Healthy Life Ad
Life Style

ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတွဲဖြစ်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

‘ဆီးချိုရောဂါအတွက် ဆီးချိုဆေးကို မှန်မှန်သောက်ဖို့ လိုအပ်ပါတယ်။ သွေးတိုးရောဂါအတွက်လည်း သွေးတိုးကျဆေးကို မှန်မှန်သောက်ဖို့ အရေးကြီးပါတယ်။ ကူးစက်ရောဂါမဟုတ်တဲ့ အဲဒီရောဂါ နှစ်ခုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံနဲ့ ထိန်းလို့ရပါတယ် . . .’

မေး။ ။ ဆီးချိုရောဂါရှိသူတွေမှာ သွေးတိုးရောဂါဖြစ်နိုင်ခြေ ရှိပါသလား ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါရှိသူတွေမှာ သွေးတိုရောဂါဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါနဲ့သွေးတိုးရောဂါက အမြဲတွဲပါ တယ်။ ဆီးချိုရယ်၊ သွေးတိုးရယ်၊ နှလုံးရောဂါရယ်၊ လေဖြတ်တာရယ်၊ အဆီများတာရယ် ဒီငါးမျိုးက အ မြဲတမ်းတွဲနေတတ်ပါတယ်။ ဆီးချိုနဲ့သွေးတိုးက အစကတည်းက တွဲနေတာမျိုးရှိတဲ့အပြင် ဆီးချိုရောဂါက ကျောက်ကပ်ကိုထိခိုက်တတ်ပါတယ်။ ကျောက်ကပ်မကောင်းတဲ့အခါမှာ သွေးတိုးရောဂါဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ဆီးချိုနဲ့သွေးတိုးက ပိုပြီးတော့ တွဲဖြစ်ဖို့ များပါတယ်။

မေး။ ။ ဆီးချိုရောဂါရှိသူတွေမှာသွေးတိုးရောဂါ ဖြစ်နိုင်ခြေ ဘယ်လောက်များပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါရှိသူမှာ သွေးတိုးရောဂါဖြစ်နှုန်း ဘယ်လောက်များသလဲဆိုရင် ၃၀ ကနေ ၅၀ ရာခိုင်နှုန်းထိ ရှိပါတယ်။ ဆီးချိုရောဂါကို ကောင်းကောင်းထိန်းနိုင်ရင် သွေးတိုးရောဂါ ကာကွယ်နိုင်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဆီးချိုကိုနိုင်အောင် မထိန်းရင်တော့ ကျောက်ကပ်ထိခိုက်မယ်။ ကျောက်ကပ်ထိရင်တော့ သွေးတိုးက ဖြစ်လာနိုင်ပါတယ်။ ဆီးချိုကိုထိန်းထားနိုင်ရုံနဲ့ သွေးတိုးကို ကာကွယ်နိုင်တာတော့ မဟုတ်ပါဘူး။ သွေးတိုးကလည်း မိဘမျိုးရိုးကြောင့်ဖြစ်တတ်တဲ့ ရောဂါပဲဖြစ်တဲ့အတွက် သူ့ဘာသာဖြစ်စေတတ်ပါတယ်။ ဆီးချိုကလည်း မိဘမျိုးရိုးကြောင့်ရော ဘဝနေထိုင်စားသောက်မှုစရိုက်(Lifestyle)ကြောင့်ပါ ဖြစ်လာတာဖြစ်ပါတယ်။ ဆီးချိုကို ထိန်းထားနိုင် တဲ့အတွက် ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ သွေးတိုးရောဂါကိုတော့ ကာကွယ်နိုင်ပါတယ်။ သွေးတိုးရောဂါသည် ၁၀ဝ မှာ ၅၉ ရာခိုင်နှုန်းက မျိုးရိုးကြောင့်ဖြစ်တာဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်ရင်တော့ အဲဒီ နှစ်ခုက ယှဉ်တွဲပြီးဖြစ်တတ်ပေမယ့် ကာကွယ်လို့တော့ မရနိုင်ပါဘူး။

မေး။ ။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတွဲဖြစ်တာကြောင့် နောက်ဆက်တွဲ ဘယ်လိုရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေ ရှိပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါကိုယ်တိုင်က ထိန်းချုပ်မှု မကောင်းရင် လေဖြတ်နိုင်ခြေ အရမ်းများပါတယ်။ သွေးတိုး ရောဂါကလည်း လေဖြတ်ဖို့ အခွင့်အလမ်းများပါတယ်။ ဆီးချိုကလည်း ထိန်းချုပ်မှုမကောင်းရင် နှလုံးကိုထိတယ်၊ သွေးတိုးကလည်း ကောင်းကောင်း မထိန်းနိုင်ရင် နှလုံးကိုထိတယ်။ အဲဒါကြောင့် ဒီရော ဂါနှစ်ခုတွဲနေရင် လေဖြတ်ဖို့လည်း အရမ်းလွယ်သလို၊ နှလုံးရောဂါကိုလည်း ပိုပြီးဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်ကိုလည်း ပိုပြီးပျက်စီးစေပါတယ်။ မျက်လုံးကိုလည်းထိပါတယ်။ ရောဂါတစ်ခုချင်းကိုယ်တိုင်က အဲဒီအချက်လေးချက်ကို ဖြစ်စေနိုင်တဲ့အတွက် ရောဂါနှစ်ခုပေါင်းလိုက်ရင် ပိုပြီးတော့ဖြစ်ဖို့ လွယ်လာပါတယ်။ ဒါကြောင့် ဒီရောဂါ နှစ်ခုကြောင့် လေမဖြတ်အောင်၊ မျက်စိမထိအောင်၊ နှလုံးနဲ့ ကျောက်ကပ်မထိအောင် အထူးဂရုပြုကာကွယ်ထားဖို့ လိုပါတယ်။

မေး။ ။ ဆီးချိုရောဂါနဲ့သွေးတိုးရောဂါတွဲဖြစ်ရင် နောက်ဆက်တွဲ ပြဿနာတွေ မဝင်အောင် ဘယ်လိုကုသမှု ခံယူရပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါအတွက် ဆီးချိုဆေးကို မှန်မှန်သောက်ဖို့ လိုအပ်ပါတယ်။ သွေးတိုးရောဂါအတွက်လည်း သွေးတိုးကျဆေးကို မှန်မှန်သောက်ဖို့ အရေးကြီးပါတယ်။ ကူးစက်ရောဂါမဟုတ်တဲ့ အဲဒီရောဂါနှစ်ခုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံနဲ့ ထိန်းလို့ရပါတယ်။ အချိုများလွန်းတာ၊ အဆီအအိမ့် များလွန်းတာ၊ အငန်များလွန်းတာတွေကို ရှောင်ရပါမယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့လည်း လိုအပ်ပါတယ်။ Lifestyle က အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ရေ များများသောက်ပါ။ အသီးအရွက် များများစားပါ။ တက်ကြွတဲ့လူနေမှုပုံစံဖြစ်အောင် နေပါ။ စိတ်ဖိစီးမှုက ရောဂါနှစ်ခုလုံးကို ပိုဆိုးရွားစေတဲ့အတွက် စိတ် ဖိစီးမှုကိုလျှော့ချပေးဖို့ လိုပါတယ်။

မေး။ ။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါ နှစ်မျိုးစလုံး ဖြစ်တဲ့အခါ အသက်အန္တရာယ် စိုးရိမ်ရပါသလား ဆရာ။
ဖြေ။ ။ ဒီရောဂါနှစ်ခုလုံးတွဲဖြစ်နေရင် အသက်အန္တရာယ် လည်းရှိနိုင်ပါတယ်၊ လေဖြတ်သွားနိုင်ပါတယ်၊ နှလုံးသွေးကြောပိတ်သွားနိုင်ပါတယ်။ ကျောက်ကပ်လည်း ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါနှစ်ခု ရှိ တဲ့သူတွေ လိုက်နာဖို့ ABCDE ဆိုတဲ့အချက်လေး တွေကို ချမှတ်ထားပါတယ်။

A for Asprin/ Advice – အက်စ်ပရင်ဆေး သောက်ပါ ဒါမှမဟုတ် ဆရာဝန်ရဲ့ အကြံဉာဏ်ကို ရယူပါ။

B for Blood Pressure – သွေးဖိအားကို ၁၄၀/၉၀ mmHg အောက် ထိန်းရပါမယ်။

C for Cholesterol – သွေးတွင်း ကိုလက်စထရောကို စစ်ဆေးရပါမယ်။

HDL က ၅၀ အောက် ရှိရပါမယ်။

LDL က ၁၀ဝ အောက် ရှိရပါမယ်။

TG (Trygliceride) က ၁၅၀ အောက် ရှိရပါမယ်။

Total Cholesterol က ၂၀ဝ အောက်ရှိရပါမယ်။

D for Diabetes – သွေးတွင်း သကြားဓာတ်ကိုလည်း ပုံမှန်အတိုင်းအတာအတွင်း ရှိနေအောင် စစ်ဆေးထိန်းသိမ်းရပါမယ်။

E for Exercise – လေ့ကျင့်ခန်းကိုလည်း ပုံမှန် လုပ်ဆောင်ရပါမယ်။

နောက်ထပ် သိသင့်တာက ဆီးချိုသမားတွေက သွေးကြောတွေကျဉ်းသွားပါတယ်။ သွေးကြောတွေ ကျဉ်းသွားတဲ့အတွက် ဦးနှောက်နဲ့ နှလုံးကို သွေးှည့်ပတ်မှုကနည်းသွားပါတယ်။ အဲဒီအတွက် လေဖြတ်ဖို့ အခွင့်အလမ်းများတာကို သတိပြုရပါမယ်။

မေး။ ။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတွဲဖြစ်နေရင် ဘယ်လို အစားအသောက်တွေကို ရှောင်ဖို့ လိုအပ်ပါသလဲ ဆရာ။
ဖြေ။ ။ အစားအသောက်၊ အနေအထိုင်အတွက်ကတော့ ချိုလွန်း၊ ငံလွန်း၊ အဆီအအိမ့်များလွန်းတာ ရှောင်ပါ။ အသီးအရွက်၊ ငါးအစရှိတာတွေစားပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
ဆေးက သောက်ရတာများပါတယ်။ ဆီးချိုသမားသွေးတိုးရင် အနည်းဆုံး ဆေး နှစ်မျိုး-သုံးမျိုး သုံးရပါတယ်။ ဆီးချိုသမား နှလုံးရောဂါဖြစ်ရင် သွေးကြောက တစ်နေရာလေးပဲ ပိတ်တာ မဟုတ်ဘဲနဲ့ ပြင်လိုက်ကြီးကျဉ်းလာပြီး ပိတ်တတ်ပါတယ်။ ဆီးချိုသမား နှလုံးသွေးကြောကျဉ်းလို့ Stent ထည့်ရင် ဆရာဝန်တွေက ဆီးချိုကိုနိုင်အောင်ထိန်းဖို့ ပြောရပါတယ်။ အက်စပရင်ဆေးကို မှန်မှန်သောက်ဖို့ ပြော ရပါတယ်။ ချဲ့လိုက်တဲ့ စတန့်က ပြန်ပိတ်သွားနိုင်လို့ပါ။

မေး။ ။ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါ နှစ်မျိုးစလုံး တွဲ ဖြစ်တဲ့အခါ ဆေးကုသမှုအပိုင်းမှာ အခက်အခဲတွေ ဖြစ်နိုင်ပါသလား ဆရာ။
ဖြေ။ ။အဲဒီလူတွေကဆေးကုရတာခက်ပါတယ်။ ဆီးချို သမားက သွေးတိုးနေရင် အနည်းဆုံး နှစ်မျိုး- သုံး မျိုး ပေါင်းကုရပါတယ်။ ဆီးချိုကလည်း ကျဖို့သိပ်မ လွယ်ပါဘူး။ အဲဒီဆေးအပြင် အက်စပရင်ဆေးလည်း ထည့်ရပါတယ်။ နောက် ကိုလက်စထရော ကျစေတဲ့ ဆေးတွေလည်း ပေးရပါတယ်။ အကောင်းဆုံးက တော့ မဖြစ်သေးခင်ကာကွယ်ပါ။ အဖေနဲ့အမေမှာ ဆီးချိုနဲ့ သွေးတိုးရောဂါ မျိုးရိုးရှိတယ်။ ဒါပေမဲ့ ကိုယ် က အသက်ငယ်သေးလို့ မဖြစ်သေးဘူးဆိုရင် အဲဒီ လူတွေကပိုမိုသတိထားပြီးနေသင့်ပါတယ်။ ကျန်းမာ တဲ့ နေထိုင်မှု ပုံစံနဲ့အမြဲနေဖို့လိုပါတယ်။ တစ်နေ့ နာရီဝက်၊ တစ်ပတ်ငါးရက်လောက် လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ရင် နည်းနည်း ရင်တုန်ရမယ်၊ ချွေးထွက်အောင်လုပ်ပေးဖို့လိုပါတယ်။ ကာကွယ်နေရင်း ဖြစ်သွားခဲ့ရင်လည်း သတ်မှတ်ထား တဲ့ အတိုင်းအတာအတိုင်း ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါကိုနိုင်အောင် ထိန်းပေးဖို့လိုပါတယ်။

မေး။ ။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိသူတွေမှာ အရက်ကြောင့် ဘယ်လို ထိခိုက်မှုတွေ ဖြစ်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အရက်က သွေးတိုးရောဂါကို ဒုက္ခပေးပါတယ်။ နိုင်ငံခြားက အေးတဲ့အတွက် အရက်မသောက်နဲ့လို့ ပြောလို့မရပါဘူး။ သူတို့ဆီမှာ အရက်မသောက်နဲ့လို့ ပြောလို့မရတဲ့အတွက် ဆေးလိပ်မသောက်ရလို့ပြော ပေမယ့် အရက်မသောက်ရလို့ မပြောပါဘူး။ အရက်ကို အလွန်အကျွံမသောက်ရ၊ အန္တရာယ်မရှိအောင် သောက်ပါလို့ ပြောထားပါတယ်။ မသောက်တတ်တဲ့ သူကိုတော့ စမ်းမသောက်နဲ့လို့ပဲ ပြောချင်ပါတယ်။ သောက်တတ်တဲ့သူကိုတော့ အန္တရာယ်မရှိအောင် သောက်ပါလို့ ပြောလိုပါတယ်။ ယောကျာ်းလေးဆိုရင် ၃ယူနစ်၊ မိန်းမဆို ၂ ယူနစ် တစ်ရက်အတွက် သောက်နိုင်ပါတယ်။ ၁ ယူနစ်ဆိုတာကတော့အရက် ၁ ပက်၊ ဝိုင် တစ်ခွက်နဲ့ ညီမျှပါတယ်။ ဝိုင်အနီကို ၁ ပက်၊ ၂ပက်လောက်သောက်ရင် သွေးကြောတွေ ကျယ်လာပါတယ်။
ပြီးတော့ အခွံမာတဲ့ အသီးရယ်၊ သံလွယ်ဆီရယ်၊ ငါးရယ်၊ အရွက်သုပ်ရယ် စားတဲ့သူတွေက အသက်ပိုရှည်တာကို တွေ့ရပါတယ်။ နောက်ပိုင်း အညိုရောင်နဲ့ အမည်းရောင် ချောကလက် အနည်း ငယ်စားရင် သွေးကြောကျယ်စေတယ်၊ ကောင်းတယ် လို့ဆိုပါတယ်။ ကယ်လိုရီများတဲ့အတွက် ပမာဏ အနည်းငယ်ထက် ပိုစားလို့တော့ မကောင်းပါဘူး။ ဆေးလိပ်က သွေးကြောကို ကျဉ်းစေပါတယ်။ ဆီးချို သွေးချိုရောဂါနဲ့ နှလုံးသမားတွေက သွေးကြောကျဉ်းတတ်တဲ့အတွက် ဆေးလိပ်သောက်ရင် အရမ်းအန္တရာယ် များပါတယ်။ အရက်က သတ်မှတ်ထားသလောက် သောက်ရင် သွေးကြောကျယ်တယ်ဆိုပေမယ့် ပိုများ သွားခဲ့ရင်တော့ပြောင်းပြန်ပြန်ဖြစ်သွားပါတယ်။ သွေးကြောတွေပြန်ကျဉ်းသွားပါတယ်။ အသည်းကိုလည်း ထိလာနိုင်ပါတယ်။ ပိုပြီး သွေးတိုးစေပါတယ်။ အရက်က ကယ်လိုရီတစ်မျိုးပဲဖြစ်ပါတယ်။ တချို့လူတွေက ထမင်းမစားဘဲ အရက်ပဲသောက်တယ်ဆိုပေမယ့် ကယ်လိုရီက တက်နေတတ်ပါတယ်။ အရက်က သွေးတိုးရောဂါနဲ့ ပိုပြီး မတည့်ပါဘူး။

မေး။ ။ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါအကြောင်း အများပြည်သူကို ပညာပေးလိုတဲ့ အချက်တွေရှိရင် ပြောပြပေးပါ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါနဲ့သွေးတိုးရောဂါ နှစ်ခုတွဲဖြစ်နေသူတွေက ဆေးအများကြီးသောက်ရတဲ့အတွက် ညည်းညူတတ်ကြပါတယ်။ ဆီးချိုရောဂါကိုယ်တိုင်ကလည်း ဆေးက ၂ မျိုး- ၃မျိုး လောက် သောက်ရတယ်၊ သွေးတိုးရောဂါကလည်း ဆေးက ၂ မျိုး- ၃မျိုးလောက်သောက်ရတယ်၊ နောက်ပြီး လေမဖြတ်အောင် ကာကွယ်တဲ့ဆေးလည်း သောက်ရတယ်။ ကယ်လိုရီကျဆေးလည်း သောက်ရတယ်။ ကြားထဲ အားနည်းနေရင် အားဆေးလည်း ပေးရပါတယ်။ အားလုံး ၁၀မျိုးလောက်ဖြစ်သွားတဲ့အခါမှာ ဆေးတွေကို မိမိသဘောနဲ့ဖြတ်ပစ်တတ်ကြပါတယ်။ အဲဒါတွေက ရောဂါကိုပိုဆိုးစေနိုင်ပါတယ်။ ဆီးချိုသမား ၁၀ဝမှာ ၇၀က နှလုံးသွေးကြောပိတ်ပြီး သေဆုံးကြတာပါ။ ၁၀ ရာခိုင်နှုန်းက ကျောက်ကပ်ကြောင့် သေဆုံးကြပါတယ်၊ ၁၀ ရာခိုင်နှုန်းက လေဖြတ်ပြီး သေကြပါတယ်၊ ၁၀ ရာခိုင်နှုန်းကသာ ဆီးချိုသွေးချိုရောဂါကြောင့် သေဆုံးတာဖြစ်ပါတယ်။ အဲဒါတွေကဆေးတွေ များတယ်ဆိုပြီး ဆေးတွေဖြတ်လိုက်တဲ့အတွက် ဖြစ်သွားတာပါ။ အများစုက ဆေးတွေသောက်တာများတဲ့အတွက် ကျောက်ကပ်ထိနိုင်တယ်လို့ထင်ပြီး ဖြတ်လိုက်တတ်ပါတယ်။ တကယ်တော့ ဆေးမသောက်ဘဲ ဆီးချိုသွေးချိုရောဂါကို မထိန်းနိုင်ခဲ့ရင်သာ ကျောက်ကပ်ကို ထိစေနိုင်တာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top