တမ်း ၇ နှစ်နဲ့ ၁၀နှစ်ကျော်ရင် ကျောက်ကပ် ထိခိုက်ကြတာကို တွေ့ရပါတယ်။ မြန်မာမှာသော်လည်းကောင်း၊ ကမ္ဘာမှာသော်လည်းကောင်း ကျောက်ကပ်ဆေးတာနဲ့ ကျောက်ကပ်အစားထိုးတာတွေကို ပြုလုပ်ပေးနေရတဲ့ လူနာတွေမှာ ဆီးချိုရောဂါကြောင့် ကျောက်ကပ်ကုသမှု ခံယူရတာက နံပါတ်တစ်နဲ့ နံပါတ်နှစ်နေရာတွေမှာ အမြဲတမ်း တွေ့ရပါတယ်။ ဒါကြောင့် ဆီးချိုသမားတိုင်း ကျောက်ကပ်ထိခိုက်မှုမဖြစ်အောင် အထူးသတိထားဖို့ လိုပါတယ်။ ကျောက်ကပ်က ထိခိုက်ပြီးသွားရင် ဘယ်တော့မှနောက်ပြန်မဆုတ်ပါဘူး။ ရောဂါရှေ့ဆက်တိုးဖို့ပဲ ရှိပါတယ်။ ဆီးချိုသမား တစ်ယောက် ကျောက်ကပ်ထိပြီးပြီဆိုရင် ထပ်ပြီး ပိုမဆိုးလာဖို့ပဲ ကုသပေးလို့ရပါတယ်။

မေး။ ။ ဆီးချိုရောဂါရှိသူ ကျောက်ကပ်ထိရတာက ရောဂါသက်တမ်းကြာလာလို့ ဖြစ်ရတာပါလား ဆရာ။

ဖြေ။ ။ ဆီးချိုရောဂါရှိသူ ကျောက်ကပ်ထိရတဲ့ အကြောင်းရင်း လေးချက်ရှိပါတယ်။

(၁) ဆီးချိုရောဂါသက်တမ်း ကြာလေလေ ကျောက်ကပ်ထိခိုက်မှု ဖြစ်နိုင်ခြေ ပိုများလေလေပါပဲ။

(၂) မိဘမျိုးရိုးမှာ ဆီးချိုရောဂါကြောင့် ကျောက်ကပ်ရောဂါရှိသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

(၃) ဆီးချိုရောဂါကို ကောင်းကောင်း မထိန်းထားနိုင်သူတွေမှာ ပိုဖြစ်ပါတယ်။

(၄) ဆီးချိုရောဂါနဲ့ တွဲဖြစ်တတ်တဲ့ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ အဝလွန်ရောဂါတွေရှိရင် ပိုဖြစ်ဖို့ များပါတယ်။

မေး။ ။ ဆီးချိုရောဂါရှိသူတစ်ယောက် ကျောက်ကပ်စထိပြီဆိုရင် ဘယ်လို သိနိုင်ပါသလဲ ဆရာ။

ဖြေ။ ။ ဆီးချိုသမား ကျောက်ကပ်စထိပြီဆိုရင် အစောဆုံးသိနိုင်တာကတော့ Microalbumin လို့ခေါ်တဲ့ ဆီးထဲမှာ အနည်ပါတာကို မိုက်ခရိုစကုပ်နဲ့ ကြည့်လိုက်ရင် တွေ့ရတဲ့ အခြေအနေအရ သိနိုင်ပါတယ်။ နောက်တစ်နည်းကတော့ Microalbumin လို့ ခေါ်တဲ့ ဆီးကို ချက်ကြည့်လိုက်တဲ့အခါမှသာ တွေ့ရတဲ့ အခြေအနေလည်း ရှိပါတယ်။ တစ်နေ့ကို ဆီးထဲမှာ အနည် ၃၀ ကနေ ၃၀ဝ မီလီဂရမ်ပါတယ်ဆိုရင်တော့ မိုက်ခရိုစကုပ်နဲ့ကြည့်မှသာ အနည်တွေ့နိုင်တဲ့အဆင့် ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ အနည် ၃၀ဝ မီလီဂရမ်ထက် ပိုများသွားရင်တော့ ဆီးချက်ကြည့်လိုက်ရင် ဆီးထဲကနေ အနည်ကျလာတဲ့အဆင့် ဖြစ်သွားပါတယ်။ ဆီးချိုသမားတိုင်း ဆီးကို မိုက်ခရိုစကုပ်နဲ့ ကြည့်ပြီးစစ်တာကို လုပ်ပေးသင့်ပါတယ်။ စစ်ပြီးတော့ တွေ့ရင် စောစီးစွာ ကုသနိုင်မှာ ဖြစ်ပါတယ်။ ကုသတာကတော့ ACEI ဒါမှမဟုတ် ARB ဆိုတဲ့ဆေးတွေပေးလိုက်ရင် ပြန်ပျောက်သွားနိုင်ပါတယ်။ တစ်ချိန်တည်းမှာတင် နှလုံသွေးကြောကျဉ်းရောဂါ (Ischaemic Heart Disease) ကိုပါ ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။ မိုက်ခရိုစကုပ်နဲ့ စစ်ဆေးကြည့်ရှုလိုက်ရင် ကျောက်ကပ်ထိနေလား၊ မထိဖူးလားဆိုတာ စောစော သိနိုင်တဲ့အတွက် တစ်နှစ်တစ်ခါလောက်တော့ စစ်ဆေးပေးသင့်ပါတယ်။ ဆီးကို ချက်ကြည့်လိုက်တဲ့ အခါမှသာတွေ့ရတဲ့ အဆင့်ဆိုရင် ကျောက်ကပ်က ထိခိုက်မှု ပိုများနေပါပြီ။

မေး။ ။ ဆီးချိုသမား ကျောက်ကပ်ထိတာကြောင့် ဘယ်လိုလက္ခဏာတွေ ခံစားရပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုသမား ကျောက်ကပ်ထိပြီဆိုရင် –

(၁) ဆီးထဲမှာ အနည်ပါလာပါတယ်။

(၂) သွေးတိုးလာတယ်။

(၃) တစ်ကိုယ်လုံး ဖောရောင်လာပါတယ်။

(၄) Serum Creatinine အဆင့် တက်လာမယ်။

Serum Creatinine တက်လာမှ ကျောက်ကပ်ထိတာ သိရင် ကျောက်ကပ်က ၅၀ ရာခိုင်နှုန်းပျက်စီးနေပါပြီ။ အဲဒီအဆင့် ရောက်မှသိတယ်ဆိုရင် နောက်ကMicroalbumin-uria ပြီလို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့် ကျောက်ကပ် ထိ၊ မထိ အစောဆုံးသိနိုင်အောင် နည်းနဲ့ စစ်ဆေးသင့်တာ ဖြစ်ပါတယ်။

မေး။ ။ ဒီထက် ပိုဆိုးလာရင် ဘာဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ။ ။ ဒီထက် ပိုဆိုးလာရင် နောက်ဆက်တွဲအနေနဲ့ နာတာရှည် ကျောက်ကပ်အားနည်းတဲ့ရောဂါ ဖြစ်တတ်ပါတယ်။ နောက်ဆုံး အဆင့်ကတော့ ကျောက်ကပ်ဆေးရင် ဆေး၊ မဆေးရင် ကျောက်ကပ် အစားထိုးရပါတယ်။ ဒီအဆင့်ရောက်သွားရင် ပိုက်ဆံလည်း အများကြီးကုန်လာတဲ့အတွက် တချို့လူနာတွေကလည်း မကုနိုင်တော့ပါဘူး။

မေး။ ။ ဆီးချိုသွေးချိုရောဂါရှိသူတွေ ကျောက်ကပ်မထိခိုက်ဖို့ ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါရှိသူတွေ ကျောက်ကပ် မထိခိုက်ဖို့ ဆိုရင် လိုက်နာရမယ့်အချက်တွေ ရှိပါတယ်။

(၁) ဆီးချိုသွေးချိုရောဂါကို နိုင်အောင်ထိန်းပါ။

(၂) သွေးတိုးရှိရင် သွေးတိုးကို နိုင်အောင် ထိန်းပါ။ သွေးပေါင်ကို ၁၃၀/၈၀ mmHg အောက်မှာပဲ ထားရပါမယ်။ ဆီးထဲမှာ တစ်ရက်ကို အနည်တစ်ဂရမ်နဲ့အထက် ပိုပါနေတယ်ဆိုရင်တော့ သွေးပေါင်ကို ၁၂၅ /၇၅ mmHg မှာ ထိန်းထားရပါမယ်။ ဆီးထဲမှာ အနည်မပါအောင် ထိန်းပါ။ ဆီးထဲမှာ အနည်မပါအောင် ထိန်းရမယ့် နည်းတွေကတော့ အသားနည်းနည်း လျှော့စားပေးရပါတယ်။ ACEI ဒါမှမဟုတ် ARB တို့လို ဆေးတွေ သောက်ရပါတယ်။

မေး။ ။ ဆီးချိုရောဂါရှိသူတွေ ကျောက်ကပ် ထိခိုက်သွားပြီဆိုရင် ဆီးချိုရောဂါကုသဆေးတွေကို ပြောင်းလဲ ပေးရတာမျိုး ရှိပါသလား ဆရာ။

ဖြေ။ ။ ဆီးချိုသမား ကျောက်ကပ်ထိသွားရင် ဆေးတွေကို အပြောင်းအလဲလုပ်ပေးရပါတယ်။ ကျောက်ကပ်ထိသွားတဲ့အခါမှာ သွေးတွင်း သကြားဓာတ်ကျတာ (Hypoglycaemia)ဝင်တတ်ပါတယ်။ကျောက်ကပ် ထိသွားတဲ့အခါမှာ ဆီးချိုရောဂါကုဆေးတွေကို သွေးထဲကနေ မစွန့်ထုတ်နိုင်တော့ပါဘူး။ အဲဒီအခါမှာ ဆီးချိုဆေးတွေက သွေးထဲမှာ အကြာကြီးနေနေပါတယ်။ သွေးတွင်း သကြားဓာတ်များပြီး ရောဂါအခြေအနေ သိပ်ဆိုးနေတဲ့သူတစ်ယောက်က ဆီးချို control သိပ်ကောင်းသွားရင် သတိထားရပါတယ်။ အဲဒါက ကျောက်ကပ်ထိသွားလို့ ဖြစ်နိုင်ပါတယ်။ ဆီးချိုတက်တာက အရမ်းများနေလို့ ဆေးတွေသုံးမျိုးလောက် ပေးထားပြီး အမြင့်ဆုံးတင်ထားရတဲ့အချိန်မှာ ရုတ်တရက်ကြီး ဆီးချိုကောင်းသွားတယ်ဆိုရင် ကျောက်ကပ်ထိသွားတာ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ကို စစ်ပေးဖို့လိုပါတယ်။မက်ဖော်မင် (metformin) ဆေးက အင်မတန်ကောင်းတဲ့ ဆေးဖြစ်ပါတယ်။ မက်ဖော်မင်ဆေးကို သောက်နေရင် ကျောက်ကပ်ထိနေတဲ့အချိန်မှာ သီအိုရီအရ မက်ဖော်မင်ကိုရပ်ဖို့ ပြောထားပါတယ်။ Serum Creatinine အဆင့် ၁ ဒသမ ၅ ကျော်ရင် မက်ဖော်မင်ဆေးကို ရပ်ဖို့ ပြောထားပါတယ်။ ဒါကို လူတွေက မက်ဖော်မင်ဆေးသောက်ရင်ကျောက်ကပ်ထိတယ်ဆိုတဲ့ အယူအဆမှားတွေ ရှိနေကြပါတယ်။ တကယ်တော့ မက်ဖော်မင်ဆေးက ဆီးချိုသွေးချို ရောဂါအတွက် အင်မတန်ကောင်းတဲ့ဆေးပါ။ ဆီးချိုရောဂါကြောင့် ကျောက်ကပ်ထိသွားတဲ့အချိန်မှသာ မက်ဖော်မင်ဆေးကို ရပ်ခိုင်းထားတာဖြစ်ပါတယ်။ မက်ဖော်မင်ဆေးက ကျောက်ကပ်ကို လုံးဝမထိခိုက်ပါဘူး။ ဆရာတို့အတွေ့အကြုံအရ Serum Creatinine အဆင့် ၁ ဒသမ ၇ ကနေ ၂ လောက်အထိ ကိုတောင်ပေးပါတယ်။ မက်ဖော်မင်ဆေးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Lactic Acidosis ကလည်း လူပေါင်းသုံးသောင်းလောက်မှာ တစ်ယောက်လောက် ဖြစ်တတ်တာပါ။ကျောက်ကပ်ထိရင် ဆီးချိုဆေးတွေက ဆီးထဲကနေ မစွန့်ထုတ်နိုင်တဲ့အတွက် သွေးထဲမှာ ဆေးတွေ ကြာကြာနေတတ်ပါတယ်။ ဒါကြောင့် အရင်က သောက်နေတဲ့ သွေးထဲမှာ ၃၆ နာရီလောက် အထိနေတဲ့ ဆေးတွေကို မပေးတော့ပါဘူး။ လိုအပ်ရင် အင်ဆူလင်ဆေးကို ပြောင်းထိုးပေးပါတယ်။

မေး။ ။ ဆီးချိုသမားတွေ ကျောက်ကပ်ထိရင် ဆက်ပြီး ပိုမဆိုးအောင် ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ။ ။ ဆီးချိုသမားတွေ ကျောက်ကပ်ထိရင် အသားနည်းနည်းလျှော့စားပေးဖို့ လိုအပ်တဲ့အပြင် ရေလည်း လျှော့သောက်ပေးဖို့ လိုပါတယ်။ ဆီးသွားနည်းလို့ ရေပိုသောက်ပေးရတယ်ဆိုတဲ့အယူအဆက ဒီနေရာမှာ မှားပါတယ်။ ကျောက်ကပ်က အလုပ်မလုပ်နိုင်တော့လို့ ဆီးသွားတာနည်းနေတဲ့အချိန်မှာ ရေတွေအများ ကြီးသောက်ရင် ကျောက်ကပ်က ပိုပြီးအလုပ်မလုပ်နိုင်တော့ဘဲနဲ့ ရေသောက်များလေ၊ ဆီးသွားနည်းလေဖြစ်ပြီးတော့ ဖောလာပါလိမ့်မယ်။ကျောက်ကပ် တော်တော်ထိသွားရင် Low salt Diet, Low Protein Diet, Low Potassium Diet နဲ့ Low Phosphate Diet ဆိုတဲ့ အချက်တွေကို လိုက်နာရပါမယ်။ ဆိုလိုတာက ဆားလျှော့စားရပါမယ်၊ ပရိုတင်းအသားဓာတ် လျှော့စားရပါမယ်၊ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများတဲ့ အရည်ရွှမ်းတဲ့ အသီးတွေကိုလည်း လျှော့စားရပါမယ်။ကျောက်ကပ်ထိရင် ကယ်လ်ဆီယမ်နည်းပြီး ဖောစဖိတ်များလာတတ်ပါတယ်။ ဖော့စဖိတ်များလာ တဲ့အတွက် နို့နဲ့နို့ထွက်ပစ္စည်းတွေ လျှော့ပြီး စားသောက်ဖို့ လိုလာပါတယ်။

မေး။ ။ ဆီးချိုရောဂါနဲ့ ကျောက်ကပ်အကြောင်း အများပြည်သူကို ထပ်မံပြောလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ။ ။ ဆီးချိုရောဂါရှိသူတွေ ကျောက်ကပ်ထိသွားတဲ့အခါ ဆီးချိုရောဂါအထူးကုဆရာဝန်နဲ့ ကျောက်ကပ်သမားတော်နဲ့တွဲဖက်ပြီး ကုသမှုပေးရပါတယ်။ ဆီးချိုသမားတွေမှာ ကျောက်ကပ်ထိရင် နှလုံးသွေးကြောပိတ်ဖို့ အခွင့်အလမ်းက အရမ်းများပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ရင် နှလုံးသွေးကြောပိတ်နိုင်တာကြောင့် အဲဒါကိုလည်း အထူးဂရုစိုက် ကုသမှုပေးရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top