Healthy Life Ad
Child

အာဟာရချို့တဲ့မှုကြောင့် ဖြစ်တတ်သည့် သွားနှင့်ခံတွင်း ကျန်းမာရေး ပြဿနာများ

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အာဟာရဓာတ်ချို့တဲ့ရင် သွားနဲ့ခံတွင်းအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်တတ်ပါသလဲဆရာ။

ဖြေ. ခံတွင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းပဲလေ။ ဒီတော့ အာဟာရဓာတ်ချို့တဲ့တယ်ဆိုရင် ခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာ အကုန်လုံးက ချို့တဲ့လာတော့ ခံတွင်းပိုင်းမှာလည်း ထိခိုက်မှုတွေ ရှိလာပါတယ်။

(၁) ထုံးဓာတ်ချို့တဲ့ရင် သွားတွေမကောင်းဘူး၊ အရိုးတွေ ပျော့မယ်၊ ပွမယ်။

(၂) ဗီတာမင်စီ ချို့တဲ့ရင် သွားဖုံးတွေမကောင်းဘူး၊ သွားဖုံးကနေ သွေးတွေအလိုလိုနေရင်း ထွက်လာမယ်၊ ထိမိ၊ ခိုက်မိတာနဲ့ သွေးထွက်မယ် . . အဲဒီလိုတွေ ဖြစ်လာနိုင်ပါတယ်။

(၃) ဗီတာမင်ဒီ ချို့တဲ့ရင် အရိုးတွေ ပျော့သလိုပဲမေးရိုးတွေပျော့လာတယ်၊ သွားတွေလည်း ပျော့လာပါတယ်။

(၄) သွေးအားနည်းတယ်ဆိုရင် လျှာအရောင်ပြောင်းသွားတယ်၊ စဖြစ်ဖြစ်ချင်းဆိုရင် လျှာက အမဲသားတုံးလို နီရဲနေမယ်၊ သိပ်ဆိုးလာပြီဆိုရင် လျှာကဖြူဖွေးနေမယ်၊ နှုတ်ခမ်းတွေကလည်း ဖြူဖျော့နေမယ်။

(၅) ဗီတာမင်ဘီ ချို့တဲ့ရင် ခံတွင်းမတွေ့တာဖြစ်လာမယ်၊ နှုတ်ခမ်းထောင့်မှာ အနာလေးတွေ ဖြစ်လာမယ်၊ ပါးစပ်ထဲမှာ အနာတွေဖြစ်တယ် . . အဲဒါတွေ ဖြစ်လာပါတယ်။

ဗီတာမင်စီ ချို့တဲ့ရင် သွားဖုံးတွေမကောင်းဘူး၊ သွားဖုံးကနေ သွေးတွေအလိုလိုနေရင်း ထွက်လာမယ်၊ ထိမိ၊ ခိုက်မိတာနဲ့ သွေးထွက်မယ် . . အဲဒီလိုတွေ ဖြစ်လာနိုင်ပါတယ် . . .

မေး. သွားနဲ့ ခံတွင်းကျန်းမာရေးမကောင်းတာက ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဘယ်လိုဆက်စပ်မှုရှိပါသလဲ ဆရာ။

ဖြေ. ပါးစပ်က ခန္ဓာကိုယ်ရဲ့ ပြတင်းပေါက်လို့ တင်စားပြီး ပြောလေ့ရှိပါတယ်။ ဘာကြောင့် အဲဒီလို ပြောသလဲ ဆိုတော့ ခန္ဓာကိုယ်မှာဖြစ်တဲ့ ပြောင်းလဲမှုတွေက ပြတင်းပေါက်ဖြစ်တဲ့ ပါးစပ်မှာ အကုန်တွေ့ရတာပါပဲ။ ပါးစပ်ကို ဂရုစိုက်ရင်၊ ခံတွင်းကျန်းမာရင် တစ်ကိုယ်လုံး ကျန်းမာမှာပဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာလည်း ခံတွင်းမကောင်းတဲ့သူတွေမှာ ရောဂါပေါင်းစုံဖြစ်တာကိုတွေ့လာရပါတယ်။ ကင်ဆာဖြစ်တဲ့ သူတွေမှာ ပါးစပ်ထဲမှာ သွားတွေ မကောင်းတဲ့သူ၊ သွားဖုံးတွေ မကောင်းတဲ့သူ . . အဲဒီလိုလူတွေက ကင်ဆာပိုဖြစ်တာကို တွေ့ရပါတယ်။ အဲဒီလိုပဲ ပါးစပ်ထဲမှာ သွားတွေ၊ သွားဖုံးတွေမကောင်းဘူးဆိုရင် ဆီးချိုရောဂါကလည်း မနိုင်မနင်းဖြစ်တာ တွေ့ရတတ်ပါတယ်။

ခံတွင်းမကောင်းဘူး၊ သွားတွေ၊ သွားဖုံးတွေ မကောင်းဘူးဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေမှာ စောပြီး ကလေးမွေးဖွားတာ၊ လမစေ့ဘဲ မွေးဖွားတာတို့ကို တွေ့ရပါတယ်။ အဆုတ် မကောင်းတာတွေကလည်း ခံတွင်းမကောင်းတာနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရပါတယ်။ ပန်ကရိယကင်ဆာလို ကင်ဆာတချို့ကလည်း ခံတွင်းမကောင်းရင် ပိုဖြစ်တယ်ဆိုပြီး တွေ့လာရပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးက ခံတွင်းကို ပိုဂရုစိုက်လာကြသလို ဂရုစိုက်ကြဖို့ အသိပေးလာ ကြတာ ဖြစ်ပါတယ်။

မေး. ဒါဆို သွားနဲ့ခံတွင်း ကျန်းမာဖို့ရာအတွက် ဘယ်လိုအချက်တွေကို အဓိကထား လုပ်ဆောင်သင့်ပါသလဲ ဆရာ။

ဖြေ. သွားနဲ့ခံတွင်း ကျန်းမာဖို့ဆိုရင် ကြိုတင်ကာကွယ်တဲ့နည်းကို အဓိကထားလုပ်ဆောင်သင့်ပါတယ်။ ဒါပေမဲ့ လူအများစုက ကြိုတင်ကာကွယ်တဲ့နည်းကို ပုံမှန်မလုပ်ဖြစ်ကြဘူး ဖြစ်သွားပါတယ်။ အဲဒီနည်းလမ်းတွေက ကွမ်း၊ အရက်နဲ့ ဆေးလိပ်ကင်းတဲ့ခံတွင်းဖြစ်ပြီး သန့်ရှင်းမှုမရှိတဲ့ အစားအသောက်တွေကို ခံတွင်းထဲ မထည့်ရပါဘူး။ အာဟာရပြည့်ပြည့်ဝ၀ စားပေးရပါမယ်။ အစားအသောက်စားပြီးတိုင်း ပလုတ်ကျင်းပေးရမယ်။ ခံတွင်းထဲမှာ သွားဂျိုးတွေ၊ ကျောက်တွေကင်းပြီး သန့်စင်နေရမယ်။ သွားမှန်မှန်တိုက်ရပါမယ်။

Most Popular

Healthy Life Ad
To Top