Healthy Life Ad
Life Style

စိတ်ဓာတ်ကျနေသူကိုမပြောသင့်သည့် စကားခုနစ်ခွန်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်မိတ်ဆွေသူငယ်ချင်း စိတ်ဓာတ်ကျနေတဲ့အခါ ရေနစ်သူကို ဝါးကူထိုးတဲ့ စကားတွေပြောမိရင် သူ့စိတ်ကျဝေဒနာ ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့ သင့်သူငယ်ချင်း စိတ်ခံစားမှု ပြန်လည်ကောင်းမွန်လာစေချင်ရင် ရှောင်ကြဉ်သင့်တဲ့ စကားတွေရှိပါတယ်။

(၁) တခြားသူတွေက မင်းထက်ပိုဆိုးပါတယ်ကွာ
အဲဒီလို ပြောမယ့်အစား “မင်းအခက်အခဲအတွက် ငါဘာကူညီနိုင်မလဲ”ဆိုတာက ပိုထိရောက်ပါတယ်။

(၂) စိတ်မပူနဲ့၊ မင်းကျော်ဖြတ်နိုင်လိမ့်မယ်
စိတ်ဓာတ်ကျနေချိန်မှာ ဘယ်သူမှ ပြန်ကောင်းသွားလိမ့်မယ်လို့ ထင်မှာမဟုတ်ပါဘူး။ ဒီစကားအစား “မင်းဘေးမှာ ငါရှိနေမယ်”လို့ အားပေးပါ။

(၃) စိတ်ဓာတ်ကျတာကို ရင်ဆိုင်လိုက်စမ်း
စိတ်ဓာတ်ကျပြီဆိုရင် အလွယ်တကူ ရင်ဆိုင်နိုင်ဖို့ မလွယ်ပါဘူး။ အဲဒီလို အားပေးမယ့်အစား”ငါနဲ့အတူ အလုပ်တွေလုပ်ရအောင်” ဆိုပြီး ဝေဒနာမေ့နိုင်မယ့်နည်းကို အားပေးပါ။

(၄) လေ့ကျင့်ခန်း လုပ်ကြည့်ပါလား
လေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားမှု သိသိသာသာကောင်းလာစေမှာ အမှန်ဖြစ်ပေမယ့် စိတ်ဓာတ်ကျနေချိန်မှာ မတ်တတ်တောင် မရပ်ချင်ကြပါဘူး။ အဲဒီအစား “ငါနဲ့ အပြင်ထွက် လေညင်းခံရအောင်” ဆိုပြီး လမ်းလျှောက်ခိုင်းလိုက်ပါ။

(၅) မင်းတကယ် တကိုယ်ကောင်းဆန်တာပဲ
စိတ်ဓာတ်ကျနေသူက တစ်ယောက်ယောက် အလေးထားစေချင်လို့ ငိုပြနေတာမဟုတ်ပါဘူး။ ဒါကြောင့် ဒီစကားပြောမယ့်အစား “မင်းဘာကြောင့် စိတ်ဓာတ်ကျတယ်ဆိုတာ ငါနားလည်ပါတယ်၊ မင်းလုပ်နိုင်တာ တွေရှိတယ်ဆိုတာ ငါသိတယ်”ဆိုပြီး အားပေးတိုက်တွန်းပါ။

(၆) တစ်လောကလုံး မင်းတစ်ယောက်တည်း စိတ်ဓာတ်ကျနေတာပဲ . .
စိတ်ဓာတ်ကျတယ်ဆိုတာ ဖြစ်ချင်လို့ ဖြစ်တာမဟုတ်ပါဘူး။ အဲဒီလို စိတ်ဓာတ်ကျနေချိန်မှာ အကူအညီမဲ့တဲ့ ခံစားချက် ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း ဖြစ်နေတယ်ဆိုတာမျိုး ပြောမယ့်အစား “မင်း ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ၊ ငါ ကူညီနိုင်တာရှိရင် ကူညီဖို့ အသင့်ပဲ”လို့ ပြောပါ။

(၇) အရက်သောက်လိုက်
ဒါက အဆိုးဆုံး အကြံပါ။ စိတ်ဓာတ်ကျနေသူအတွက် အရက်က မကူညီနိုင်ဘဲ အရက်ကြောင့် ပိုဆိုးရွားတဲ့ နေ့ရက်တွေကို ရင်ဆိုင်ရနိုင်ခြေများပါတယ်။ အဲဒီအစား “မင်း အခု ဘာလုပ်ချင်လဲ၊ ကောင်းတာဆိုရင် ငါအဖော်ပြုပေးမယ်”ဆိုပြီး ပြောပါ။ ဥပမာ ဘုရားသွားချင်တယ်ဆိုရင် လိုက်ပို့ပေးပါ။

Most Popular

Healthy Life Ad
To Top